
၁။ မြစ်ငါးတန်ခြောက်ဖုတ်ပဲဆီဆမ်း၊ ဝက်ရိုးခဝဲသီးအစပ်ချက်၊ ဆင်ခရမ်းချဉ်သီးမီးဖုတ်ထောင်း၊ ဆလတ်ရွက်သုပ်။
၂။ ပုစွန်ငါးဖယ်ဆီပြန်ချက်၊ ချဉ်ပေါင်ပိန်းဥဟင်းရည်၊ ခရမ်းသီးမီးဖုတ်သုပ်၊ ကိုင်းငရုတ်သီးထောင်း။
၃။ ဆိတ်ပဲအာလူးမဆလာချက်၊ ပဲဝါလေးဟင်းရည်၊ မန်ကျည်းသီးထောင်း၊ ဟင်းနုနယ်ရွက်အပင်ပေါက်ကြော်။
၄။ ဝက်သုံးထပ်သားကင်ချက်၊ ပန်းမုန်လာအချဉ်ဟင်း၊ ဆေးမြင်းခွာရွက်သုပ်၊ ပုစွန်ခြောက်ငါးပိကြော်။
၅။ ငါးရံ့အစပ်ကြော်၊ ငါးခေါင်းဒန့်သလွန်ဟင်းရည်၊ ငါးရံ့ခရမ်းချဉ်သီးချက်၊ ငါးပိရည်ဖျော်အတို့။
၆။ အမဲသားပြုတ်ကြော်၊ သီးစုံကုလားပဲဟင်း၊ သရက်သီးသနပ်၊ မုန်လာဥသုပ်။
၇။ ကင်းမွန်အချိုကြော်၊ ခရမ်းသီးနှပ်၊ ကြက်သွန်နီငါးပိသုပ်၊ ဒန့်သလွန်ပွင့်ဟင်းရည်။
“စာအုပ်တစ်ဖတ် ဓားကတစ်လက်နဲ့ တို့မမ ဘာတွေချက်”
“ချက်နေကျ ဗမာအစားအစာမဟုတ်ဘဲ တရုတ်အစားအစာချက်ကြည့်မလို့ ကိုးကားဖို့ စာအုပ်ကိုင်ထားတာ”
“မမက တရုတ်အစားအစာ မချက်တတ်ဘူးလား”
“ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ တောက်တောက်ကြော်၊ အစိမ်းကြော်လောက်ကတော့ ဖြစ်သားပေါ့။ အခုခေတ်စားနေတဲ့ မာလာရှမ်းကောတို့ကြတော့ စာအုပ်ကြည့်မှ ရမှာလေ”
“အင်တာနက်ထဲကြည့် ပိုစုံတယ် မမရဲ့”
“ ဖုန်းမျက်နှာပြင်ကြည့်ရတာ အားမရပါဘူးဟယ်။ စာအုပ်ဆို အပြန်ပြန်အလှန်လှန်ကြည့် ကြိုက်သလောက်ကြည့် ဟင်းနာမည်တစ်မျိုးထဲကိုပဲ အစုံချက်ပြထားတာ”
“ဒီလိုတွေကြောင့် ဟင်းချက်နည်းစာအုပ် ခေါင်းရင်းထားတာကို ဒါနဲ့ဒီတစ်ပတ် ဗမာအစားအစာမချက်ဘဲ တရုတ်အစားအစာချက်မှာလား”
“နှစ်သစ်ကူးတော့ အိမ်မှာလာပို့တဲ့ ဝက်နံရိုးကြော်အချိုချက်ကို ချက်ကြည့်မလို့”
“အဲ့ဒါကို ချက်ပြီး ရေးအုန်းမှာလား”
“ဘာရေးစရာရှိလဲ ဝက်နံရိုးကို အရသာ၊ ချင်း၊ ဟိုအမှုန့် ဒီအမှုန့်တွေနဲ့ နယ်နှပ်ပြီးကြော် အချိုအစပ်အရသာဖျော်ပြီး လောင်းချပေါ့”
“ဟယ် လွယ်လိုက်တာ လုပ်ကြည့်အုန်းမှပဲ”
