ထမနဲ

          ထမနဲက မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သလို ၁၂ လရာသီ ပွဲတော်ထဲက ပွဲတော်စာလည်း ဖြစ်ပါတယ်။ ချမ်းအေးလှတဲ့ တပို့တွဲလမှာ စားရတဲ့ ထမနဲအရသာကလည်း ထူးတယ်လို့ ဆိုရပါမယ်။

 

          မြန်မာ့စွယ်စုံကျမ်းအဆိုအရဆိုလျှင် “ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမနဲဟုခေါ်သည်။ ထမနဲကို အချို့ဒေသတွင် ယာဂုဟုလည်း ခေါ်သည်။ ယာဂု မှာ ပါဠိဘာသာဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟု အဓိပ္ပာယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ချင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။ ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်တော ရွာများအထိ ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်ပွဲအပါအဝင်ဖြစ်သော ယင်းပွဲတော်ကို တပို့တွဲလဆန်းမှစ၍ လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့ မြို့အရွာရွာတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ ထို့ကြောင့် “တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက် လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ”ဟု စပ်ဆိုထားခဲ့ကြသည်”လို့ ကိုးကားရပါတယ်။

          ကျွန်တော်ငယ်စဉ်က ရွာမှာမွေးပြီး ရွာမှာပဲ ကြီးပြင်းတဲ့အတွက် ထမနဲအရသာနဲ့ ထမနဲပွဲအရသာကို အရမ်း ရင်းနှီးခဲ့သူပါ။ ထမနဲဆိုရင် အုန်းသီးကြော်များများ၊ မြေပဲနဲ့ နှမ်းများများနဲ့မှပဲ စားကောင်းပါတယ်။ ဒီလိုတပို့တွဲ ထမနဲ ပွဲရာသီမှာ ထမနဲကို ထိုးကြပြီး ဘုရားဆွမ်းတော်ကပ်ကြ၊ ဘုန်းကြီးကျောင်းပို့ကြ၊ အိမ်တွေကိုပို့ပြီး ကုသိုလ်ယူကြတာက ကျွန်တော်တို့ရဲ့ ရွာဓလေ့ပါပဲ။ ရွာမှာတော့ ထမနဲကို ငှက်ပျောရွက်နဲ့ထုပ်ပြီး ဝေငှပါတယ်။ ရွာထဲတင်မကပါဘူး။ နီးစပ်ရာရွာတွေကိုလည်း ပို့ကြပါသေးတယ်။

          ကျွန်တော်တို့အိမ်မှာဆိုရင် ထမနဲထိုးဖို့ သစ်သား ယောက်မအကြီးကြီးတွေကို သီးသန့်ထားပါတယ်။ တစ်နှစ်လုံးသိမ်းထားပြီး ပွဲတော်ချိန်ရောက်မှ ထုတ်ပြီးသုံးပါတယ်။ ကျွန်တော်တို့ရွာက ဝါဆို၊ ဝါခေါင် မိုးတွင်းဆိုရင် ရေတိုးလေ့ရှိပါတယ်။ အဲဒီအချိန်ကျရင်လည်း ထမနဲထိုးတဲ့ သစ်သားယောက်မကြီးတွေက လှေလှော်တဲ့တက် ဖြစ်သွားပြန်ပါတယ်။

          ရွာမှာ ထမနဲထိုးတဲ့အခါမှာ ကောက်ညှင်းကြေသွားဖို့ဆိုလျှင် သစ်သားယောက်မ ၂ ချောင်းကို လူနှစ်ယောက်က မတ်တတ်ရပ်ပြီး ကိုင်ထားရပါတယ်။ ဒယ်အိုးဘေးမှာ နောက်လူတစ်ယောက်က ထိုင်ကာ ရပ်နေတဲ့ လူနှစ် ယောက်ကိုင်ထားတဲ့ ယောက်မ ၂ ချောင်းကိုပဲ ကိုင်ပြီး လူသုံးယောက် ဟန်ချက်ညီညီနဲ့ထိုးရပါတယ်။ ဆောင်းတွင်းပိုင်း အေးတဲ့ရာသီမှာတောင် ချွေးထွက်အောင် ထိုးရတဲ့ ထမနဲပါ။

