ငါးကြင်းပေါင်း (အိုးကြီးချက်)

FD-68

      ကျွန်မတို့လင်မယားနှစ်ယောက်လုံးရဲ့ အသည်းစွဲ ထမင်းအလွန်မြိန်သော ငါးကြင်းပေါင်းနည်းလေးပါ။ ငါးသလောက်လို ငါးကို ပေါင်းစားရင် အကြောတက်တတ်လို့ သွေးတိုးတတ်လို့ ကြောက်ကြတယ် ဆိုရင်ဖြင့် ငါးကြင်းပေါင်းလေးကို အစားထိုးနိုင်ပါတယ်။ အလှူပွဲသေးမျိုးတွေဆို ဒါလေးကို ဧည့်ခံရင်ဖြင့် အလွန်သင့်တော်မယ်လို့ ထင်ပါတယ်ရှင်။ ကျွန်မ စာရေးဖို့ရာ အဖေကိုယ်တိုင် ပြောပြသော ‘ဓနုဖြူဒေါ်စောရီ လှည်းတန်း (စံရိပ်ငြိမ်)’ နည်းလေးပါ။

►    ပါဝင်ပစ္စည်းများ (၂၅ ပွဲစာ)
♦    ငါးကြင်း    –    ၃ ပိဿ
♦    ခရမ်းချဉ်သီး     –    ၅ဝ ကျပ်သား
♦    ကြက်သွန်ဖြူ     –    ၅ ကျပ်သား
♦    ချင်း      –    ၂ ကျပ်သား
♦    စပါးလင်    –    ခင်းရန်
♦    ရှလကာရည်     –    ၂ဝ မီလီမီတာခန့်
♦    ဆား၊ အသားမှုန့်     –    သင့်ရုံ
♦    ငံပြာရည်    –    သင့်ရုံ
♦    နနွင်း    –    စားပွဲဇွန်း ၁ ဇွန်း
♦    အရောင်တင်မှုန့်     –    စားပွဲဇွန်း ၂ ဇွန်း

►   ပြုလုပ်နည်း
၁။    ငါး ၃ ပိဿ       မှာ ငါးအကောင်အကြီးအသေးပေါ် မူတည်ပြီး အတုံးလေးများကို လှနေအောင် မထူမပါးတုံးပေးထားရပါမယ်။ ချင်း၊ ကြက်သွန်ဖြူစသည်တို့ကို ညက်အောင် ထောင်းထားပေးပါ။ ငါးအတုံးလေးများကို ထောင်းထားတဲ့ ချင်း၊ ဆား၊ ကြက်သွန်ဖြူ နည်းနည်းစီယူပြီး နနွင်းအနည်းငယ်ထည့်ကာ နယ်ထားပေးပါ။
၂။    ဒီနေရာမှာ ပုစွန်တို့ ငါးတို့ကို နယ်ထားပြီးရင် အကြာကြီး ပစ်မထားရပါဘူး။ ချက်ပြီးရင် အသားက နူးညံ့မနေတော့ဘဲ မာနေတတ်ပါတယ်။ (ဗဟုသုတ အနေနဲ့ပါ)
၃။    နယ်ထားပြီးသားငါးကို ဆီပူပူမှာ အရေတင်းရုံလေး ကြော်ပေးထားပါ။ ဒါမှ ငါးက ကြာကြာပေါင်းတဲ့အခါ ကြေမသွားမှာ ဖြစ်ပါတယ်ရှင်။ ကြော်ပြီး ငါးများကိုတော့ ဖယ်ထားပေးပါ။
၎။    ကြက်သွန်နီများကိုတော့ ပါးပါးလှီး(သို့) ထောင်းထားနိုင်ပါတယ်။ အိုးအောက်ခြေကိုတော့ စပါးလင်များ ခင်းထားပေးပါ။ စပါးလင်ပေါ်ကနေ ငါးများကို စီစီရီရီခင်းပေးထားပါ။
၅။    အပေါ်ကနေ ထောင်းထားတဲ့ ကြက်သွန်များ၊ အရောင်တင်မှုန့်၊ ချင်းများထပ် ခင်းပါ။ ခရမ်းချဉ်သီးလေးများ လှီးစိတ်ထည့်ထားပေးပါ။ ရှလကာရည်၊ ဆား၊ အသား မှုန့်၊ ငံပြာရည်တို့ကို ထည့်ပါ။ ရေကို မြုပ်ရုံထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးဖြင့် ပေါင်းနိုင် ပါပြီ။ ရေခန်းခါနီးမှ ရေကို ထပ်ခါထပ်ခါ ဖြည့်ထည့်ပြီး အရိုးနူးလာသည်အထိ မီးအေးအေး ဖြင့် ပေါင်းရပါမယ်။
(Pressure Cooker နဲ့ဆိုရင်တော့ မြန်ပါတယ်)

မှတ်ချက်။    ။     ရှလကာရည်အစား ရှောက်သီးကို အကွင်းလိုက်လှီးထည့်ရင်လည်း နူးလွယ်ပါတယ်ရှင်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet


Facebook Comments