
by Chef Sunny for Food Magazine
ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးလိုတဲ့ ဟင်းလျာလေးကတော့ “ပင်လယ်စာနှင့် သီးရွက်စုံ ခရုဆီကြော်” လေးပါပဲဗျာ။ ပင်လယ်စာအစုံနဲ့ သီးရွက်စုံကို ခရုဆီ၊ ကြက်သွန်ဖြူတို့နဲ့ အရသာမျှတအောင် စီမံကြော်ချက်ထားတာပါ။ ပရိုတင်းဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အစုံရစေမယ့် ဟင်းလျာလေးပါ။ ပြင်ဆင်ရတာလည်း အလွန်လွယ်ကူပြီး အရသာလည်း ထူးခြားပါတယ်။ တရုတ်အစားအစာ ပြင်ဆင်နည်းလေးကို အခြေခံပြီး ပြင်ဆင်ထားတာမို့ လွယ်ကူမြန်ဆန်စေပါတယ်။ ကဲ… ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်း ရှိ၊ အာဟာရလည်းပြည့်စေမယ့် “ပင်လယ်စာနှင့် သီးရွက်စုံ ခရုဆီကြော်” လေး ချက်ကြည့်ကြရအောင်…။ OK…
ပါဝင်ပစ္စည်းများ
ပန်းစိမ်း- ၅၀ ဂရမ်
ပန်းဂေါ်ဖီ- ၅၀ ဂရမ်
ရွှေပဲသီး- ၃၀ ဂရမ်
ပြောင်းဖူးငယ်- ၃ ဖူး
ကောက်ရိုးမှို- ၃၀ ဂရမ်
မုန်လာဥနီ- ၃၀ ဂရမ်
ကြက်သွန်ဖြူ- ၁၅ ဂရမ်
ပုစွန်- ၅၀ ဂရမ်
ကင်းမွန်ငါး- ၅၀ ဂရမ်
ရှမ်းငရုတ်နီ အမျှင်ပါးပါး- ၅ ဂရမ်
ကြက်သွန်မြိတ်- ၁၀ ဂရမ်
ဟင်းချက်ဆီ- ၃ ဇွန်း
နှမ်းဆီမွှေး- အနည်းငယ်
ခရုဆီ- ၂၀ ဂရမ်
ကြက်ပြုတ်ရည်- ၈၀ မီလီလီတာ
ပြုလုပ်နည်း
၁။ ပန်းစိမ်း၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီးနှင့် မုန်လာဥနီနှင့် ပြောင်းဖူးငယ်တို့ကို လှီးဖြတ်ပြီး သန့်စင်၍ ပြုတ်ပြီး အအေးခံထားပါ။
၂။ ကောက်ရိုးမှိုကို ထက်ခြမ်းလှီးဖြတ်ပြီး ကြက်သွန်ဖြူ၊ ဟင်းချက်ဆီတို့နှင့် ဆိီသတ်ပါ။
၃။ ကောက်ရိုးမှို မွှေးလာလျှင် ပုစွန်နှင့် ကင်းမွန်ငါးကို ၃ မိနစ်ခန့် ရောပြီးကြော်ပါ။
၄။ ပင်လယ်စာများ မွှေးလာလျှင် ခရုဆီနှင့် ကြက်ပြုတ်ရည် ထည့်ကြော်ပါ။ အသင့်ပြုတ်ထားသော သီးရွက်စုံနှင့် နူးအောင် ရော ကြော်ပါ။
၅။ ပင်လယ်စာနှင့် သီးရွက်စုံကျက်လျှင် နှမ်းဆီမွှေးအနည်းငယ် အုပ်ပြီး ကြက်သွန်မြိတ်၊ ရှမ်းငရုတ်နီ အမျှင်ပါးပါးတို့နှင့် အလှဆင်ပြီး တည်ခင်းပါ။