ပုစွန်ကော်ကြော်

FD-54

သမားရိုးကျ ကော်ကြော်ပျော့အိလေးနဲ့ မတူတဲ့ မမီးရဲ့ ကော်ကြော်နည်းလေးပါ။ ကော်ကြော်ဝယ်စားတဲ့အခါ ပူပူနွေးနွေး ကြွပ်နေဆဲ အပိုင်းလေးတွေကိုပဲကြိုက်လို့ ကြွပ်ကြွပ်လေးပဲစားရအောင် ကြံစည်ရင်း စမ်းသပ်ရင်းနဲ့ နောက်ဆုံးမှာ မမီးနှစ်ခြိုက်တဲ့အနေထားရလာတယ်။ နေ့လယ်စာ အဆာပြေအနေနဲ့စားစား၊ တီဗွီကြည့်ရင်းစားစား လွယ်ကူမြန်ဆန်တဲ့ ကော်ကြော်ကြွပ်ကြွပ် ကြော်နည်းလေးကို အသစ်အဆန်းလေးတွေဖန်တီးချင်တဲ့ အိမ်ရှင်မတွေဆီ လက်ဆင့်ကမ်းလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ ( ၈ ခုစာ)
•    ပုစွန်            –    ၁၆ ကောင်
•    ကော်မှုန့်      –    ၅ဝ ဂရမ်
•    ဆန်မှုန့်        –    ၃ဝ ဂရမ်
•    ရေ              –    ၁၃ဝ မီလီမီတာ
•    ကြက်သားမှုန့်     –    လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
•    ဆား            –    အနည်းငယ်
•    ဘိတ်ကင်ပေါင်ဒါ    –    လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
•    ပဲပင်ပေါက်   –    လက်တစ်ဆုပ်ခန့်
•    တရုတ်ကြက်သွန်မြိတ်    –    ၄ ပင်
•    ကြက်ဥ        –    ၁ လုံး
•    မြေပဲဆီ       –    စားပွဲဇွန်း ၄ ဇွန်း

အချဉ်ရည်ပြုလုပ်ရန်
ငရုတ်ဆီအမျိုးအစားကောင်းကောင်းကို မပျစ်မကျဲကြိုထား သော ထန်းလျက်ရည်ဖြင့် မိမိနှစ်သက်ရာ အချိုအစပ်အရသာထွက် အောင်ရောစပ်ကာ နှမ်းလေးဖြူးပြီး ကော်ကြော်ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါသည်။
•    စားပွဲဇွန်း ၁ ဇွန်း                –   ၁၅ မီလီမီတာ
•    လက်ဖက်ရည်ဇွန်း ၁ ဇွန်း    –     ၅ မီလီမီတာ
•    ၅ ကျပ်သား (ခန့်မှန်းခြေ)     –     ၈၂ ဂရမ်

ပြုလုပ်ပုံ
၁။    ပုစွန်ကို ရေဆေးပါ။ ခေါင်းဖြုတ်ပြီး အခွံချွတ်ပါ။ ပုစွန်ခွံများကို (ခေါင်းမပါ) ရေဖြင့် ကျင်းပြီး အရည် ၁၃ဝ မီလီမီတာယူထားပါ။
၂။    ပုစွန်ရဲ့ ဝမ်းဗိုက်တလျှောက်မှာ ကန့်လန့်ဖြတ် ဓားအရာလေး ၃ ခါပေးပြီး ဆန့်ထွက် သွားအောင် ကြောဘက်မှဖိပေးပါ။ သို့မှသာ ပုစွန်ကြော်သောအခါ ကွေးမသွားပါ။
၃။    ဇလုံတစ်ခုထဲတွင် ကော်မှုန့်၊ ဆန်မှုန့်၊ ကြက်သားမှုန့်၊ ဆားတို့ကို ရောမွှေပါ။ ပုစွန် အခွံကျင်းရည် ၁၃ဝ မီလီမီတာ ထည့်မွှေပါ။ တရုတ်ကြက်သွန်မြိတ်ကို နှစ်သက်ရာ အရွယ်လှီးပြီး ထည့်မွှေထားပါ။
၎။    ကြက်ဥတစ်လုံးကို သမအောင်ခေါက်ထားပါ။
၅။    မကပ်သောဒယ်အိုး (Non-stick Pan) ကို မီးဖိုပေါ်တင်ပါ၊ မီးအပူကို အလယ်လတ်တွင်ထားပါ။ ဆီအနည်းငယ်ထည့်ပြီး ပုစွန်ထည့်ကြော်ပါ။ အကျက်မလွန်စေဘဲ အရောင်နီလာရုံလေးသာ လှိမ့်ကြော်ပါ။ အနီရောင်သန်းလာသောအခါ ဆယ်ထားပါ။ ပဲပင်ပေါက်ကို အစိမ်းအတိုင်းမစား လိုလျှင် အနည်းငယ်ပူသွားအောင် ဒယ်အိုး ပူတွင်ထည့်လှိမ့်ပြီး ဆယ်ထားပါ။
၆။    ဒယ်အိုးကို ရေဆေးပြီး မီးဖိုပေါ်ပြန်တင်ပါ။ မီးအပူကို အလယ်လတ်တွင်ထားပါ။ ဆီအနည်းငယ် ထည့်ပါ။ ကော်မှုန့်ရည်ကို မွှေပေးပြီး အရည်ရဲ့ ၈ ပုံ ၁ ပုံထည့်ပါ။ နှံ့သွားအောင် ဒယ်အိုးကိုစောင်းပြီး ဖြန့်ပေးပါ။
၇။    ကြက်ဥအရည်ကို ၈ ပုံ ၁ ပုံစာယူပြီး မုန့်ရည်ပေါ်ဖြန့်ထည့်ပေးပါ။ အောက်ဘက် အဝါရောင်သန်း လာလျှင် နောက်တစ်ဖက်ကို ခဏလှန်ပေးပါ။ တစ်ခါ ပြန်လှန်ပေးပြီး ပုစွန် ၂ ကောင်ထည့်၊ ပဲပင်ပေါက်ထည့်၊ အနား ၂ ဘက်ကို အတွင်းဘက် ခေါက်ပေး၊ ဆီစုပ်စက္ကူတင်ထားတဲ့ပန်းကန်ပေါ် ဆယ်ယူပြီး ပုစွန်ကော်ကြော် ပူပူနွေးနွေး ကြွပ်ကြွပ်လေးကို ငရုတ်ဆီရည်ဖြင့် သုံးဆောင်နိုင်ပါပြီ။ ကျန်ရှိနေသော မုန့်ရည်များကိုလည်း အထက်ပါအတိုင်း ဆက်ကြော်သွားပါ။ ဆီလိုအပ်လျှင် ထပ်ထည့်ပေးပါ။
မှတ်ချက်။      ။  ပဲပင်ပေါက် နုနုဖောင်းဖောင်းလေးများကိုသာ အသုံးပြုသင့်ပါတယ်။

Facebook Comments