          ကျွန်တော်တို့ရွာမှာ ထမနဲကို သစ်သားယောက်မနဲ့ ထိုးပေမယ့် ကျွန်တော်တို့ အဒေါ်တို့နေတဲ့ ရွာမှာတော့ ကျူရိုးနဲ့ ထိုးပါတယ်။ ကျွန်တော်မှတ်မိနေပါသေးတယ်။ တစ်နှစ်မှာ အိမ်မှာ ထမနဲထိုးကြတော့ အိမ်ကို အလည် ရောက်နေတဲ့ အဒေါ်က ပြောပါတယ်။ ကျူရိုးနဲ့ထိုးရင် ကောက်ညှင်းညက်လွယ်တယ်လို့ ပြောတော့ သိပ်ပြီး မယုံချင်ခဲ့ပါဘူး။ အဒေါ်ပြောတာနဲ့ ရွာအပြင်ထွက်ပြီး ကျူပင် သွားခုတ်ပါတယ်။ ဒီလောက်မာတဲ့ အသားကို ယောက်မနဲ့တောင် ခက်ခက်ခဲခဲ ကောက်ညှင်းကြေအောင် ထိုးနေရတာ ဘာမဟုတ်တဲ့ ကျူရိုးသေးသေးက ကောက်ညှင်း ညက်မယ်ဆိုတာ မထင်ထားခဲ့ပါဘူး။ ကျူရိုးနဲ့ ထမနဲကို တကယ်လက်တွေ့ထိုးတဲ့အခါ တကယ်ပဲ ကောက်ညှင်း ညက်တာကို သိခဲ့ရတယ်။

          ကျူရိုးနဲ့ ထမနဲထိုးမယ်ဆိုလျှင် ထမနဲထိုးတဲ့ မိုးဗြဲ ဒယ်ဘေးမှာ လူ ၃ ယောက်၊ ဒါမှမဟုတ် ၄ ယောက် ဝိုင်း ထိုင်ပြီးတော့ လက်မှာ ကျူရိုး ၂ ချောင်းကိုင်ပြီး ထိုးရုံပါပဲ။ အချိန်ကုန်သက်သာသလို ထမနဲလည်း ညက်လွယ်ပါတယ်။ ကျူရိုးက အခေါင်းပေါက်ဖြစ်လို့ ထမနဲထိုးရင်းနဲ့ ထမနဲက ကျူရိုးထဲကို ဖြည်းဖြည်းချင်းဝင်သွားတော့ ကောက်ညှင်းကျည်တောက်လိုဖြစ်သွားပြီး စားလို့လည်း ကောင်းပါတယ်။

          ကျူရိုးဆိုလို့ ကျွန်တော့်လို ရွာမှာနေတဲ့သူတွေက ကျူရိုးဆိုတာကို သိပေမယ့် မြို့မှာနေတဲ့ မြို့ ကြီးသူ၊ မြို့ ကြီးသားတော်တော်များများကတော့ သိမယ်လို့ မထင်ပါဘူး။ ကျူရိုးဆိုတာ ဝါးလုံးလိုပုံစံဖြစ်ပေမယ့် ဝါးလုံးလောက်လည်း လုံးပတ်မတုတ်သလို ဝါးလုံးလိုလည်း မမာပါဘူး။ အလေ့ကျပေါက်တဲ့ အပင်လည်းဖြစ်ပါတယ်။

