ချဉ်ပေါင်ဖူး

FD-19

      ချစ်စရာကောင်းသော ချဉ်ပေါင်ဖူးလေးများကို အရောင်အရင့်အနု ပုံစံအမျိုးမျိုးနှင့် မြင်ဖူးတွေ့ဖူးကြမှာပါ။ ဟင်းချက်၊ ယိုထိုးတာကလွဲလို့ ချဉ်ပေါင်ဖူးဖတ်များကို အခြောက်လှမ်းပြီး ရေနွေးကြမ်းလုပ်သောက် လို့ ရတယ်ဆိုတာလည်း သိပ်မသိကြပါဘူး။ အဆီဓာတ်လျှော့ချနေသူများအဖို့ သိပ်ကိုအထောက်အကူဖြစ်ပြီး သိပ်လွယ်ကူသော ချဉ်ပေါင်ဖူးဖတ်ရေနွေးကြမ်းကို သောက်သုံးသင့်ပါတယ်။

     ချဉ်ပေါင်ဖူးဖတ်ရဲ့ ကောင်းသောအကျိုးရလဒ် လေးများကို မြန်မာနိုင်ငံတစ်နိုင်ငံထဲ ရရှိသိရှိထားတာမဟုတ်ဘဲ၊ အံသြစရာနိုင်ငံအတော်များများ သိရှိလေ့လာရှာဖွေထားပါတယ်။ မြန်မာပြည်မှာတော့ ချဉ်ပေါင်ဖူးကို ထောင်းပြီးစားတယ်၊ ချက်ပြီးစားတယ် စသဖြင့် ဟင်းလျာမျိုးစုံပြင်ဆင်ကာ စားလေ့ရှိကြပါတယ်။ ချဉ်ပေါင်ဖူး ကို လတ်လတ်ဆတ်ဆတ်စားတာက အခြောက်ခံထားပြီးစားတာထက် အင်တီအောက်ဆီးဒင့်ပမာဏ ပိုများတာကြောင့် ကျန်းမာရေးအကျိုးကျေးဇူး ပိုများတယ်လို့လည်း ကျန်းမာရေးလေ့လာရေးအဖွဲ့က ဆိုထားပါတယ်။ အခုအခါမှာ အိမ်သုံးဆပ်ပြာ၊ လူသုံးကုန်ပစ္စည်း တချို့ကို ချဉ်ပေါင်ဖူးဖတ်လေးများဖြင့် သဘာဝပြုလုပ်ထားသော ပစ္စည်းအများအပြားလည်း ရရှိနေပါပြီ။ ဒါကြောင့် ဒီလရဲ့ Healthy Food & Healthy Benefit မှာ Benefits of Roselle Hibiscus Article နဲ့ Roselle Hibiscus Tea လုပ်နည်းလေးနှင့်အတူ ရွေးချယ်ဖော်ပြလိုက်ပါတယ်။

     ချဉ်ပေါင်ဖူးဖတ်လေးများမှ Roseller Hibiscus,Rozeller,Florida Cranberry,Flor De Jamiaica,Indian Sorrel, Queesland Jelly Plant,Jelly Okra,Lemon Bush စသည်ဖြင့် အင်္ဂလိပ်လိုနာမည်မျိုးစုံ ခေါ်ဝေါ်ကြပါတယ်။ လူသိအများဆုံးနှင့် လူသုံးအများဆုံးကတော့ Roselle လို့ပဲ ခေါ်ဝေါ်ကြတာများပါတယ်။ နိုင်ငံအတော်များများမှ ရရှိနိုင်သော ချဉ်ပေါင်ဖူးကို နိုင်ငံတိုင်းမှ ပုံစံအမျိုးမျိုး ချက်ပြုတ်ကြပြီး အရသာအမျိုးမျိုးနှင့် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ကမ္ဘာတစ်ဝန်းက စားဖိုမှူးတော်များများကတော့ ချဉ်ပေါင်ဖူးဖတ်လေးများကို အချိုပွဲတွေမှာအသုံးများပြီး လက်ဖက်ရည်၊ အသီး အနှံဖျော်ရည် ဖျော်သောနေရာမှာလည်း အသုံးများကြပါတယ်။ ချဉ်ပေါင်ဖူးရဲ့ ရဲတောက်သောအရောင်နှင့် ပန်းဖူး (သို့) ပန်းပုံစံလိုနေသော အဖတ်လေးများကြောင့် အခုနောက်ပိုင်း မင်္ဂလာဆောင် ကိတ်မုန့်တွေမှာ အလှဆင်လာကြပါတယ်။

