Batard Bread

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် – ၂ နာရီ ၄၅ မိနစ်၊ အရေအတွက် – ၃ လုံး

          Batard Bread က  ပြင်သစ်ပေါင်မုန့် အမျိုးအစားဖြစ်ပါတယ်။ France Baguette က ရှည်ပြီး Batard က အတို (Loaf) ဖြစ်ပါတယ်။ မုန့်သားက အရေခွံကြွပ်ပြီး အတွင်းသားက ပျော့ပျောင်းပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ပေါင်မုန့်၊ ဂျုံ၊ ရေ၊ ဆားနှင့် ပွဆေးတို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့ တကယ်လည်း အရသာရှိပါတယ်။

Sour Dough (အချဉ်ဖောက်) မုန့်သားအတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ ဂရမ်

ရေ  –  ၆၀ ဂရမ်

Yeast (ပွဆေး)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

          ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ပြီး ရောမွှေပါ။ ဇလုံအပေါ်မှာ ပလတ်စတစ် အုပ်၍ အပြင် (သို့) ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး နောက်နေ့ (သို့) အနည်းဆုံး ၅ နာရီကြာ ကြိုလုပ်၍ အသုံးပြုနိုင်ပါတယ်။

Batard Bread အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

ရေ  –  ၃၃၀ ဂရမ်

Yeast (ပွဆေး)  –  ၅ ဂရမ်

ဆား  –  ၁၀ ဂရမ်

Sour Dough  –  အချဉ်ဖောက်မုန့်သား

ပြုလုပ်နည်း

၁။       ရေ၊ Yeast (ပွဆေး)၊ ပေါင်မုန့်ဂျုံနှင့် Sour Dough တို့ကို ရောမွှေပါ။ ၁ မိနစ်ကြာလျှင် ဆားထည့်ပြီး မွှေပါ။ ပေါင်မုန့်ဂျုံသားကို နယ်ပြီး တော်မတော် စစ်ဆေးလိုလျှင် ဂျုံသားကို အနည်းငယ်ယူ၍ လက်ဖြင့်ဖိဆွဲပြီး ပလတ်စတစ်လို ပါးပါးလေးကျန်အောင် ဖြည်းဖြည်း ဆွဲကြည့်ပါ။ ဂျုံသားမပြဲထွက်၊ မပြတ်ထွက်လျှင် မုန့်နယ်လို့ တော်ပါပြီ။ ပြဲထွက်၊ ပြတ်ထွက်လျှင် ဆက်၍နယ်ပါ။

၂။       ဂျုံသားနယ်လို့ရပြီဆိုလျှင် ဂျုံကိုလုံးပြီး ဇလုံထဲထည့်ပါ။ အပေါ်မှာ ပလတ်စတစ်ဖြင့် ဂျုံသားမျက်နှာပြင်မခြောက်အောင် ဖုံးထားပါ။ မိနစ် ၃၀ ကျော်ကြာလျှင် ဂျုံသားက နဂိုမူလထက် တစ်ဆနီးပါး ပိုကြီးလာပါမယ်။ ဂျုံသားကို လက်ဖြင့်ရိုက်ပြား၍ လေထုတ်ပြီး ပြန်လုံးကာ ဒုတိယအကြိမ် ထပ်မံ၍ ယခင်အတိုင်း အနားပေးပြီး အပွခံထားပါ။

၃။       ဒုတိယအကြိမ် အနားပေးပြီး ဂျုံသားတစ်လုံးကို ၃၀ဝ ဂရမ်စီ ဖြတ်ချိန်ပါ။ ချိန်ပြီးသောအခါ ဂျုံသားတစ်လုံးစီကို ပြားပြီး အရှည်ဖြစ်အောင်လှိမ့်ပါ။ မုန့်ဖုတ်ဗန်းထဲထည့်၍ မိနစ် ၃၀ ခန့် အပွခံပါ။ ပြီးလျှင် ပေါင်မုန့် ကို ရေဖျန်း၍ ဂျုံအနည်းငယ်ကို ဆန်ခါဖြင့် ပေါင်မုန့်ပေါ် ဖြူးပြီး ဓားဖြင့်လှီး၍ မွှန်းပါ။ ထပ်မံ၍ ၁၅ မိနစ်ခန့် (သို့) နဂိုမူလထက် တစ်ဆနီးပါးအထိ အပွခံပါ။ မီးအပူချိန် အပေါ်အောက် ၂၂၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။ မီးအပူချိန် ပြည့်လျှင် ပွနေသောပေါင်မုန့်ကို ထည့်၍ မိနစ် ၂၀ ခန့်ဖုတ်ပါ။ ရွှေဝါရောင်သန်း၍ ကြွပ်နေလျှင် ရပါပြီ။ အအေးခံ၍ အသားညှပ်အသီးအရွက်ဖြင့် စားနိုင်ပါတယ်။ ပေါင်မုန့် ပူပူနွေးနွေးကိုလည်း လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Facebook Comments