          ကျွန်တော်တို့ ရွာမှာဆိုရင် ထမနဲ၊ နှမ်းမနဲရှိသလို ပဲမြစ်ထမနဲလည်း ရှိပါတယ်။ အခုလို ဆောင်းတွင်းပိုင်းမှာရတဲ့ ရာသီစာပဲမြစ်ကို ပြုတ်ပြီး မီးဖိုဘေးမှာ မီးလှုံရင်း စားကြသလို မြေပဲဆန်၊ နှမ်းလှော်၊ အုန်သီးဆန်တို့နဲ့ ရောပြီး ထမနဲလည်း ထိုးစားကြပါတယ်။  (foo & décor season 6)  မှာ ပဲမြစ်ထမနဲထိုးနည်းကို လုပ်ပြခဲ့ဖူးပါတယ်။) နောင်အလျဉ်းသင့်တဲ့အခါ Food Magazine အာလူး တစ်ခြမ်းလက်ရာများအစီအစဉ်မှာ ပြန်လည် ဖော်ပြပေးလိုပါတယ်။

          ရွာတွေမှာ ထမနဲထိုးပြီး ကုသိုလ်ယူကြသလို ထမနဲထိုးပြိုင်ပွဲ ကျင်းပပြီးလည်း ကုသိုလ်ယူကြပါတယ်။ ထမနဲ ထိုးပြိုင်ပွဲတွေမှာ ဒိုင်လူကြီးကို ၂ ဖွဲ့ ခွဲထားလေ့ရှိပါတယ်။ ကွင်းဒိုင်ကတော့ ထမနဲထိုးတဲ့နေရာအထိ သွားရာက်ကာ အသေးစိတ်ကြည့်ရှုပြီး အမှတ်ပေးရပါတယ်။ နောက်ဒိုင်ကတော့ ထိုးပြီးသား ထမနဲကို မြည်းစမ်းပြီး အရသာ ကောင်းမကောင်း အမှတ်ပေးရတဲ့ ဒိုင်ပဲဖြစ်ပါတယ်။ ပြိုင်ပွဲ ပြီးမှ ဒိုင်အမျိုးအစား ၂ မျိုးရဲ့ ရမှတ်ကိုပေါင်းပြီး အနိုင်၊ အရှုံး ဆုံးဖြတ်ရပါတယ်။

          ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် ပြင်ဆင်နိုင်တဲ့အချက်များကိုလည်း ဒိုင်တွေက သတ်မှတ် ပေးနိုင်ပါတယ်။ ဥပမာ- အုန်းသီးကို ခြစ်ယူလာခွင့်ပေးပေမယ့် ကြော်ယူလာခွင့်ကိုတော့ မပေးတာတို့၊ ပြီးတော့ ကိုယ့်စိတ်ကြိုက်ဒယ်အိုးကို ယူလာခွင့်နဲ့ မီးဖိုအမျိုးအစားကိုလည်း စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးထားပါတယ်။ မီးဖိုဆိုလျှင် တချို့က မြေတွင်းတူးပြီး သုံးပေမယ့် တချို့က သံဖိုခနောက်ကို သုံးကြပါတယ်။ အဲဒါကြောင့် မီးဖိုကိုတော့ စိတ်ကြိုက်သုံးခွင့်ပေးပါတယ်။ ဒါပေမဲ့ မီးကိုတော့ ကြိုတင်မီးမွှေးခွင့် မပြုပါဘူး။ သစ်သားယောက်မနဲ့ ထမနဲ ထိုးခွင့်ပြုသလို ကျွန်တော်ပြောပြတဲ့ ကျူရိုးနဲ့ထိုးတာကိုလည်း ခွင့်ပြုပါတယ်။

          ထမနဲထိုးပြိုင်ပွဲကျင်းပပြီး ထိုးထားတဲ့ ထမနဲကို ရွာမှာဆိုရင် ဘုန်းကြီးကျောင်း ပို့ပြီး လှူဒါန်းသလို ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားနဲ့ ကလေးတွေကို ဝေငှပြီးလည်း ကုသိုလ်ယူလေ့ရှိပါတယ်။

