ငါးဖန်းမ ငါးပိကောင်ချက်

FD-9

ဇန်နဝါရီလမှာတော့ ဆရာမဒေါ်နန်းစန်းစန်းအေးက ငါးဖန်းမ ငါးပိကောင်ချက် အပါအဝင် ဟင်းလျာအတွဲအစပ်

(၇) မျိုးကို စီစဉ်ထားပါတယ်။

အဆိုပါ ဟင်းလျာအတွဲအစပ်များကတော့ –

၁။         ဝက်သား သရက်သီးသနပ်၊ ပဲပုစွန်သုပ်၊ အာလူးပြောင်းဖူးဟင်းရည်၊ ငံပြာရည်ကြော် အတို့စုံ။

၂။         ငါးဖန်းမ ငါးပိကောင်ချက်၊ ဂေါ်ရခါးသီးဘဲဥကြော်၊ ကြက်တောင်ပံဟင်းရည်၊ မြင်းခွာ ရွက်သုပ်၊  ငရုတ်သီးကြက်သွန်ဖြူအစိမ်းထောင်း။

၃။         ပုစွန်ကြက်ဟင်းခါးသီးအဆာသွပ်၊ ငါးဖယ်ကျောက်ပွင့်သုပ်၊ ဆူးပန်းရွက်အချဉ်ဟင်း၊ ငါးပိကြော်၊ သရက်ကင်းအတို့။

၎။         ငါးသလဲထိုးအိုးကပ်၊ ဆူးပုပ်ရွက်အညွှန့်စုံကြော်၊ ခရမ်းချဉ်သီး ပဲပုပ်ထောင်း၊ နံနံပင် ဆလတ်ညွှန့်အတို့။

၅။         အမဲသား ခရမ်းသီးနှပ်၊ ပလို့ပြောင်းဖူးကြော်၊ ဆလတ်ရွက်သုပ် ဂုံမင်းဟင်းချို၊ ကြက် ပေါင်သီးထောင်း။

၆။         ကြက်အသည်းအမြစ်သုပ်၊ ပန်းပွင့်အစိမ်းဆီပြန်ချက်၊ ငါးငါးပိဖျော်၊ ပဲကြီးဟင်းရည်။

၇။         ငါးခြောက်ဒန့်သလွန်သီးဟင်း၊ သင်္ဘောသီးသုပ်၊ မှိုခြောက်ပန်းခြောက်ဟင်းချို၊ ငရုတ် သီး ငါးပိကြော်။

အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးဖန်းမ ငါးပိကောင်ချက်၊ ဂေါ်ရခါးသီးဘဲဥ ကြော်၊ ကြက်တောင်ပံဟင်းရည်၊ မြင်းခွာ ရွက်သုပ်၊ ငရုတ်သီးကြက်သွန်ဖြူအစိမ်းထောင်း ချက်ပြုတ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။

နနိုဝင်ဘာဆယ့်ကိုးရက်မှာ Food မဂ္ဂဇင်းရဲ့ သုံးနှစ် ပြည့် အမှတ်တရ စာရေးသူ စာဖတ်သူ တွေ့ဆုံပွဲလေး သာကေတ Capitalမှာ လုပ်ခဲ့ပါတယ်။

ဟိုတယ်ကြီးတွေမှာ ကြီးကြီးကျယ်ကျယ် မဟုတ်ပေ မဲ့ ပျော်စရာကောင်းပါ တယ်။ ကျွန်မတို့ရဲ့ တကယ့်ပရိသတ် တွေ ဟင်းချက်ဝါသနာပါသူတွေနဲ့ တွေ့ရတာလည်း နောက် ထပ်ဟင်းတွေ ထပ်ချက်ဖို့ အားတွေပေးလိုက်သလိုပါပဲ။

ဒီ Food မှာဟင်းချက်နည်းရေးကြတဲ့ ကျွန်မသမီးအ ရွယ်၊ သမီးတွေ၊ သား အရွယ် သားတွေနဲ့ တွေ့ရတာလည်း အတိုင်းမသိ ဝမ်းသာရပါတယ်။ သူတို့ပုံတွေ လစဉ် ပါနေ တော့ ဘယ်သူက ဘယ်သူတွေဆိုတာ အထူးအထွေ မိတ် ဆက်ပေးစရာ မလိုဘဲ သိနေပါတယ်။ ဒီလို သားသမီးတွေ ပိုင်ဆိုင်ထားတဲ့ မိဘတွေကိုလည်း အင်မတန်မှ အားကျ ပါတယ်။ ဒီထဲမှာ ငါ့သမီးလေး တစ်ယောက်ယောက်သာ ပါခဲ့ရင်ဆိုတဲ့ အတွေးနဲ့ပဲ စိတ်ဖြေရပါတယ်။ ကျွန်မသမီး နှစ်ယောက်စလုံး အချက်အပြုတ် အလုပ်ကို ဘာမှ ဝါသနာ မပါ စိတ်မဝင်စားကြပါဘူး။

