
ပဲ အမျိုးမျိုးရှိတဲ့အနက် ပဲစောင်းလျား (ပဲဇောင်းယား)ဟာ နာမည်ဆန်းပြား သလို အသွင်သဏ္ဌာန်လည်း ထူး ခြားပါတယ်။ ပဲစောင်းလျားဆိုတဲ့ နာမည်ထဲက ‘စောင်း’ ဆိုတဲ့ စကားလုံးကို ‘စလုံး’နဲ့ ရေးပေမယ့် ‘ဇကွဲ’သံ’ဇောင်း’ လို့ အသံထွက်ပါတယ်။ စားပွဲစောင်း (ဇောင်း) နဲ့ ဆောင့်မိလို့ ခေါင်းပေါက်သွားတယ်၊ တောင်စောင်း (ဇောင်း)က သစ်ပင်၊ လက်ဝါးစောင်း (ဇောင်း)နဲ့ ခုတ်တယ်၊ ချိုစောင်း (ဇောင်း)က ဒဏ်ရာစတဲ့ စကား တွေမှာလည်း ‘စောင်း’ ကို ‘ဇောင်း’ လို့အသံထွက်ပါတယ်။ စားပွဲစောင်းနဲ့ ဆောင့် မိတယ် ဆိုရာမှာ စားပွဲစောင်း (ဇောင်း) ဆိုတာ စားပွဲရဲ့ ထွက်နေတဲ့ အစွန်းကို ပြောတာပါ။ ပဲစောင်း (ဇောင်း)လျားသီးဆိုတာလည်း ပဲသီးတောင့်မှာ အလျားလိုက်အစွန်း ၄ – ခု ထွက်နေတာ မို့ ပေးထားတဲ့ နာမည် ဖြစ်ပုံရပါ တယ်။ အခြားပဲတွေနဲ့ အသွင်မတူဘဲ ပဲအမျိုးအစားတစ်ခု မဟုတ် ဘဲ စောင်းလျားသီးဆိုတဲ့ အသီးတစ်မျိုးနဲ့ အသွင်တူနေပါ တယ်။
စောင်းလျားသီးနှင့် အသွင်တူနေလို့လည်း ပဲစောင်း လျားလို့ အမည်ရသွားပုံ ပေါ်ပါတယ်။ ဒါပေမဲ့ စောင်း လျားသီးက စောင်း (ဇောင်း) ၅ ခု ပါပြီး ပဲစောင်းလျားသီးက စောင်း (ဇောင်း) ၄-ခုသာ ပါပါတယ်။ အသီးတွေကို ကန့် လန့်ဖြတ်လှီးလိုက်ရင် ပေါ်ပါတယ်။
ပဲစောင်းလျားကို အခြားနိုင်ငံတွေမှာ အတောင်ပံပါ တဲ့ပဲ (ွှWinged Bean ,Winged Pea)လို့ လူသိများပါတယ်။ မြန်မာတွေက စောင်း (ဇောင်း)လို့ မြင်တဲ့ အစွန်းကလေး တွေကို သူတို့က တောင်ပံ (Wing)ကလေးတွေလို့ မြင်ပုံပေါ် ပါတယ်။ တောင်ပံ ၄ – ခုပါတဲ့ အသီးရဲ့ အသွင်သဏ္ဌာန်ကို တိတိကျကျ ပေါ်လွင်အောင် ထောင့်လေးထောင့်ပါတဲ့ပဲ (Four-Angled Bean, Four Conered Bean)လို့ နာမည် ပေးထားတဲ့နိုင်ငံတွေလည်း ရှိ ကြပါတယ်။ နယူးဂီနီပဲ (New Guinea Bean)၊ မနီလာပဲ (Manila Bean)၊ မောရစ်ရှပ်(စ်) ပဲ (Mauritius Bean) ဆိုပြီး စိုက်ပျိုးထွက်ရှိရာ ဒေသရဲ့ အမည်ကို ပေးထားတာလည်းရှိ ပါတယ်။ Asparagus Pea, Princess Pea, Goa Bean လို့လည်းခေါ်ကြတာရှိပါ သေးတယ်။
