Banana Cheese Cake

by Chef စောဆာမူလား for Food Magazine

Banana Cheese Cake ဆိုတာ Banana Cake သားကို အလွှာ (Layer) များ ဖြတ်ကာ အလွှာကြားမှာ Cream Cheese Icing ကို ထည့်ပြီး အပြင်မျက်နှာပြင်တစ်ခုလုံး ကိုလည်း Cream Cheese Icing  နဲ့ပဲ ဖုံးထားပါ။ အရင်ဆုံး Banana Cake သားကို လုပ်ရပါတယ်။ ကိတ်သားထဲမှာ မိမိကြိုက်နှစ်သက်မယ်ဆိုရင် သစ်ကြားသီး၊ စပျစ်သီးခြောက်နဲ့ Chaddar Cheese အမှုန့်တွေထည့်လည်း ရပါတယ်။ သစ်ကြံပိုးခေါက်အမှုန့် (Cinnamon) ကိုတော့ အရောင်ရဖို့နဲ့ အနံ့အတွက် ထည့်သုံးထားတာ ဖြစ်ပါတယ်။ မိမိမကြိုက်နှစ်သက်ဘူးဆိုရင် မထည့်လည်းရပါတယ်။ ငှက်ပျောသီးအနံ့ (Banana Essence) မရှိလို့ မထည့်ရင်လည်း ရပါတယ်။ မိမိနှစ်သက်ရာ ငှက်ပျောသီး (သို့) ရှိတဲ့ ငှက်ပျောသီး သုံးလို့ရပါတယ်။ အများအားဖြင့် သီးမွှေးက ပိုပြီးအနံ့အရသာရှိပါတယ်။ ငှက်ပျောသီးက ပိုမှည့်ပျော်ပြီး မည်းနေ၊ ပျော့နေရင် ပိုကောင်းပါတယ်။ အဲဒါမှ ငှက်ပျောသီးကိတ်ကို အရောင်မည်းမည်းလေးရမှာပါ။ အချို့ မမှည့်မပျော်တဲ့ ငှက်ပျောသီးကို သုံးရင် ကိတ်အရောင်က အမည်းဘက်မသန်းဘဲ အရောင်ဖျော့ပါတယ်။ ဒါဆိုရင် သကြားနေရာမှာ သကြားအညို (Brown Sugur) သုံးလို့ရပါတယ်။ သကာရည် (Molasses) အနည်းငယ် ထည့်သုံးရင်လည်း ကိတ်ကို အမည်းရောင်ပြောင်းစေပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်ကိုလည်း အရောင်အတွက် အသုံးပြုပါတယ်။

Cream Cheese Icing ကိုတော့ Cream Cheese ချည်းပဲ သုံးလို့ရပါတယ်။ ဒါပေမဲ့ တစ်ရက်ကျော်ရင် ကိတ်အပေါ်မှာ သုတ်ထားတဲ့ Cream Cheese တွေ ကွဲတတ်လို့ ထောပတ် အနည်းငယ်ထည့်ခြင်း ဖြစ်ပါတယ်။ သကြားမှုန့်ကိုတော့ အချိုနှစ်သက်သလို  အတိုးအလျှော့လုပ်လို့ရပါတယ်။

Banana Cake အတွက် ပါဝင်ပစ္စည်းများ

ငှက်ပျောသီး –  ၂ဝဝ ဂရမ်

သကြား –  ၇၀ ဂရမ်

ကြက်ဥ –  ၃ လုံး

ကိတ်ဂျုံ –  ၁၄၀ ဂရမ်

ဘေကင်ပေါင်ဒါ –  ၇ ဂရမ်

ဘေကင်ဆော်ဒါ –  ၃ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဟင်းသီးဟင်းရွက်ဆီ –  ၁ဝဝ ဂရမ်

ငှက်ပျောသီးအနံ့ (Essence) –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သစ်ကြံပိုးခေါက်အမှုန့် –           လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        သကြား၊ ဆားနှင့် ငှက်ပျောသီးတို့ကို ကြေအောင် ရိုက်ပါ။ ငှက်ပျောသီးကြေလျှင် ကြက်ဥကို တစ်လုံးချင်း ဖြည်းဖြည်းထည့်ပြီး သကြားကြေသည်အထိ ရိုက်ပါ။

၂။         ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆော်ဒါနှင့် သစ်ကြံပိုးခေါက်အမှုန့်တို့ကို ရော၍ ဆန်ခါ ချပြီး အမှတ်စဉ် (၁) နှင့် ရောမွှေပါ။

၃။        ဆီနှင့် ငှက်ပျောသီးအနံ့ ရောမွှေပါ။ ဆီများ အနှံ့မွှေပြီးလျှင် ၆ လက်မကိတ်ကွင်းထဲ ထည့်၍ အပေါ်အောက် မီးအပူချိန် 170˚C ဖြင့် ၁ နာရီခန့် ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို ကိတ်အလယ်ကို တုတ်ဖြင့် ထိုးကြည့်ပြီး တုတ်ခြောက်နေလျှင် ကျက်ပါပြီ။ မခြောက်သေးလျှင် အနည်းငယ်အချိန်ထပ်တိုး၍ ခြောက်သည်အထိ ဖုတ်ပါ။ ကိတ်ကျက်လျှင် မီးဖိုထဲမှ ထုတ်ပြီး အအေးခံပါ။

Cream Cheese Icing အတွက် ပါဝင်ပစ္စည်းများ

Cream Cheese –  ၂ဝဝ ဂရမ်

ထောပတ် –  ၅၀ ဂရမ်

သကြားအမှုန့် –  ၅၀ ဂရမ်

ပြုလုပ်နည်း

Cream Cheese, ထောပတ်နှင့် သကြားအမှုန့်တို့ကို ရော၍ ဖြူပွလာအောင် စက်ဖြင့် ရိုက်ပါ။ လိုအပ်တာထက် ပို၍မရိုက်ပါနှင့်။ အရည်ဖြစ်သွားနိုင်လို့ပါ။

Layer ပြုလုပ်နည်း

၁။        ငှက်ပျောသီးကိတ်အပေါ် အရေခွံကို မျက်နှာပြင် တစ်ပြေးညီတည်းဖြစ်အောင် ဓားနှင့် လှီးပါ။ ကိတ်ကို ၂ လွှာဖြစ်အောင် လှီးပါ။

၂။         ပထမအလွှာကို Cream Cheese Icing သုတ်ပါ။ Cream Cheese Icing အပေါ်မှာ ဒုတိယကိတ်အလွှာကို တင်ပါ။ ကိတ်အပေါ် မျက်နှာပြင်အားလုံးကို Cream Cheese Icing ဖြင့် ဖုံးပါ။ ခရင်မ်အပေါ်မှာ လိုချင်တဲ့ဒီဇိုင်းကို ကိတ်အလှဆင် ဓားဖြင့် ဖော်ပေး လို့ ရပါတယ်။ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် သိမ်းထားပြီး အရသာရှိစွာ ဖြတ်စားလို့ ရပါတယ်။

Facebook Comments