အဖော်လိုက်လာတဲ့ အိမ်သားကတော့၊ ကျွန်မတို့ Food ရဲ့ အငယ်ဆုံးလေး Kelvin ရဲ့လက်ရာကို အတော်ကြိုက်ပြီး ချီးကျူးလို့မဆုံးပါဘူး။ ဝတ်ရည်ရဲ့ စီချွမ် စတိုင် လ် ကြက်ကုန်းဘောင်နဲ့ ဘမ်ဘမ်ကြက်သားသုပ် EVY’s ရဲ့ကိတ်မုန့်တွေ လက်တွေ့စားရ အောင် လုပ်ပေးတဲ့ င်္သသိ ရဲ့ အယ်ဒီတာချုပ်ကိုသုတ။ ကျွန်မတို့အားလုံး ဆက် လက်ပြီး ဝါသနာပါရာတွေ လုပ်ဖို့အကူအညီပေးတဲ့ စပွန်ဆာ တွေအားလုံးကို ကျေးဇူးတင်ရင်းနဲ့ပဲ။ ဒီတစ်ပတ်အတွက် ငါးဖန်းမငါးဆားနယ်သုပ်၊ ငရုတ်သီးကြက်သွန်ဖြူအစိမ်းထောင်းကို ချက်ပါမယ်။

ဟင်းချက်တဲ့အခါမှာ လတ်ဆတ်တာကို ပိုပြီးဦးစား ပေးပါတယ်။ အသား၊ ငါး၊ အသီးအရွက်ဟင်းထဲမှာ ပါ မယ့်အမယ်အားလုံး ရက်လွန်နေလို့ မဖြစ်ပါဘူး။ ဥပမာ၊ ငရုတ် သီးအခြောက်တောင့်အထဲမှာ မှိုတက်နေရင် သုံးလို့ မဖြစ်ပါဘူး။ ပဲအစေ့အဆံတွေလည်း ထိုနည်း၎င်းပါပဲ၊ အသားငါး ဆိုရင်လည်း လတ်ဆတ်လေအရသာ ပိုလေ ပါပဲ။ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ အသားငါးနဲ့ လတ်ဆတ်တဲ့အသားငါး အရသာချင်း မတူကြပါဘူး။ ဟင်းချက်ကြမယ့်သူများ သတိထားဖို့ပါ။ ကျွန်မတို့နယ်မှာ နေစဉ်က၊ အိမ်နောက်ဖေးမှာ အမေစိုက်ထားတဲ့ ဘူးစင်၊ ဖရုံစင်၊ သခွားသီး၊ ပဲတိုင်ထောင်တွေ စားခါနီးမှ ခူးပြီး၊ ကြော်၊ ပြုတ်၊ အစိမ်းအတိုင်းဘယ်လိုပဲ စားစား အရသာရှိ ပါတယ်။

အခုချက်မယ့် ငါးဖန်းမ ငါးပိကောင်ကိုလည်း လုပ် ထားပြီးသား ငါးဆားနယ် မဟုတ်ပါဘူး။ ငါးဖန်းမကို အစိမ်း အတိုင်းဝယ်ပြီး ခေါင်းဖြုတ် ရေစင်စင်ဆေးပြီး၊ ငါးနှစ်ဆယ် သား လေးကောင်အတွက် ဆားငါးကျပ်သားနယ်ပြီး၊ ငါး ပိဿာလောက် အလေးတစ်ခုခု နဲ့ ခြောက်နာရီဖိထားပါ မယ်။ ဆားလေးတာကြိုက်ရင်တော့ ဆယ်နှစ်နာရီဖိပါ။ ငါးကို ဖက်ရွက် (သို့)၊ အိတ်နဲ့ဖိရင် အပေါက်ဖောက်ပေးပါ။ ဆားရည်နဲ့ ငါးထဲပါတဲ့ အရည်ထွက် ပေါက်ပေးရပါမယ်။

အချိန်စေ့တာနဲ့ ရေစင်စင်ဆေး အဝတ်သန့်နဲ့ ရေစင် အောင်သုတ်လိုက်ပါ။ အရသာ နနွင်းနှစ်မျိုးပေါင်း လက် ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်နယ်ထားလိုက်ပါ။ ချက် မယ်ဆို၊ ဆီတစ်ဆယ်သား အိုးထဲထည့်ပြီး ပိုင်းထားတဲ့ ငါးတုံးတွေထည့်ကြော်ပါမယ်။ ဗိုက်သားက အရိုးတွေြ<ွကပ်လောက်ရင်၊ ပန်းကန်တစ်ခုထဲ ဆယ်ထည့်ထားပါ။ ကျန်ဆီထဲကို ကြက်သွန်နီတစ်ဥ ကြက်သွန်ဖြူနှစ်ဥ၊ ငရုတ်သီးပွ ငါးတောင့် အစေ့ထုတ်ရေစိမ်ပြီး ရောထောင်း ထားတဲ့ အဆာထဲကြော်ပါ။ အနံ့မွှေးပြီး ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက် လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ငါးလုံးထည့်ပါ၊ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ဆမ်းပြီး ဆီသံဖြစ် ဖြစ်မည်လာရင် ကြော်ထားတဲ့ ငါးပိုင်းတွေထည့်ပြီး အထက် အောက်သာသာ လှန်ပေးပါ။ ရေစတီးဇွန်းတစ်ဇွန်း ထပ် ထည့်ပါ။ ငါးထဲပါတဲ့ ဆားအရသာထွက်လောက်ရင် အချို အတွက် အရသာမှုန့် အနည်းငယ်ထပ်ဖြည့်လိုက်ပါ။ ပွက် ဆူလာရင် နံနံပင်၊ ငရုတ်သီး စိမ်း၊ ကြက်သွန်မြိတ်အုပ်ပြီး အိုးချလို့ရပါပြီ။

