‘ငှက်ပျောဖူး’ ကို စီမံဖန်တီးစားသုံးပုံများ

FD-10

မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ အခန်းမှာဒီလအတွက်တော့ ‘ငှက်ပျောဖူး’ ကို စီမံဖန်တီးစားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ ငှက်ပျောဖူးကိုတော့ စာရှုသူများ သိရှိကြလိမ့် မယ်လို့ထင်ပါတယ်။ ငှက်ပျောပင်ကနေ ငွားငွားစွင့်စွင့်ထွက်ပြူလာတဲ့ ငှက်ပျောခိုင်တစ်ခိုင်မှာ ငှက်ပျောဖီး (၅)ဖီးကနေ (၈)ဖီး၊ (၁ဝ)ဖီးအထိ အောင်အောင်မြင်မြင်ထွက်လာပြီး အဖျားမှာကျန်ရှိနေတဲ့ သံလျက်ပုံစံ အဖူး ချွန်ချွန်လေးကို ငှက်ပျောဖူးလို့ ခေါ်ဝေါ်သုံးစွဲနေကြတာ ဖြစ်ပါတယ်။ ငှက်ပျောခိုင်ရဲ့အဖူးလေးမို့ ငှက်ပျောဖူးလို့ ခေါ်ဆိုကြဟန်တူပါတယ်။ ငှက်ပျောဖူးထဲမှာ ရခိုင်ငှက်ပျောပင်ကရရှိတဲ့ ရခိုင်ငှက်ပျောဖူးများဟာ အဖန်ဓာတ် နည်းပါးတာမို့ လူသုံးများလှပါတယ်။ ငှက်ပျောဖူးကို ပြုတ်စား၊ သုပ်စား၊ ကြော်စား၊ နှပ်စား၊ ဟင်းပေါင်းထုပ်လုပ်စားနိုင်တဲ့အပြင် ချဉ်ပတ်တည်စားလို့လည်းရပါတယ်။

ငှက်ပျောဖူးကို အလွယ်ဆုံးစားသုံးနည်းကတော့ မန်ကျည်းမှည့်လေးနဲ့ နူးနေအောင်ပြုတ်ကာ ငါးပိရည် ဖျော်ကောင်းကောင်းနဲ့ တို့စားတဲ့နည်းဖြစ်ပါတယ်။ မန်ကျည်းရည်လေးနဲ့ပြုတ်တဲ့အခါ ငှက်ပျောဖူးကို လေးစိတ်စိတ်ပြီး ပြုတ်လေ့ရှိပါတယ်။ လေးစိတ်စိတ်လိုက်တဲ့ အတွက် အနူးလွယ်စေတဲ့အပြင် အဖန်ရည်များလည်း ပိုပြီးထွက်စေနိုင်တာမို့ဖြစ်ပါတယ်။ ငှက်ပျောဖူးပြုတ် နူးနူးညံ့ညံ့လေးနဲ့ ငါးပိရည်တို့စရာဟင်းအတွဲဟာ အဓိက သားငါးဟင်းများကို မထိမကိုင်မိလောက်အောင် စွဲဆောင်မှုရှိလှပါတယ်။ ငှက်ပျောဖူးကို အပေါ်က အဖတ်ရင့်များခွာကာ အကွင်းလိုက်ပါးပါးလှီးပြီး ဆန်နှစ်နဲ့ ဘူးသီးကြော်ကြော်သလို ကြော်စားလို့လည်း ရပါတယ်။ အကွင်းလိုက်ပါးပါးလှီးပြီးဆန်နှစ်နဲ့ကြော်ထားတဲ့ ငှက်ပျောဖူးကြော်ကိုတော့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မန်ကျည်းမှည့်တို့နဲ့ဖျော်ထားတဲ့ ‘ချဉ်စပ်ရည်’ ကောင်းကောင်းလေးနဲ့ တွဲဖက်စားသုံးနိုင်ကြပါတယ်။ နေ့လယ်နေ့ခင်း အဆာပြေရေနွေးကြမ်းနဲ့ မြည်းနိုင်သလို ထမင်းကြမ်းနဲ့လည်း စားသုံးနိုင်ကြပါတယ်ရှင်။ ငှက်ပျောဖူးကို အခုလို အကွင်းလိုက်ပါးပါးလှီးပြီး ဆန်နှစ်နဲ့ကြော်စားနိုင်သလို ဆန်နှစ် မပါဘဲ ပုစွန်ခြောက်နဲ့ ဟင်းလျာပမာထား ကြော်စားလို့ လည်းရပါတယ်။