အပူပိုင်း ဒေသထွက် ပဲစောင်းလျားသီးဟာ နယူးဂီနီ ဇာတိဖြစ်ပါသတဲ့။ အီကွေ တာနှင့် နီးပြီး ပူအိုက်စွတ်စို ရာသီဥတုရှိတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှာ အများအပြား စိုက်ပျိုးစား သုံးကြပါတယ်။ ဒီနိုင်ငံတွေမှာလောက် အများအပြား မဟုတ်ပေမယ့် အခြား အရှေ့တောင်အာရှနိုင်ငံတွေနှင့် ပါပူးဝါးနယူးဂီနီ နိုင်ငံတွေမှာလည်း စိုက်ပျိုးကြပါတယ်။ ပဲစောင်းလျားပင်ရဲ့ အရွက်၊ အပွင့်၊ အသီး၊ အစေ့၊ အမြစ် စတဲ့ အစိတ်အပိုင်းအားလုံးကို အမျိုးမျိုးစားသုံးနိုင်တာ ကြောင့် တစ်ကြောင်း၊ ရောဂါ ဒဏ်ခံနိုင်ရည်ရှိတာကြောင့် တစ်ကြောင်း၊ ယာသမား စိုက်ပျိုးရေးသမားတွေက ပဲစောင်း လျား စိုက်ရတာကို သဘောကျကြပါတယ်။
ပဲစောင်းလျားပင်ဟာ နွယ်ပင်တစ်မျိုးဖြစ်တာမို့ စင်ထိုးပေးပြီး စိုက်လို့ရပါတယ်။ အိမ်ရဲ့နံရံ၊ ယာတဲရဲ့နံရံနှင့် ခေါင်မိုးတို့မှာ နွယ်တက်စေပြီး စိုက်လို့လည်းရပါတယ်။ ထောင် မတ်နေတဲ့ အပင်တွေမှာ နွယ်တက်စေပြီး စိုက်လို့ လည်းရပါတယ်။
ပဲစောင်းလျားပင်ဟာ ပူပြင်းပြီးစိုထိုင်းတဲ့ရာသီဥတု မှာ ပိုပြီး ဖြစ်ထွန်းပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ရာသီဥတု အပူအအေး အနည်းငယ်အပြောင်းအလဲ ရှိတယ်ဆိုရင် လည်း အပင်ပျက်စီးမသွားဘဲ အနည်းငယ်အပြောင်းအလဲ ရှိတယ်ဆိုရင်လည်း အပင် ပျက်စီးမသွားဘဲ အဆင်ပြေပြေ ဖြစ်ထွန်းတတ်တဲ့ သဘောရှိပါသတဲ့။ အသီးထွက်နှုန်း၊ အမြစ်ထွက်နှုန်း အနည်းငယ်ကွာခြားသွားတာတော့ ရှိပါတယ်။ အသင့်တော်ဆုံး ရာသီဥတု (ပတ်ဝန်းကျင် အပူ ချိန်) က ၂၇ ဒီဂရီ (Celsius) ဖြစ်ပြီး ဒီထက် အပူချိန်နည်း သွားရင်တော့ အစေ့ကနေ အညှောင့်ပေါက်တာ အားနည်း သွားနိုင်ပါတယ်။ အပူချိန်များလွန်းရင်လည်း အသီးသီးတဲ့ နှုန်း ထိခိုက်နိုင်ပါတယ်။ သင့်တော်တဲ့ အပူချိန်ထက် နည်း နည်းအေးသွားရင် ပဲမြစ် ပိုပြီးထွက်တယ်၊ သင့်တော်တဲ့ အပူချိန်ထက် နည်းနည်းပိုပြီး နွေးသွားရင် အရွက်တွေ များများ ထွက်တယ်ဆိုတဲ့ တွေ့အကြုံတွေလည်း ရှိပါတယ်။ ပဲစောင်းလျား အထွက်ကောင်း ဖို့ သင့်တော်တဲ့ ရာသီဥတု (အပူချိန်) အပြင်၊ မြေကြီးမှာ လုံလောက်တဲ့ အစိုဓာတ်ရှိဖို့ လည်း လိုပါတယ်။ ပဲစောင်းလျားဟာ နောင်တစ်နေ့မှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံတွေရဲ့ အဓိက စားသုံးကုန်ဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။
ပဲစောင်းလျားသီး
ပဲစောင်းလျားသီးနုနုကို မချက်မပြုတ်ဘဲ ကြွပ်ကြွပ် ရွရွကလေး ဝါးပြီး၊ အစိမ်း စားလို့ရသလို၊ ပြုတ်ပြီးစား၊ ရေ နွေးဖျောပြီးစားလို့လည်း ရပါတယ်။ မြန်မာတွေက ပဲစောင်း လျားသီးအစိမ်း၊ ရေနွေးဖျောထားတဲ့ ပဲစောင်းလျားသီးတို့ ကို ငါးပိရည်နှင့် တို့စားကြသလို ဆီကျက်၊ ကြက်သွန်ကြော်၊ နှမ်းလှော် မွှေးမွှေးလေးနှင့် ပဲသီးသုပ်လုပ်ပြီးတော့ လည်းစား လေ့ရှိပါတယ်။ မြန်မာထမင်းဟင်း ရောင်းတဲ့ဆိုင်တွေ မှာ ပဲစောင်းလျားသီးပေါချိန်ဆိုရင် တို့စရာ ပန်းကန်ထဲမှာ ပဲစောင်းလျားသီးကို အမြဲလိုလို တွေ့ရတတ်ပါတယ်။ ပဲတောင့်ရှည် သီးနှင့် အခြားပဲသီးတွေကို ကြော်စားသလို ပဲစောင်းလျားသီးကိုလည်း ကြော်စားလို့ရပါ တယ်။ သီးစုံ ကုလားဟင်းချက်တဲ့အခါမှာလည်း ပဲစောင်းလျားသီးကို ထည့်ချက်ပြီး၊ အရ သာရှိရှိ စားတတ်ကြပါသေးတယ်။ မြန်မာနိုင်ငံဒေသအသီးသီးမှာ ပဲစောင်းလျားသီးကို မိမိတို့ဓလေ့ ထုံးစံအတိုင်း အမျိုးမျိုးချက်ပြုတ် ပြင်ဆင် စားသုံးကြသလို၊ စားသောက်ဆိုင် တွေမှာလည်း ဟင်းလျာ အမျိုးမျိုးအနေနဲ့ ချက်ပြုတ်ရောင်းချတာတွေ ရှိပါသေး တယ်။
ပဲစောင်းလျားသီးဟာ ကယ်လိုရီနည်းပြီး၊ အာဟာရ ဓာတ်မျိုးစုံ ကြွယ်ဝတဲ့ အတွက် ကျန်းမာလိုသူတိုင်း၊ ရောဂါ ကင်းလိုသူတိုင်း စားသုံးသင့်တဲ့ ဟင်းသီးမျိုးဖြစ်ပါ တယ်။ ကယ်လိုရီ မများတဲ့အတွက် ကိုယ်အလေးချိန်တက်မှာ ကြောက်သူတွေ၊ ကိုယ်အလေးချိန် လျှော့ချင်သူတွေ စား သင့်သလို ကစီ (starch)မကြွယ်ဝတဲ့အတွက် သွေးချိုတက် မှာ ကြောက်ကြတဲ့ ဆီးချို၊ သွေးချို ဝေဒနာရှင်တွေလည်း စားသုံးနိုင်ပါတယ်။