     အရှေ့တောင်အာရှနိုင်ငံတွေမှာဆို ချဉ်ပေါင်ဖူးဖတ်များ အများဆုံးရရှိနိုင်သောကြောင့် လမ်းဘေး ဈေးဆိုင်လေးတွေမှာ ဈေးသက်သာစွာနှင့် ဖျော်ရည် ဖျော်ရောင်းတာကိုလည်း တွေ့ရပါတယ်။ အခုနောက်ပိုင်း တီထွင်မှုအသစ်အဆန်းလေးတွေနှင့် ဟော်တယ်နှင့် စားသောက်ဆိုင်တွေမှ မှာယူသောက်သုံးလို့ရနေပါပြီ။ ကျန်းမာရေး နည်းပညာရှာဖွေရေးအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိတာလေးများကို အတည်ပြုကာ လက်တွေ့စားသုံးသူများလာတာကြောင့် အခုအခါ ခေတ်မီနည်းစနစ်များ ဖြင့် ချဉ်ပေါင်ဖူးဖတ်ဖျော်ရည်ကို သံဘူး၊ ပုလင်း၊ စက္ကူ ဘူးများဖြင့် အသင့်သောက်သုံးနိုင်ရန် ရောင်းချနေပါပြီ။

     ချဉ်ပေါင်ဖူးရေခဲမုန့်ဆိုလျှင် အဆီလျှော့နေသူများ ခန္ဓာကိုယ်အချိုးအဆစ်ထိန်းသိမ်းနေသူများနှင့် ကျန်းမာရေးအတွက် လိုက်စားကြသူများ အစားများသော ရေခဲမုန့်ဖြစ်နေပါတယ်။ အီဂျစ်နိုင်ငံမှာဆိုလျှင် ညနေခင်း ကိုယ်ခန္ဓာအကြောဖြေစေရန် သောက်သုံးကြပါတယ်။ ၁၉၇ဝ ခုနှစ်ကျမှ အမေရိကန်နိုင်ငံက လက်ဖက်ခြောက်လောကထဲ ဝင်ရောက်လာပြီး စတင်လူသိများလာသော ချဉ်ပေါင်ဖူးဖတ်ဖြစ်ပါတယ်။

     ချဉ်ပေါင်ဖူးဖတ်ကရရှိသော သဘာဝအနီရောင်သည် ကိတ်မုန့်နှင့် တခြားအချိုပွဲ၊ ဟင်းပွဲတွေမှာ လိုအပ်နေသောအရောင်ကို ဖြည့်ဆည်းပေးတာကြောင့်လည်း စားဖိုမှူးများရဲ့လက်ဆွဲ ချဉ်ပေါင်ဖူးလည်းဖြစ်ပါတယ်။ ကျန်းမာရေးအရ ကြည့်ရှုလေ့လာမယ်ဆိုရင်လည်း ကင်ဆာရောဂါနှင့် အာရုံကြောရောဂါများ ကုသရာအတွင် တိုင်းရင်းဆေးအဖြစ် ခေတ်အဆက်ဆက်က အသုံးပြု လာကြသော ချဉ်ပေါင်ဖူးဖြစ်ပါတယ်။

     ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေရှိတာကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။ ချဉ်ပေါင်ဖူးဖတ်မှာ ကာဖင်းဓာတ်မပါဝင်တာကြောင့် ကာဖင်းစားသုံးလို့ မရသောသူများ အတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။

ရေဆာရေငတ်ခြင်း

     ချဉ်ပေါင်ဖူးဖတ်လက်ဖက်ရည်ကို အပူအအေးနှစ်မျိုးလုံး သောက်သုံးနိုင်ပါတယ်။ ချဉ်ပေါင်ဖူးလက်ဖက်ရည်ကို ရေခဲဖြင့်သောက်သုံးလျှင် ရေဆာရေငတ်ခြင်း ဖြစ်နေသောသူများအတွက် အလျင်မြန်ပြေစေသော အရည်လည်းဖြစ်ပါတယ်။ အားကစားလုပ်သူများ များများသောက်သုံးသင့်ပါတယ်။ ခန္ဓာကိုယ်အတွင်း အအေးဓာတ်ကို ပေးစွမ်းနိုင်သော စွမ်းအားပါဝင်တာကြောင့် အပူပြင်းသော နေ့ရက်တွေ ခန္ဓာကိုယ်အပူချိန် မြင့်နေချိန်တွေမှာ သောက်သုံးသင့်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