ငှက်ပျောဖူးကြော်မယ်ဆိုရင်တော့ ငှက်ပျောဖူးရဲ့ အပေါ်ယံအဖတ်ရင့်များကို ခွာပစ်ပြီး အဖြူသားပေါ်လာတဲ့အခါ ငှက်ပျောဖူးကို အကွင်းလိုက်ပါးပါးလှီးလို့ နနွင်းမှုန့်စိမ်ထားတဲ့ ရေဇလုံထဲမှာ စိမ်ထားရပါမယ်။ ဒါမှသာ ငှက်ပျောဖူးတွေ မမဲကုန်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကြက်သွန်နီတစ်ဥကို ပါးပါးလှီး၊ ကြက်သွန်ဖြူတစ်ခုကို အခွံသင် ဓားပြားရိုက်ပြီး၊ ပုစွန်ခြောက်ဆယ့် ငါးကောင်လောက်ကို ဖွာနေအောင် ရေဇလုံထဲမှာ စိမ်ထားရပါမယ်။ ဒါမှသာ ငှက်ပျောဖူးတွေ မမည်းကုန်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကြက်သွန်နီတစ်ဥကို ပါးပါးလှီး၊ ကြက်သွန်ဖြူတစ်ခုကို အခွံသင်ဓားပြားရိုက်ပြီး၊ပုစွန်ခြောက်ဆယ့်ငါးကောင်လောက်ကို ဖွာနေအောင် ထောင်းထားရပါမယ်။ ခဏကြာတဲ့အခါ လှီးပြီး ရေစိမ်ထားတဲ့ငှက်ပျောဖူးတွေကို ရေထဲကဆယ်ယူကာ ရေစင်အောင်ညှစ်ထုတ် ပစ်ရပါမယ်။ အဲဒီနောက် ရေညှစ်ထားတဲ့ ငှက်ပျောဖူးတွေကို ဆားသင့်အောင် နနွင်း၊ ဆား၊ ပုစွန်ခြောက်မှုန့်တို့နဲ့ နယ်ထားရပါမယ်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲ မှာ ဆီထည့်ပြီး ဆီသတ်ရပါမယ်။ ဆီဆူလောက်တဲ့အခါ ကြက်သွန်နီပါးပါးလှီးထားတာရယ်၊ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူတွေရယ်ကို ထည့်ကြော်ရပါမယ်။ ကြက် သွန်တွေ နီရောင်သန်းလာတဲ့အခါ အသင့်နယ်ဖတ် ထားတဲ့ငှက်ပျောဖူးတွေကိုထည့်ပြီး ကြော်ရပါမယ်။ ငှက်ပျောဖူးအဖတ်လေးတွေ နူးသွားအောင် အိုးအဖုံးကို အုပ်ထားရပါမယ်။ ခဏကြာတဲ့အခါမှာတော့ နူးညံ့အိထွေးပြီး ဆိမ့်နေတဲ့ ငှက်ပျောဖူးကြော် ဟင်းတစ်မယ်ကို ရရှိနိုင်ကြပြီဖြစ်ပါတယ်။ ငှက်ပျောဖူးကြော်ကိုတော့ ပဲနီလေးဟင်းချိုပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ကြပါ တယ်ရှင်။ငှက်ပျောဖူးကို အစိမ်းသုပ်စားလို့လည်းရပါတယ်။