          မြို့ကြီးတွေမှာတော့ မိဘမဲ့ကျောင်းများနဲ့ စာသင်ကျောင်းများကို ပို့ပြီး လှူဒါန်းကြပါတယ်။ ထမနဲပွဲက မြန်မာ့ရိုးရာပွဲတော်ရဲ့ ထုံးစံအတိုင်း ပျော်ရွှင်မှုတွေနဲ့အတူ ကုသိုလ်တွေ အများကြီးပေးတဲ့ပွဲတော် ဖြစ်ပါတယ်။ ပြီးတော့ အများနဲ့စုပေါင်းပြီးမှ ကျင်းပရတဲ့အတွက် ပိုပြီး ရင်းနှီးမှုကို ရစေပါတယ်။

          ဒီပွဲတော်ရဲ့အရသာကို ကျွန်တော်တို့လို ဆောင် ရာသီအေးတဲ့ အညာနဲ့ အထက်မြန်မာပြည်မှာ နေတဲ့သူ တွေကတော့ ပိုပြီးခံစားနိုင်ပါတယ်။ အဲဒါကတော့ မီးဖိုဘေးမှာ မီးလှုံရင်း စားရတဲ့ ထမနဲအရသာပါပဲ။ ထမနဲထိုးပုံ ထိုးနည်းက ဒေသအလိုက် အနည်းငယ် ကွဲပြားကြပါတယ်။

          “ထမနဲသည် ထည့်သောပစ္စည်းများ အချိန်အဆ မှန်၍ အထိုးနိုင်က အလွန်စားကောင်းရုံမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။ ထမနဲထိုးသည့်အခါ ထည့်သည့်အချိန်အဆများကို အောက်ပါ တေးထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။

          ကုံရာသီမာသ၊ သဘာဝရွှင်စွာ၊ ထာဝရစဉ်လာ၊ များသူငါခြိမ့်သဲ။

          ညာဇမ္ဗသာဓုခေါ်အောင်၊ ယာဂုတော်ကြိုဆောင်သည့်ပွဲ။

          စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။

          ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်း ထည့်ပြန်။

          မြေပဲဆန် အဋ္ဌဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။

          အုန်းသီးစိတ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။

          ဂျင်း(ချင်း)နုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။

          အထက်ပါတေးထပ်အရ ထမနဲထိုးလိုမူ ကောက် ညှင်းဆန် ၄ ပြည်ကို ရေစင်အောင်ဆေး၍ ဆီ ၁ ပိဿာကို ဒယ်တွင်ထည့်ကာ ချင်း ၃ ကျပ်သားနှင့် ဆီသတ်ပြီး ကောက် ညှင်း ထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော် ဖိုမှချ၍ ကြေအောင် နှဲရသည်။ ယင်းကဲ့သို့ နှဲရာတွင် ယောက်မ ၂ လက်နှင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်းထဲ မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား နှံ့အောင် ထည့်၍မွှေလျှင် ထမနဲဖြစ်သည်။ ထမနဲသည် အပူစာချည်းပါ၍ ဆီနိုင်သော အစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတွင် ထိုးပွဲကျင်းပပြီး စားကြသည်ဟု ဆိုကြသည်။ အလွန်အေးပြီး အဆီခြောက်ခန်းချိန်ဖြစ်သဖြင့် ဆီနိုင်သော ဤထမနဲကို စားသုံးလျှင် စိုပြည်လာပြီး အပူ ဓာတ်ရလာသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာ ဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမနဲစားသင့်သည်ဟု လာသည်” လို့ မြန်မာ့စွယ်စုံကျမ်းအရ ဆိုပါတယ်။ အိမ်မှာ နည်းနည်းပဲ လုပ်စားမယ်ဆိုရင်တော့ ကျွန်တော် လုပ်နည်းလေးကို ပြောပြချင်ပါတယ်။