ပဲစောင်းလျားသီး ၁ဝဝ ဂရမ် ( ၆ ကျပ်တစ်ပတ်သား ခန့်) မှာ ကာဗိုဟိုက်ဒရိတ် ၈ – ဂရမ်၊ ပရိုတင်း ၁.၉ ဂရမ်နှင့် အင်အား ၃၄ ကယ်လိုရီလောက် ပါဝင်တယ်လို့ ကျန်းမာ ရေး ဦးစီးဌာန၊ အာဟာရဌာနက ထုတ်ဝေခဲ့တဲ့ မြန်မာ့ အစားအစာများ၏ အာဟာရများ စာစောင် မှာ ဖော်ပြထား ပါတယ်။ ပဲစောင်းလျားသီးနုနု လက်လတ်ဆတ်ဆတ် ကလေးတွေဟာ ဖောလစ်အက်ဆစ် (Folic Acid)ဆိုတဲ့ ဗီတာမင်ြ<ွကယ်ဝတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ပဲ စောင်း လျားသီး ၁ဝဝ ဂရမ်မှာ ဖောလစ်အက်ဆစ် ၆၆ – မိုက်ခရို ဂရမ်လောက် ပါဝင်ပါတယ်။ ၆၆ မိုက်ခရို ဂရမ်ဆိုတာ လူတစ်ယောက်တစ်နေ့တာ လိုအပ်ချက်ရဲ့ ၁၆.၅% လောက် ရှိပါ တယ်။ ဖောလစ်အက်ဆစ်ဆိုတာ ဒီအင်အေ (DNA) တည်ဆောက်ရာမှာ၊ ရုပ်ကလပ်စည်းတွေပွားရာမှာ ဗီတာ မင် ဘီတွဲနှင့်အတူ မရှိမဖြစ် အရေးပါတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥတွေ တည်ဆောက်ရာမှာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် ဖောလစ်အက်ဆစ်ချို့တဲ့
လျှင် သွေးအားနည်းရောဂါ ခံစားရပါတယ်။ မြန်မာနိုင်ငံ မှာ သံဓာတ်ချို့တဲ့မှုနှင့် ဖော လစ်အက်ဆစ် ချို့တဲ့မှု တွဲနေ တဲ့ သွေးအားနည်းရောဂါကို တွေ့ရတတ်ပါတယ်။ အမျိုး သမီးတွေ ကိုယ်ဝန်ရှိခါနီးနှင့် ကိုယ်ဝန်ရှိစ ပထမလတွေ မှာ ဖောလစ်အက်ဆစ်ချို့တဲ့ခဲ့ရင် လွယ် ထားတဲ့ သန္ဓေသား ဟာ ဦးနှောက်နှင့် အာရုံကြောမကြီးတို့ ခိုမှီးရာ ဦးခွံရိုးနှင့် ကျောရိုးတွေ ရဲ့ ကြီးထွားမှုကို အကြီးကျယ် ထိခိုက်ပြီး၊ မွေး ရာပါ ချို့ယွင်းချက် (Neural Tube Defect) တွေနဲ့ မွေး လာနိုင်ပါတယ်။ ပဲစောင်းလျားသီးမှာ ဗီတာမင် B1, B2, B6, Edkif,mpif (Niacin)စတဲ့ ဗီတာမင်တွေနှင့် သံဓာတ်၊ ကယ်လစီယမ်၊ မက်ဂနီစီယမ် (Magnesium)၊ ဖော့စပရပ်စ် (Phosphorus)ခေါ် မီးစုံးဓာတ်၊ မင်းဂနီးစ် (Manganese)၊ စတဲ့ သတ္တု အာဟာရတွေလည်း ပါဝင်နေပါသေးတယ်။
ပဲစောင်းလျားရွက်နု (ပဲညွှန့်)