“ရမ်းသန်းပြီးလုပ်တာ အဟုတ်အောင်းမေ့နေပြန်ပါပြီ”
“ဒါဆို ဒီနေ့တကယ်လုပ်မယ့် ဟင်းက ဘာြဖစ်မှာလဲ”
“ငါးရံ့ငါးဆယ်သား တစ်ကောင်ဝယ်လာတယ်။ ခြံထဲမှာ ဒန့်သလွန်သီးတွေနဲ့ဆိုတော့ ငါးရံ့ခေါင်းနဲ့ ဒန့်သလွန်သီးအချဉ်ချက်၊ အလယ်ပိုင်းအသားကိုတော့ အကွင်းကွင်းလှီးပြီး ငရုတ်သီးနဲ့ အစပ်ကြော်၊ အမြီးပိုင်းကိုတော့ ခရမ်းချဉ်သီးနဲ့အစိုချက်လိုက်မယ်”
“ငါးရံ့တစ်ကောင် ဟင်းသုံးမျိုးပေါ့”
“အသားအကျိုးအကြေလေးတွေကို ငါးပိရည်ဖျော်တဲ့ထဲ ထည့်ထားသေးတယ်”
ကဲ ချက်မယ်ဆို ငါးရံ့ကို ကြေးထိုး ဘေးဆူးတောင်ခုတ် ရေစင်စင်ဆေးပြီး အကွင်းလိုက်တုံးမယ်။ ဆား၊ အရသာ လက်ဖက်ရည်ဇွန်းတစ်ဝက်စီ ထည့်ပြီး နယ်မယ်။ ညှီနံ့သက်သာအောင် နနွင်းမှုန့်အနည်းငယ်ပါ ထည့်နယ်မယ်။
ငါးကြော်အတွက် ဆီ တစ်ဆယ်ငါးကျပ်သားကြော်မယ့်အိုးထဲထည့် ဆီပူလာရင် ငါးရံ့ကွင်း အလယ်ပိုင်း ငါးပိုင်း ထည့်ကြော်မယ်။ ရွှေဝါရောင်တောက်လာရင် အထက်အောက်လှန်ပြီး ဆယ်ယူထားမယ်။ ကျန်ဆီထဲကို ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ တစ်ဥ၊ ငရုတ်ပွငါးတောင့် အစေ့ထုတ်ရေစိမ် ပေါင်းထောင်းထားတဲ့ အဆာတွေ ထည့်ကြော်မယ်။ အနံ့မွှေးပြီး ကြက်သွန်ဖတ်တွေ ဆီပေါ်တက်လာရင် ကြိတ်ထားတဲ့ ကိုင်းခရမ်းချဉ်သီးဆယ်လုံး ထည့်မယ်။
ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် နှစ်ခြမ်းခွဲထားတဲ့ ငါးရံ့ခေါင်း၊ အမြီးပိုင်း အသားလေးကွင်းထည့်မယ်။ အထက်အောက်သာသာ လှန်ပေးပြီး မီးအရှိန်လျော့ပြီး အဖုံးအုပ်တည်မယ်။ ဆီပြန်ပြီး ငါးအသားတွေကျက်ရင်တော့ ငါးရံ့ခရမ်းချဉ်သီးအစိုချက် ရပါပြီ။ ငါးအသားတုံးတွေ ဆယ်ယူပြီး ပန်းကန်ထဲ ထည့်ပါမယ်။
ကျန်နေတဲ့ ငါးရံ့ခေါင်းထဲကို အဆင်သင့်တုံးထားတဲ့ ဒန့်သလွန်သီးငါးတောင့်နဲ့အတူ ငါးပိစိမ်းစားလက်တစ်မ၊ ငါးငံပြာရည် စတီးဇွန်း နှစ်ဇွန်း၊ မန်ကျည်းသီးအရည် စတီးဇွန်း ငါးဇွန်း ပေါင်းထည့်တည်မယ်။ ပွက်ဆူလာရင် ရေတစ်ဆယ်သားတစ်ခွက်ထပ်ထည့်ပြီး ဒန့်သလွန်သီးပိုင်းတွေကျက်အောင် အဖုံးအုပ်တည်မယ်။ သုံးမိနစ်ဆိုရင်တော့ ငါးရံ့ခေါင်းဒန့်သလွန်သီးဟင်း ရပါပြီ။ မဆလာအနံ့ကြိုက်ရင် ထည့်လို့ ရပါတယ်။