ငှက်ပျောဖူးအစိမ်းသုပ်မယ်ဆိုရင်တော့ ငှက်ပျောဖူး တစ်ဖူး၊ ကြက်သွန်နီလေးဥ၊ ကြက်သွန်ဖြူနှစ်ဥ၊ ဆီ နှစ် ကျပ်ခွဲသား၊ ပုစွန်ခြောက်မှုန့် ကြွေဇွန်းကြီးသုံးဇွန်း၊ ပဲမှုန့်ကြွေဇွန်းကြီးသုံးဇွန်းနဲ့ ငံပြာရည်အနည်းငယ် လိုအပ် ပါတယ်ရှင်။ပထမဆုံး ငှက်ပျောဖူးအပေါ်ယံအဖတ်ရင့်များကို ခွာပစ်ရပါမယ်။ အတွင်းသားအနုလေးတွေကိုပါးပါးလှီးပြီး နနွင်းမှုန့်ထည့်ထားတဲ့ ရေဇလုံထဲမှာ စိမ်ထားရပါမယ်။ အဖန်ရည်တွေ ကုန်လောက်တဲ့အခါ ရေဇလုံထဲက ဆယ်ယူပြီး ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ကြက်သွန်နီ (၂)ဥနဲ့ ကြက်သွန်ဖြူ (၂)ဥကို ပါးပါးလှီးပြီး ဆီချက်ချက်ထားရပါမယ်။ ကျန်တဲ့ကြက်သွန်နီ(၂)ဥကိုတော့ ပါးပါးလှီးပြီး ရေစင်အောင်ဆေးကာ ဆန်ခါနဲ့ရေစစ်ထားရပါမယ်။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲမှာ ငှက်ပျောဖူးနဲ့ လှီးထားတဲ့ ကြက်သွန်နီတို့ကို ထည့်ရပါမယ်။ အဲဒီအထဲကိုမှ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့ကိုရောထည့်ပြီး ဆီချက်လောင်းကာ အားပါးတရသုပ်စား နိုင်ကြပါတယ်။ အချဉ်ကြိုက်တယ်ဆိုရင်တော့ သံပရာသီးတစ်ခြမ်းလောက်ညှစ်ထည့်ပြီး အစပ်ကြိုက်တတ်ရင်တော့ ငရုတ်သီးမှုန့်ကိုပါထည့်ကာ သုပ်စားနိုင် ကြပါတယ်။ ငှက်ပျောဖူးသုပ်ကိုလည်း စားဖူးသူတိုင်း ခံတွင်း တွေ့နှစ်သက်ကြပါတယ်။ငှက်ပျောဖူးကို နှပ်စားလို့လည်းရပါတယ်။ ငှက်ပျောဖူးနှပ်မယ်ဆိုရင်တော့ ပထမဆုံး ငှက်ပျောဖူးအပေါ် က အဖတ်ရင့်များကို အတွင်းအဖြူသားပေါ်လာတဲ့အထိ ခွာပစ်ရပါမယ်။ အဲဒီနောက် ငှက်ပျောဖူးကို အချွန်ထိပ် ကနေ လေးစိတ်စိတ်ရပါမယ်။ကြက်သွန်အနီ (၂)ဥကို အခွံနွှာ၊ ကြက်သွန်ဖြူ (၂)ဥကိုလည်း အခွံနွှာပြီး ပုစွန်ခြောက်မှုန့်များနဲ့ ညက်နေအောင်ထောင်းရပါမယ်။ ပြီးရင်တော့ ထောင်းထား တဲ့ အမွှေးအကြိုင်များကို ငှက်ပျောဖူးလေးစိတ်ခြမ်းထား တဲ့အတွင်းမှာ ညှပ်ထည့်ပြီး ငှက်ပျောဖူးထိပ်ကို လက် နဲ့ဆုပ်ညှစ်လိုက်ရပါမယ်။ ဒီအခါမှာ အမွှေးအကြိုင်များငှက်ပျောဖူးထဲကိုစိမ့်ဝင်ပြီး အရသာလည်း ပိုပြီးလေးပင်လာမှာဖြစ်ပါတယ်။ ဆီထည့်ပြီး အိုးအဖုံးကို ပိတ်လို့ ဟင်းအိုးကိုတည်ရပါမယ်။ ရေခန်းလို့ ငှက်ပျောဖူးအနူး လိုသေးရင် ရေထပ်ထည့် အိုးအဖုံးကိုပိတ်ကာ ဟင်းအိုးကို ဆက်တည်ထားရပါမယ်။ ဆီပြန်လာပြီး ငှက်ပျောဖူးပါ၊ နူးအိနေပြီဆိုရင်တော့ အရသာရှိလှတဲ့ ငှက်ပျောဖူး နှပ်ဟင်းတစ်ခွက်ကိုရရှိပြီမို့ စိတ်တိုင်းကျသုံးဆောင် နိုင်ကြပြီဖြစ်ပါတယ်။ သက်သတ်လွတ်စားလိုသူများကတော့ ငှက်ပျောဖူးနှပ်တဲ့အခါ ပုစွန်ခြောက်အစား မြေပဲဆံကိုထောင်း ပြီးထည့်ကာ ဆိမ့်ဆိမ့်လေး နှပ်စားလေ့ရှိကြပါတယ်။