ပဲစောင်းလျားရွက်နုနု (ပဲညွှန့်) ကလေးတွေဟာလည်း အာဟာရဓာတ်မျိုးစုံ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ပဲစောင်းလျားရွက်ကို အခြားပဲရွက်၊ ပဲညွှန့်တို့ လိုပဲ၊ တို့စရာ၊ ဟင်းချို၊ ဟင်းရွက်ပြုတ်၊ ဟင်းရွက်ကြော်၊ သနပ်စသဖြင့် အမျိုးမျိုး စားသုံးနိုင်ပါတယ်။ ပဲစောင်း လျားရွက်ဟာ ပဲစောင်းလျားသီးထက်ပင် အာဟာရဓာတ် ပိုပြီး ကြွယ်ဝပါတယ်။ ပဲစောင်းလျားရွက် ၁ဝဝ-ဂရမ် (၆-ကျပ်တစ်မတ်သားခန့်) မှာ ကာဗိုဟိုက်ဒရိတ် ၁၃ – ဂရမ်၊ ပရိုတင်းတစ်ဂရမ်နှင့် အင်အား ၅၅-ကယ်လိုရီ လောက် ပါဝင်တယ်လို့ ကျန်းမာရေးဦးစီးဌာန၊ အာဟာရ ဌာနက ထုတ်ဝေခဲ့တဲ့ မြန်မာ့အစားအစာ များ၏ အာဟာ ရများ စာစောင်မှာ ဖော်ပြထားပါတယ်။ ပဲစောင်းလျားရွက် မှာ ထူးထူးခြားခြား ကြွယ်ဝတဲ့ အာဟာရဓာတ်နောက်တစ် မျိုးက ဘေတာကယ်ရိုတင်း (Beta Carotene) ဖြစ်ပါတယ်။ ပဲစောင်းလျားရွက်မှာ ထူးထူးခြားခြား ကြွယ်ဝတဲ့ အာဟာရ ဓာတ်နောက်တစ်မျိုး က ဘေတာကယ်ရိုလင်း (Beta Carotene) ဖြစ်ပါတယ်။ ပဲစောင်းလျားရွက် ၁ဝဝ-ဂရမ် (၆-ကျပ်တစ်မတ်သားခန့်) မှာ ဘေတာကယ်ရိုတင်း ၁၁၇- RE လောက်ပါဝင်ပါတယ်။ ဘေတာ ကယ်ရိုတင်းဆိုတာ အင်တီအောက်စိဒင့် (Anti-Oxdant)အာနိသင်နှင့် ကျန်းမာရေးကို အကျိုးပြုတဲ့ပြင်၊ လူ့ခန္ဓာကိုယ်ထဲမှာ ဗီတာ မင်အေ (Retinol)အဖြစ် ပြောင်းသွားပြီး ကလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှု၊ ရောဂါ ခုခံတိုက်ဖျက်ရေးလုပ်ငန်းတွေ မှာ ပါဝင်လုပ်ဆောင်နိုင် စွမ်းရှိတဲ့အတွက် ရောဂါတိုက် ဖျက်ရေး ဗီတာမင် (Anti-infective Vitamin) အဖြစ် လူ သိများပါတယ်။ ပဲစောင်းလျားရွက် ၁ဝဝ ဂရမ်မှာပါတဲ့ ဘေတာကယ်ရိုလင်း ၁၁၇-RE ဟာ ပဲစောင်းလျားသီး ၁ဝဝ-ဂရမ်မှာပါတဲ့ ဘေတာကယ်ရိုလင်း ၅၆ -RE ထက် နှစ်ဆကျော်ကျော်ပင် ရှိပါတယ်။RE ဆိုတာ Retinol Equivalent ရဲ့ အတိုကောက် ဖြစ်ပြီး ဗီတာမင်အေ ဂုဏ်သတ္တိရှိတဲ့ ဓာတ်ပေါင်းတွေရဲ့ ပမာဏကို တိုင်းတာတဲ့ ယူနစ်တစ်မျိုးဖြစ်ပါတယ်။ ပဲစောင်းလျားရွက်မှာ ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ အခြားအာဟာရ ဓာတ်တွေအနေ နဲ့ ပဲစောင်းလျားရွက် ၁ဝဝ-ဂရမ် သံဓာတ် ၁၅ မီလီဂရမ်၊ ထုံးဓာတ် (calcium) ၄၅ မီလီဂရမ်နှင့် မီးစုံး (Phosphorus) ၇ဝ မီလီဂရမ်လောက်လည်း ပါဝင်ပါ တယ်။ သံဓာတ်က သွေးအားကို ကောင်းစေပြီး၊ ထုံးဓာတ်နှင့် မီးစုံးဓာတ်တို့ကို အရိုးတွေကို ကြံ့ခိုင်စေပါတယ်။ အခြားဟင်းသီးဟင်းရွက် တွေလိုပဲ၊ ပဲစောင်းလျားရွက်မှာ အစာမျှင်ဓာတ်လည်း ပါဝင်နေပါတယ်။
