
by Chef Saw Sar Mular for Food Magazine
ပြုလုပ်ချိန် ၂ နာရီ ၁၀ မိနစ်၊ အရေအတွက် ၃ ခု
Viennese ပေါင်မုန့်က Austrian နိုင်ငံရဲ့ လူကြိုက်များတဲ့ Soft Bread အမျိုးအစားဖြစ်ပါတယ်။ ပေါင်မုန့်ထဲမှာ Chocolate Chip, Chocolate Rice လိုအပ်ရင် ထည့်လို့ ရပါတယ်။ မကြိုက်ရင် ဘာမှမထည့်ဘဲ plain လုပ်လို့လည်း ရပါတယ်။ အပေါ်မှာဖြတ်တဲ့ ဓားရာလေးတွေကိုတော့ ပေါင်မုန့် တစ်ဝက်အပွမှာ ဓားထက်ထက်သုံးပြီး ဖြတ်ပေးပါ။ Hot dog, French baguettes လိပ်သလို လုပ်လို့ ရပါတယ်။ မုန့်သားက နုတယ်၊ ချိုတယ်။ Slice ပြားလေးတွေဖြတ်ပြီး မီးကင်၍ မိမိနှစ်သက်ရာ အသား၊ ငါးနဲ့ အသီးအရွက်၊ ယိုများကို ထည့်ပြီး လုပ်စားလို့လည်း ရပါတယ်။
Starter Dough အတွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ – ၅၀ ဂရမ်
ရေ – ၆၀ ဂရမ်
Yeast (ပွဆေး) – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံး ရောမွှေ၍ အနည်းဆုံး ၅ နာရီကြာထားပြီးမှ အချဉ်ဖောက်ပြီး အသုံးပြုနိုင်ပါတယ်။ ရေခဲသေတ္တာထဲထည့်သိမ်းထားပြီး နေ့စဉ်လိုအပ်သလောက် ထုတ်ယူသုံးစွဲနိုင်ပါတယ်။
Viennese Bread အတွက် ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ – ၅၀ဝ ဂရမ်
သကြား – ၄၀ ဂရမ်
ဆား – ၁၀ ဂရမ်
နို့မှုန့် – ၂၅ ဂရမ်
ရေ – ၂၂၀ ဂရမ်
Starter Dough (အချဉ်ဖောက်မုန့်သား)
Yeast (ပွဆေး) – ၁၅ ဂရမ်
ထောပတ် – ၇၅ ဂရမ်
ကြက်ဥ – ၁ လုံး
Chocolate Chip – ၂၀ဝ ဂရမ်
ပြုလုပ်နည်း
၁။ ဆားနှင့် Chocolate Chip မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို စက်ထဲထည့်ပြီး ဖြည်းဖြည်းမွှေပါ။ ၁ မိနစ်ကြာလျှင် ဆားထည့်ပြီး Medium Speed ဖြင့် မွှေပါ။
၅ မိနစ်ခန့်ကြာလျှင် မုန့်သားကို နယ်ပြီး တော်မတော်စစ်ဆေးကြည့်ပါ။ ဂျုံသားကို ပလတ်စတစ်ကဲ့သို့ လက်နှင့် ဖြည်းဖြည်းဖိဆွဲပြီး မပြတ်၊ မပြဲတော့ဘူးဆိုလျှင် မုန့်သားနယ်လို့ တော်ပါပြီ။ ချောကလက်ချိစ်ကို ရောပြီး ၁ မိနစ်ခန့် ထပ်၍မွှေပါ။
၂။ ဂျုံသားကို လုံး၍ ဇလုံထဲထည့်ပြီး ပလတ်စတစ်ဖြင့် အုပ်ကာ မိနစ် ၃၀ ခန့် အနားပေးပြီး အပွခံထားပါ။ ပြီးလျှင် လက်ဖြင့် ဂျုံလုံးကို ရိုက်ပြား၍ လေထုတ်ပြီး ၁၉၀ ဂရမ်စီဖြတ်၍ ချိန်ပြီး တစ်လုံးစီ လုံးထားပါ။ မိနစ် ၃၀ ခန့်ကြာအောင် အနားလေးအပွခံ၍ ဂျုံတစ်လုံး ချင်းကို လက်ဖြင့်ရိုက်ပြားပြီး တစ်လိပ်ချင်း လိပ်၍ ၁၀ လက်မခန့် အရှည်လိပ်ပါ။
၃။ မီးအပူချိန် 200˚C တင်ထားပါ။ မိနစ် ၂၀ ခန့် အပွခံထားသော ပေါင်မုန့်ကို ကြက်ဥ သုတ်၍ ဓားထက်ထက်ဖြင့် ဂျုံသားအပေါ်ကို ဖြတ်ပြီး လက်တစ်လုံးအကွာ စောင်းစောင်းလေးဖြတ်၍ မွှန်းပါ။ နဂိုမူလထက် တစ်ဆနီးပါးကြီးလာလျှင် အဆင်သင့် မီးအပူချိန်ရှိသော မီးဖိုထဲထည့်ပြီး ၁၅ မိနစ်ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းလာလျှင် ရပါပြီ။ ပေါင်မုန့်ကို အအေးခံပြီး လက်ဖက်ရည်၊ ကော်ဖီတို့နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။