ငှက်ပျောဖူးကို ဟင်းထုပ်လုပ်စားလို့လည်းရပါ တယ်။ ငှက်ပျောဖူးဟင်းထုပ်လုပ်မယ်ဆိုရင်တော့ ငှက်ပျောဖူးအပြင်က အဖတ်ရင့်တွေကို ခွာပစ်ပြီး အတွင်းသားနုနုလေးတွေကို အကွင်းလိုက်ပါးပါးလှီးထားရပါ မယ်။ မှိုတစ်ဆယ်သားလောက်ကိုလည်း ရေစင်အောင် ဆေးပြီး ပွင့်ဖတ်လေးတွေကိုဖဲ့ကာ ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ ဖရုံညွန့်လေး ငါးညွန့်လောက်ကိုလည်း အရွက်များသင်ကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားရပါမယ်။ ကြက်သွန်မြိတ်တွေကိုလည်း ရေဆေးပြီး လက်တစ် ဆစ်စာလေးတွေ လှီးထားရပါမယ်။ ပြီးရင်တော့ ငှက်ပျောဖူးလှီးပြီးသားများကို ဖရုံညွန့်၊ မှို၊ ကြက်သွန်မြိတ်တို့နဲ့အတူ ဆန်နှစ်များနဲ့ ခပ်ပြစ်ပြစ်နယ်ကာ ငှက်ပျောဖက်ထဲမှာ ခပ်ပြားပြား လေးထောင့်ရှည်ရှည် အထုပ်လေးတွေ ထုပ်ထားရပါမယ်။ အဲဒီနောက် ပေါင်းအိုးထဲမှာ စီထည့်ပြီး အငွေ့လှိုင်လှိုင်ထွက်တဲ့အထိ ပေါင်းရပါမယ်။ ဒီအခါမှာတော့ အနံ့အရသာပြည့်စုံကောင်းမွန်လှတဲ့ ငှက်ပျောဖူးဟင်းထုပ်ကို ရရှိပြီဖြစ်ပါတယ်။ အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးစိမ်းလေး ပါးပါးလှီးထည့်နိုင်သလို အဆိမ့်ကြိုက်ရင်တော့ ငါး (ဒါမှမဟုတ်) ကြက်သား၊ ဝက်သားများပါရောနယ်ပြီး သုပ်စားနိုင်ကြပါတယ်။ ငှက်ပျောဖူးဟင်းထုပ်ကိုလည်း စားဖူးသူတိုင်း နှစ်ခြိုက်မြတ်နိုးစွာ စွဲစွဲမက်မက်ရှိကြပါတယ်။

ငှက်ပျောဖူးထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ‘မြန်မာ့အစားအစာ၏ အာဟာရ’ စာအုပ်အလိုအရ ငှက်ပျောဖူးစားသုံးမှု (၁ဝဝ)ဂရမ်မှာ အင်အားဓာတ် (၂၆)ကီလိုကယ်လိုရီ၊ ကစီဓာတ် (၅.၇)ဂရမ်၊ ပရိုတင်းဓာတ်နဲ့ ဖိုင်ဖာဓာတ်များ ပါဝင်တာ တွေ့ရပါတယ်။ ချစ်စွာသောစာရှုသူများရှင် ဒီလအတွက်တော့ ငှက်ပျောဖူးကို စီမံပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန် ဖိုးများအကြောင်းကို တင်ပြအစီရင်ခံလိုက်ပါတယ်။ Food မဂ္ဂဇင်းကို နှစ်ခြိုက်မြတ်နိုးစွာ အားပေးနေကြတဲ့ ချစ်စွာသောစာရှုသူများလည်း စိတ်ဝင်စားဖွယ်ရာ ငှက်ပျောဖူးဟင်းလျာများကို စီမံချက်ပြုတ် သုံးဆောင်ကာ အကြိုက်တွေ့နိုင်ကြပါစေ။

Facebook Comments