
ခုချက်ပြမဲ့ဟင်းပွဲလေးက ကျွန်တော် နောင်မှာ အချိန်ရရင် တင်ဆက်ပေးချင်တဲ့ ‘ One Pot Meal’ ‘အိုးချက်တစ်ခါ’လို့ခေါ်တဲ့ လိုအပ်မဲ့ပစ္စည်းအားလုံးကို အိုးတစ်အိုးမှာ အားလုံး ရောထည့်ပြီး တစ်ချိန်တည်း၊ တစ်ခါတည်း၊ ကျက်တဲ့ထိ ချက်ပြုတ်သွားတဲ့ နည်းပညာ (Cooking Method)တစ်ခုဖြစ်ပါတယ်။ ‘One Pot Meal’ ဟာ အချိန်မရဘဲ မီးဖိုချောင်မှာ အချိန်မပေးနိုင်သူတွေအတွက် တီထွင်ပေးထားတဲ့ ချက်ပြုတ်နည်းပညာ တစ်ခုပါပဲ။ အဲဒီချက်ပြုတ်နည်းကို ဟိုးအရင်တုန်းက အရမ်းသဘောကျခဲ့ပါတယ်။ ခုဆို ကျွန်တော့်ကိုယ်ပိုင်Fusion လေးနဲ့ ချက်ပြုတ်နိုင်ပြီမို့ ခုဒီ ‘ပန်းသီး ရှောက်ချိုအာလူး နီနဲ့ ကြက်သားအိုးချက်’ကို ကျွန်တော့်ပရိသတ်အားလုံးအတွက် တီထွင်ဖန်တီးချက်ပြုတ်ပေးနိုင်ပါပြီ။ လက်တွေ့ချက်ပြုတ်ကြည့်လို့ ကြိုက်နှစ်သက်ကြရင် အကြံဥာဏ်တွေပေးနိုင် ပါတယ်။ Face Book က Dexter Ng (သို့) [email protected]ကို Message ပေးနိုင်ပါတယ်။
► လိုအပ်သောပစ္စည်းများ
♦ ကြက်သား (ပေါင်လုံး) – ၈ ချောင်း
♦ ပန်းသီး – ၁ လုံး (အခွံခွာ၊ အနေတော် အရွယ်အတုံးလှီး)
♦ ကြက်သွန်ဖြူ – ၁ လုံး (အခွံချွတ်၊ အမြွှာလိုက်ခွဲထား)
♦ အာလူးနီ – ၅ လုံး (အရွယ်တော်၊ အနေတော်အရွယ်အတုံးလှီး)
♦ ရှောက်ချိုသီး (Lemon) – ၂ လုံး (တစ်လုံးကို ထက်ခြမ်းလှီး၊ အရည်ညှစ်ထားပါ။ ကျန်တစ်လုံးကို ပါးပါးအကွင်းလိုက် လှီးထားပါ)
♦ ကြက်သွန်နီ – ၁ လုံး (အခွံချွတ်၊ အနေတော်အရွယ်လှီး)
♦ ခရဲမ်ဘယ်ရီအခြောက် – ၁/၂ ခွက် (၈အောင်စခွက်အရွယ်) (Dried Cranberry)
♦ သံလွင်ဆီ (Olive Oil) – ၁ ၁/၂ ဇွန်း (စားပွဲဇွန်း)
♦ ရှလကာရည်အဖြူ (White Vinega) – ၁/၂ ခွက် (၈အောင်စခွက်အရွယ်)
♦ ပန်းသီးရည် (Apple Juice) – ၁/၂ ခွက် (၈အောင်စအရွယ်)
♦ ငရုတ်ကောင်းမှုန့်နဲ့ ဆား – စိတ်ကြိုက်
► ချက်ပြုတ်နည်း
၁။ ကြက်ပေါင်လုံးကို ရေဆေး၊ သန့်ရှင်းပြီး အခြောက်သုတ်ပါ။
၂။ သံလွင်ဆီတစ်ဇွန်းကို ကြက်ပေါင်လုံးပေါ် ဖြန်းပြီး သမအောင် လူးပေးပါ။
၃။ ဆားနဲ့ ငရုတ်ကောင်းမှုန့် စိတ်ကြိုက်ဖြူးပြီး သီးသန့်ဖယ်ထားပါ။
၎။ အာဗင် (Oven)မှာ သုံးမယ့် အိုးမှာ အာလူးတွေထည့်ပြီး ကျန်သေးတဲ့ သံလွင်ဆီ ဇွန်းဝက်ကို ဖြန်းပေးပြီး သမအောင် လူးပေးပါ။
၅။ ပန်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အာလူးနဲ့ ရောနှောပြီး အိုးထဲမှာ မျက်နှာပြင်ညီညာအောင် ဖိသိပ်ပေးပါ။
၆။ ခရဲမ်ဘယ်ရီခြောက် (Dried Cranberry)တွေကို သမအောင်ဖြူးပေးပါ။
၇။ ကြက်ပေါင်လုံးတွေကို အပေါ်မှာ အစီအရီတင်ပြီး ပါးပါးလှီးထားတဲ့ ရှောက်ချိုသီးအကွင်းတွေကို ကြက်ပေါင်လုံးတွေပေါ် ထပ်တင်ပါ။
၈။ ရှလကာရည်အဖြူနဲ့ ပန်းသီးအရည်ကို အိုးထဲလောင်းထည့်ပေးပါ။
၉။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ကို နှစ်သက်ရင် ထပ်ဖြူးပေးနိုင်ပါတယ်။
၁ဝ။ အိုးကို အလျူမီနီယံငွေစက္ကူနဲ့ လုံလုံခြုံခြုံအုပ်ပါ။
၁၁။ အာဗင်ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ချိန်ပြီး ၁ဝ မိနစ်လောက် ကြိုအပူပေးပါ။
၁၂။ ကြက်သားအရောအနှော အိုးကို ၁ နာရီခွဲကြာ ကင်ပါ။
၁၃။ ကြိုက်နှစ်သက်ရာနဲ့ ကြက်သားဟင်းကို သုံးဆောင်နိုင်ပါပြီ။