ငါးရံ့ကွင်းအစပ်ကြော်အတွက် ကြက်သွန်နီတစ်ဥပါးပါးလှီး၊ ကြက်သွန်ဖြူ ငါးတက်ညက်အောင်ထောင်းပြီး ဆီနှစ်ကျပ်ခွဲသားထဲ ရောကြော်မယ်။ ဆား၊ အရသာ အနည်းငယ်စီထည့်ပြီး ကြက်သွန်အဖတ်တွေ ရွှေဝါရောင်တောက်လာရင် ကြော်ထားတဲ့ ငါးရံ့ကွင်းတွေ ထည့်မွှေမယ်။ အိုးချခါနီးရင် ထက်ခြမ်းခွဲထားတဲ့ ကုလားအော်သီးအမှည့် ဆယ်တောင့် ထပ်ထည့်မယ်။ ဆီစစ်ယူပြီးရင်တော့ ငါးရံ့ကွင်းအစပ်ကြော် ရပါပြီ။
အဆင်သင့်ဖျော်ထားတဲ့ ငါးပိရည်ကို ရှိနေတဲ့ သခွားသီး၊ မုန်လာဖူးပြုတ်တွေနဲ့ ပေါင်းစားလိုက်ပါမယ်။
တရုတ်အစားအစာ၊ ထိုင်းအစားအစာ၊ ဥရောပအစားအစာတွေ တစ်ခါတလေစားကြည့်ရင်း ဗမာအစားအစာတွေ စားမယ်ဆိုရင်ဖြင့် ချက်စားကြည့်လို့ရမယ့် ဗမားငါးဟင်းအတွဲအစပ်ပါ။ ကျန်းမာခြင်း၊ ချမ်းသားခြင်းများ ပြည့်ပြည့်စုံစုံနဲ့ နှစ်ထောင့်နှစ်ဆယ်တစ်ကို ဖြတ်ကျော်ကြပါစို့။
Nan San San Aye
ပါ၀င္ပစၥည္းမ်ား
ငါးရံ့ခရမ်းချဉ်သီးချက် ချက်ရန်ပါဝင်ပစ္စည်းများ
ဆီ – ၁၅ ကျပ်သား
ကြက်သွန်နီ – ၂ ဥ
ကြက်သွန်ဖြူ – ၁ ဥ
ငရုတ်ပွ – ၅ တောင့်
ကိုင်းခရမ်းချဉ်သီး – ၁၀ လုံး
ငါးရံ့အမြီးပိုင်းအသား
ငါးခေါင်းဒန့်သလွန်ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
ငါးရံ့ခေါင်း
ဆီ – ၂ ကျပ်ခွဲသား
ဒန့်သလွန်သီး – ၅ တောင့်
ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငါးငံပြာရည် – စတီးဇွန်း ၂ ဇွန်း
မန်ကျည်းရည် – စတီးဇွန်း ၅ ဇွန်း
ရေ – ၁ ခွက် (၁၀ ကျပ်သား)
ငါးရံ့ကွင်းအစပ်ကြော်ရန် ပါဝင်ပစ္စည်းများ
ငါးရံ့ဗိုက်သား
ဆီ – ၂ ကျပ်ခွဲသား
ကြက်သွန်နီ – ၁ ဥ
ကြက်သွန်ဖြူ – ၅ တက်
ဆီ – ၂ ကျပ်ခွဲသား
ဆား – အနည်းငယ်
အရသာမှုန့် – အနည်းငယ်
ငရုတ်သီးအမှည့် – ၁၀ တောင့်