ထမနဲ

          ဒီထမနဲထိုးနည်းကတော့ ဒယ်ကြီးနဲ့မဟုတ်ဘဲ အိမ်မှာစားဖို့ဆိုတော့ မကပ်တဲ့ အိုးနဲ့ပဲ ထိုးပါတယ်။ တူးမှာလည်း မစိုးရိမ်ရတော့ပါဘူး။ ကျွန်တော်တို့အိမ်မှာ ပဲကြီးဆိမ့်တို့၊ ထမနဲတို့ထိုးပြီဆိုလျှင် ဘေးမှာ ရေနွေးအိုး အမြဲတည်ထားပါတယ်။ ပဲမနူးတာပဲဖြစ်ဖြစ်၊ ကောက်ညှင်းမအိတဲ့အခါတွေမှာပဲဖြစ်ဖြစ် ရေနွေးထပ်ထည့်ပြီးထိုးတာ့ အဆင်ပြေသွားတာပေါ့။ အိမ်မှာ အဘွားနဲ့ အမေတို့ လုပ်နေကျတွေကို အမှတ်မထင်မြင်ရာကနေ မှတ်ထားတဲ့ အချက်လေးတွေပါ။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန်  –  ၄ ခွက် ( ပေါင်းအိုးထဲက ခွက်) (တစ်ညရေစိမ်ထားပါ)

မြေပဲလှော်  –  ၁၂၀ ဂရမ် (မညက်တညက်ထောင်းထားပါ)

အုန်းသီးဖတ်  –  ၁၀ဝ ဂရမ်    

နှမ်းလှော်အဖြူ  –  စားပွဲဇွန်း ၃ ဇွန်း

နှမ်းလှော်အမည်း  –  စားပွဲဇွန်း ၃ ဇွန်း

ချင်း  –  ၁၀ဝ ဂရမ် (အမျှင်သေးသေးလှီးထားပါ)

ဆီ  –  ၃ ခွက် (ထမင်းပေါင်းအိုးထဲက ခွက်)

ဆား  –  စားပွဲဇွန်း ၁/၂ ဇွန်း

ရေ  –  ၅၀ဝ မီလီလီတာ + ၅၀ဝ မီလီလီတာ

ရေနွေး

ပြုလုပ်နည်း

၁။       ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဆန်ခါနဲ့ ရေစစ် ထားပါ။

၂။       အုန်းသီးဖတ်ကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလျှင်  အုန်းသီးဖတ်ထည့်ပြီး နီညိုရောင်သန်းအောင် ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပါ။

၃။       ပြီးလျှင် ချင်းထည့်ကြော်ပါ။

၎။       အနံ့မွှေးပြီး ချင်းကြွပ်လာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ထည့်ပြီး ကြော်ပါ။ ဆားထည့်ပြီး ကြော်ပါ။

၅။       ပြီးလျှင် ရေ ၅၀ဝ မီလီလီတာ ထည့်ပြီး ချက်ပါ။ အဖုံးဖုံးထားပြီး မီးအရှိန်လျှော့ထားပါ။

၆။       အဖုံးဖွင့်ပြီး ဆန်အနေအထားကို ကြည့်ပါ။ ဆန်ပျော့လျှင် သစ်သား ယောက်မနဲ့ မွှေပါ။

၇။       ပြီးလျှင် နောက်ထပ် ရေ  ၅၀ဝ မီလီလီတာ ဖြည်းဖြည်းချင်းထည့်ပြီး မွှေပါ။

၈။       မွှေနေတဲ့အချိန်မှာ ထောင်းထားတဲ့ မြေပဲထည့်ပြီး မွှေပါ။ ကောက်ညှင်း သိပ်ပြီး မအိသေးဘူးဆိုလျှင် ရေနွေးထည့်ပြီး ထိုးပါ။

၉။       ကောက်ညှင်းအိလာလျှင် ကြော်ထားတဲ့ အုန်းသီးဖတ်နဲ့ နှမ်းထည့်ပြီး မွှေပါ။

၁၀။     ယောက်မ ၂ ချောင်းနဲ့ ကောက်ညှင်းကို ပိုပြီးအိလာအောင် ခြေပေးပါ။

၁၁။     ကဲ… ဒါဆိုလျှင် အိမ်မှာ စားသုံးဖို့ ထမနဲအဆင်သင့် ဖြစ်ပါပြီ။

မြင့်ဦးသာ

Facebook Comments

Menu