     ကီဘန်စန်း မလေးရှားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ချဉ်ပေါင်ဖူးမှာ HCA(Hydroxycitric Acid) လို့ခေါ်တဲ့ သြဂဲနစ်အက်စစ်ပမာဏ များစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီးသုံးနေကြောင်း ဆိုပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် အန်သိုဆိုင်ယာနင် နှစ်မျိုးစလုံး များစွာပါဝင်ပါတယ်။ ဒါကြောင့် လတ်ဆတ်သာ ချဉ်ပေါင်ဖူးဖတ်လေးများကို ပြုတ်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးသင့်ပါတယ်။

ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း

     ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုမြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်တဲ့အဆင့်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ နိုင်ငံအတော်များများမှာ ချဉ်ပေါင်ဖူးက သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဖော်စပ်သောဆေးများတွင် အသုံးပြုလာကြပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ခြင်း

    ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ ဗီတာမင် B၊ ဗီတာမင် B3၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။

ဗီတာမင်စီကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

     ချဉ်ပေါင်ဖူးမှာပါဝင်တဲ့ဗီတာမင်စီကြောင့်အနာကျက်စေပါတယ်။ ဆဲလ်တွေ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွားဖုံးကို ကျန်းမာစေပါတယ်။ သွားတွေကို ကျန်းမာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပါတယ်။ မကောင်း တဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်။ အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးပါတယ်။ ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်။ အဆုတ်ကို ကျန်းမာစေပါတယ်။ မကြာခဏ အအေးမိ ဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကြာခဏ ကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကယ်လ်စီယမ်ကြောင့် ကောင်းကျိုးများစွာ ရရှိခြင်း

      ချဉ်ပေါင်ဖူးမှာပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာ စေပါတယ်။ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကြွက် သားလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ သွေးခဲအောင် လှုံ့ဆော်ပေးပါ တယ်။ ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်။ အရိုးပုံပျက်နိုင်ခြေ သက် သာစေပါတယ်။ သွားတွေကို ကျန်းမာစေပါတယ်။ များစွာသော ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ကင်ဆာနှင့် သွေးတိုးရောဂါကို ဟန့်တားနိုင်ခြင်း

      နိုင်ငံခြားမှာ ကျန်းမာရေး ပညာရှင်များရဲ့ လေ့လာမှုအရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေး ပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့ အစွမ်းရှိလို့ပါ။ တခြားလေ့လာမှုတစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်က ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ဟန့်တားနိုင်ကြောင်း သိရပါတယ်။

     အလွယ်တကူ ဝယ်ယူစားသုံးလို့ရသော ချဉ်ပေါင်ဖူးဖတ်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကောင်းကြိုးလေးမျာ ကို လေ့လာရသလောက် ပြန်လည်ဖော်ပြထားတာကို ဒီလောက်နဲ့ပဲ ပြည့်စုံပြီလို့ထင်ပါတယ်။နောက်လမှာလည်း ကျန်းမာရေးအတွက် ညီညွတ်သော အစားအစာအသစ်လေးနဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော်. . .။

Healthy Eating & Happy Life  . . .

မှတ်ချက် – မစည်သင်ယူထားသည့် erbals subject နှင့် www.the-healthy-benefits-of-roselle-or-hibisucs.com နှင့်အတူ www.natureenergy.com တို့မှ အချက်အလက်များနှင့် အတူပူးတွဲဖော်ပြလိုက်ပါတယ်။ချဉ်ပေါင် ဖူးစားသုံးလို့ ရောဂါမဖြစ်ရန် ကာကွယ်ပေးတယ်ဆိုပေမဲ့ အာမမခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

www.facebook.com/Syi Foodsgarden

Facebook Comments