ကွေကာအုပ် ဆနွင်းမကင်း

by Sofia for Food Magazin

ဆနွင်းမကင်းဆိုရင် မည်သည့်အမျိုးအစားမဆို ကြိုက်နှစ်သက်တဲ့ ဆိုဖီယာ အတွက်  ဒီတခါတော့ ရွှေချီအလွယ်တကူမရနိုင်တဲ့နေရာ ဖြစ်နေတာကတစ်ကြောင်း၊ ကျန်းမာရေး အရ ဂျုံနဲ့ပတ်သက်တာလေးတွေ လျှော့စားဖို့လည်း လိုအပ်လာတာက တစ်ကြောင်းကြောင့် ဒီဆနွင်းမကင်းလေးကို လုပ်စားဖြစ်ခဲ့ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေး အတွက်လည်း အထူးသင့်လျော်တဲ့ ကွေကာဆနွင်းမကင်းလေးကို လုပ်စား ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကွေကာအုပ် –  ၂၅၀ ဂရမ်

ထန်းလျက်/သကြားညို –  ၂ဝဝ ဂရမ်

အုန်းနို့ –  ၄ဝဝ မီလီလီတာ

ရေ –  ၁၅၀ မီလီလီတာ

ဆား –  အနည်းငယ်

ဆီ –  ၅၀ ဂရမ်

ထောပတ် –  ၁ဝဝ ဂရမ်

ကြက်ဥ –  ၃ လုံး

ဘိန်းစေ့ –  ၁ ဇွန်း

ပြုလုပ်နည်း

၁။        ဦးစွာ အိုးထဲ ကွေကာအုပ်၊ ဆီ၊ ထောပတ်၊ အုန်းနို့၊ ကြက်ဥနှင့် ဆားတို့ကို ထည့်ပြီး သမအောင်

မွှေပါ။

၂။         ထန်းလျက်ဖြင့်ပြုလုပ်ပါက ထန်းလျက်ကို ရေဖြင့် ကျို၍ ဆန်ခါနှင့် စစ်ပြီး ထည့်ပါ။ သကြားညို အသုံးပြုပါက သကြားနှင့်ရေကို ထည့်ပြီး အားလုံးသမအောင် မွှေပါ။

၃။        ဘိန်းစေ့မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို ထည့်၍ သမအောင် မွှေပေးပြီးပါက မီးဖိုပေါ်မှာ အနေတော်မီးဖြင့် တည်ပြီး အဆက်မပြတ်မွှေပါ။

၄။        ဆူပွက်ပြီး လုံးထွေးလာပါက အသင့်ပြုလုပ်ထားတဲ့ ဗန်းထဲ ထည့်ပြီး မျက်နှာပြင်ကို ညီအောင် ညှိပေးပါ။ ပြီးလျှင် အပေါ်မျက်နှာပြင်ကို ဘိန်းစေ့ဖြူး၍ အပေါ်မီး ၂ဝဝ ဒီဂရီဖြင့် ၁၀ မိနစ်မှ

၁၅ မိနစ်ခန့်ဖုတ်ပြီး နီရောင်သန်းလာပါက ထုတ်ယူ၍ အအေးခံပြီး လိုသလို လှီးဖြတ်တည်ခင်း နိုင်ပါပြီ။

ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်းထုပ်

Facebook Comments