
ကျွန်တော့်မိတ်ဆွေ ထားဝယ်တိုင်းရင်းသားတစ်ဦးက ဒီဟင်းလျာချက်ပြုတ်နည်းလေးကို ပေးခဲ့တာပါ။ ထားဝယ်ရိုးရာ အတိုင်း ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင်တော့ ပင်လယ်ပုစွန်၊ ပင်လယ်ခရု၊ ပင်လယ်ခုံး စတဲ့ အလွန်ချိုတဲ့ ပင်လယ်စာတွေနဲ့ ချက်တာလို့ သိရပါတယ်။ ကျွန်တော်က အဲဒီထားဝယ်ချဉ်ပေါင်ဟင်းကိုအခြေခံပြီး စားသုံးသူတိုင်းနဲ့ အဆင်ပြေအောင် ရေချိုပုစွန်တစ်မျိုးတည်းနဲ့ ပြင်ဆင်ချက်ပြုတ် ထားတာပါ။ ချဉ်ပေါင်ရွက်က ဆေးဖက်ဝင်ပြီး အစာကြေလွယ်တဲ့ အလွန်ထူးခြားတဲ့ ဟင်းရွက်တစ်မျိုးမို့ ကျွန်တော်တို့မြန်မာပြည်မှာတော့ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတယ်လို့ လေ့လာမိတာကြောင့် ဒီဟင်းလျာလေးကို ရွေးချယ်တင်ဆက်ပေးလိုက်တာပါ။ ဒီဟင်းလျာလေးကို အပတ်စဉ် “5 Plus Channel,5 Net Work” ကတင်ဆက်ပေးနေတဲ့ “မျှတစုံလင်စားဖွယ်ပြင်”အစီအစဉ်မှာ တင်ဆက်ခဲ့တာကို ပရိသတ်ကြီးအတွက် ထပ်မံဖော်ပြပေးလိုက်ပါတယ်။ ထူးခြားတဲ့ ထားဝယ်ချဉ်ပေါင်ဟင်းလေးကို အိမ်မှာပြင်ဆင်ချက်ပြုတ်ပြီး မိသားစုများအားလုံး ကျေနပ်နှစ်သက်မှုရှိနိုင်ကြပါစေဗျာ . . .
► ပါဝင်ပစ္စည်းများ
♦ ရေချိုပုစွန်ထုပ် (River Prawn) – ၃ ကောင်
♦ ချဉ်ပေါင်ရွက် (Roselle Leaves) – ၁ဝ ကျပ်သား (၁၆g)
♦ ကြက်သွန်နီ (Onion) – ၂ လုံး
♦ ကြက်သွန်ဖြူ (Garlic) – ၅ တတ်
♦ ရေသန့် (Water) – ၁ လီတာ
♦ မျှင်ငါးပိ (Shrimp Paste) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ပိန်းဥ (Taro) – ၁ဝ ကျပ်သား (16 g)
♦ ရုံးပတီသီး (Okra) – ၁ဝ တောင့်
♦ ငရုတ်သီးစိမ်း (Fresh Chili) – ၁ဝ တောင့်
♦ ဆား (Salt) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်ကောင်းမှုန့် (Crushed Black Paper) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငါးငံပြာရည် (Fish Sauce) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
► ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
၁။ ရေချိုပုစွန်ထုပ်ကို သန့်စင်ထားပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည်တို့ဖြင့် အရသာသွင်း၍ မိနစ် ( ၂ဝ ) ခန့်နှပ်ထားပါ။
၂။ ချဉ်ပေါင်ရွက်ကို အရွက်ခြွေပြီး သေချာစွာသန့်စင်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားပါ ။
၃။ ပိန်းဥကိုအခွံနွှာပြီး ရုံးပတီသီးကို သုံးပိုင်းလှီးဖြတ်၍ ငရုတ်သီးစိမ်းကို အညှြာေ့ခွထားပါ။
၎။ အိုးတစ်လုံးထဲတွင် အသင့်သန့်စင်ထားသော ချဉ်ပေါင်ရွက်ကို ရေသန့်အနည်းငယ်ဖြင့် ကြေအောင် ဦးစွာကျိုထားပါ။
၅။ ချဉ်ပေါင်ရွက်ကြေလျှင် အသင့်အခွံနွှာထားသော ပိန်းဥနှင့် မျှင်ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ထည့်ချက်ပါ။
၆။ အရသာကို ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ထိန်းညှိပြီး ပိန်းဥနူးအောင် ရေသန့်ထပ်ထည့်ပြီး ချက်ထားပါ။
၇။ ပိန်းဥနူးလျှင် အသင့်အရသာသွင်းထားသော ရေချိုပုစွန်ထုပ် ထည့်ချက်ပေးပါ။
၈။ ရေချိုပုစွန်ထုပ်နူးလျှင် အသင့်သန့်စင်ထားသော ရုံးပတီသီးထည့်ချက်ပြီး ငရုတ်သီးစိမ်း အနည်းငယ်အုပ်၍ တည်ခင်းပါ။