
ကြက်ကလယ်ချက်သည် မော်လမြိုင်ဘက်၌ ချက်လေ့ရှိသည့် ဒေသဟင်းလျာဖြစ်ပါသည်။ ကြက်သားကို ကရဝေးရွက်နှင့် ဆီသတ်ပြီး ငရုတ်သီး၊ ချင်း၊ ငရုတ်ကောင်း၊ မဆလာနိုင်နိုင်အပြင် ငရုတ်သီးခြောက်အရှည်တောင့်ကို မီးကင်ပြီး ထောင်းထားသည့် အကျက်မှုန့်ပါသုံး၍ ပူပူစပ်စပ်အရသာထွက်အောင် ချက်ထားသည့် ဟင်းတစ်မယ်ဖြစ်ပါသည်။ မော်လမြိုင်မြို့ရှိ မြန်မာထမင်းဆိုင်အချို့၌ ရောင်းချသည်ကို တွေ့နိုင်၏။
U San Lwin
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား (တိုင်းရင်းကြက်) – ၃၅ ကျပ်သား
ဆီ – ၁၀ ကျပ်သား
ငရုတ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ – ၃ လုံး
ကြက်သွန်ဖြူ – ၁ လုံး
ကရဝေးရွက် – ၃ ရွက်
ငရုတ်သီးခြောက်အရှည်တောင့် – ၆ တောင့်
မဆလာ – ၂ ထုပ်
ဆား – အနည်းငယ်
နနွင်းမှုန့် – အနည်းငယ်
ချင်း – လက်တစ်ဆစ်
ငရုတ်ကောင်း – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းနှင့် ငရုတ်သီးအစိမ်းမှုန့်တိုကို ဆုံတွင် ညက်ညက်ထောင်းထားပါ။ ကြက်သားကို ရေစင်စင်ဆေး၍ အနေတော်တုံးတစ်ကာ ဆား၊ နနွင်းမှုန့်၊ မဆလာတစ်ထုပ်အပြင် ထောင်းထားသည့် ငရုတ်ကြက်သွန်အရောကိုပါ ထည့်၍ အနှံ့နယ်ကာ အရသာသွင်းထားပါ။ ငရုတ်သီးခြောက်အရှည်တောင့်ကို မီးကင်ကာ အသင့်ထောင်းထားပါ။ အားလုံးပြီးပါက ဆီအိုးတည်ကာ ဆီကျက်ပါက ကရဝေးရွက်ထည့်၍ ဆီသတ်ပါ။ ကရဝေးရွက်များ အနံ့မွှေးလာပါက အရသာသွင်းထားသော ကြက်သားများထည့်ကာ အနှံ့မွှေပြီး အဖုံးပိတ်ချက်ပါ။ ဟင်းအိုးဆီပြန်လာပါက ဆုံဆေးရည်များ အသားမြှုပ်အောင်ထည့်ကာ ကြက်သားများ နူးအောင်ချက်ပါ။ ဟင်းအိုးဆီဆူသံပေးလာပါက ငရုတ်သီးအကျက်မှုန့်နှင့် ကျန်မဆလာတစ်ထုပ်ထည့်ကာ အနှံ့မွှေပြီး ဆီပြန်အောင်ချက် အပေါ့အငန်မြည်းကာ မီးဖိုမှချပါ။ မဆလာနံ့မွှေးမွှေး ဟင်းအနှစ်များများနှင့် ပူပူစပ်စပ် နီညိုရောင်ရင့်ရင့် ကြက်ကလယ်ချက် ရပါပြီ။