ဟင်းရံအတွက် ဂေါ်ရခါးသီးဘဲဥကြော် ကြော်ပါမယ်။ ဂေါ်ရခါးသီး နုပြီးလတ် ဆတ်တဲ့ဟာ တစ် လုံး၊ ဘဲဥတစ်လုံး၊ အရောင်လေးလှတဲ့ဥနီ လေးတစ်လုံးပါ ဖြည့် ကျော်ပါမယ်။

ဥနီနဲ့ ဂေါ်ရခါးသီးကို အခွံခွာပြီး အချောင်းလေးတွေဖြစ် အောင် လှီးမယ်။ ရေစင် စင်ဆေးပါ။ အရင်ဆုံး ရေနို့ဆီဘူး နှစ် လုံးစာကို ပွတ်ဆူအောင် တည်ပြီး ဂေါ်ရခါးသီးနဲ့ ဥနီကို တစ်မိနစ်ထည့် ပြုပ်ပြီး ဆန်ခါနဲ့စစ်ပါ။

ကြော်မယ့်အိုးထဲ ဆီငါးကျပ်သားထည့်ပါ။ ဆီပူလာရင် ဗမာကြက်သွန်ဖြူတစ်ဥ ဓားပြားရိုက်ထည့်ကြော်ပါ။ အနံ့မွှေးလာရင်၊ စစ်ထား တဲ့ ဂေါ်ရခါးသီးနဲ့ ဥနီထည့်ပါ။ ပါတဲ့အရည်ဆမ်းပြီး ဆီပြန်လာရင် ဘဲဥတစ်လုံးကြေအောင် ခေါက်ထားတာ လောင်းထည့်ပြီး မွှေပေးပါ။ တစ်ဆက် တည်း ဆားအရသာ အနေတော်ဖြည့်ပြီး ဘဲဥတွေ ကျက် ရင်အိုးချလို့ရပါပြီ။ ချိုပြီးဆိမ့်တဲ့အရသာနဲ့ ဂေါ်ရခါးသီးဘဲဥ ကြော်ပါ။

ကြက်တောင်ပံဟင်းရည်အတွက် ကြက်တောင်ပံ ငါးချောင်း သန့်စင်ပြီး ကြက် သွန်ဖြူ သုံးတတ်၊ ချင်းလက် တစ်မ၊ ဆား၊ ငံပြာရည်၊ အရသာ၊ အားလုံးရောတည်ပြီး၊ ပွက် ပွက်ဆူရင် ကြိုက်နှစ်သက်ရာအရွက်၊ အသီးပဲကြာဆံ၊ ပဲပင်ပေါက် အဆင်ပြင်ရာထည့်ပြီး ပူပူသောက်ရုံပါပဲ။ ငရုတ်ကောင်းကြိုက်ရင် ငရုတ်ကောင်း၊ အချဉ်ကြိုက်ရင် အချဉ်၊ အစပ် ကြိုက်ရင် အစပ်ထပ်ထည့်လို့ ရပါတယ်။

မြင်းခွာရွက်သုပ်ကတော့၊ ကြက်သွန်နီဂေါ်ဖီ၊ မြေပဲ ဆံမှုန့်၊ ပဲမှုန့် ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ သံပရာရည်၊ ဆား၊ အရသာ၊ အားလုံးရောနယ်ရင် ဖြစ်တဲ့အသုပ်ပါ။ အလွန် လွယ်ပါတယ်။ ငရုတ်သီးအစိမ်းနဲ့ ကြက်သွန်ဖြူ ရော ထောင်းတာလည်း နာမည်မှာကိုက လုပ်နည်းပါပြီးနေပါ ပြီ။ ဆား၊ ဆီလေး ထပ်ဖြည့်လိုက်ဖို့ပါ။

ဘာမှမရှိတဲ့ လူ့သက်တမ်းမှာ ဝါသနာပါရာတွေ လုပ်နေရတာလည်း ကျေနပ်စရာ တစ်ခုပါပဲ၊ နှစ်သစ်မှာ ပျော်ရွှင်၍ လွတ်လပ်စွာ ချက်ပြုတ်စားသောက်နိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

 

Facebook Comments