ပဲစောင်းလျားစေ့
အခြားပဲသီးတွေလိုပဲ၊ ပဲစောင်းလျားသီးအနုမှာ ပဲစေ့အနုကလေးတွေ ရှိနေ ပြီး၊ ပဲသီးတောင့် ရင့်လာတာနဲ့ အမျှ အထဲက ပဲစေ့ဟာလည်း ရင့်ကျက်လာပါတယ်။ ပဲစေ့ အနုကလေးတွေကို ပဲသီးတောင့်အနုနှင့်အတူ ဟင်းသီး ဟင်းရွက်အနေနဲ့ စားသုံးနိုင်ပါတယ်။ ပဲစောင်းလျားစေ့ အနုကလေးတွေ ၁ဝဝ-ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၂.၇ ဂရမ်၊ ပရိုတင်း တစ်ဂရမ်နှင့် အင်အား ၅၄ ကယ်လိုရီလောက် ပါဝင်တာမို့၊ ပဲရွက်လောက်သာ အာဟာရတန်ဖိုးရှိပါတယ်။ ရင့်မှည့်လာတဲ့ ပဲတောင့်ထဲက ပဲစေ့တွေကိုတော့ ပဲပုပ်စေ့၊ ပဲကြီးစေ့၊ ကုလားပဲဆံခြောက်တို့လိုပဲ အစေ့ အဆံခြောက် အနေနဲ့ စားသုံးနိုင်ပါတယ်။
ပဲစောင်းလျားစေ့ ခြောက်ဟာ ပဲပုပ်စေ့ (Soya bean)လိုပဲ ပရိုတင်းနှင့် အဆီ ကြွယ်ဝပြီး ပဲပုပ်စေ့ကို စားသုံးသလို စားသုံးနိုင်ပါတယ်။ ပဲစောင်းလျားစေ့ခြောက်ကို မြေပဲ ဆံလို လှော်ပြီးစားလို့လည်း ရပါတယ်။ ပဲစောင်းလျားစေ့ ခြောက် ၁ဝဝ-ဂရမ်မှာ ပရိုတင်း ၃၅ -ဂရမ်နှင့် အဆီ ၁၇ ဂရမ်လောက် ပါဝင်တာမို့ အခြားပဲဆံတွေဖြစ်တဲ့ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲနီလေး၊ ပဲကြီး စတာတွေထက် အာဟာရဓာတ်ပါ ဝင်မှု ပိုများပါတယ်။ ပဲစောင်းလျားစေ့ကို အမှုန့်ထောင်းပြီး ပဲမှုန့်အနေနဲ့ သုံးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ကော်ဖီဖျော်ရာ မှာ သုံးသလို ပဲစောင်းလျားစေ့အမှုန့်ကို သုံးလို့ရတယ်လို့ လည်း သိရပါတယ်။
ပဲမြစ်
ဈေးတွေမှာ ဝယ်လို့ရတဲ့ ပဲမြစ်ဟာ ပဲစောင်းလျားပင် ရဲ့ အမြစ်ဖြစ်ပါတယ်။ ပဲမြစ်ကို အစိမ်းစားလို့ရပေမယ့် မြန်မာတွေက ပဲမြစ်ပြုတ်ကို အလွန်အရသာရှိတဲ့ သရေ စာတစ်မျိုးအဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ် ပဲမြစ်ဟာ ကစြီ<ွကယ်ဝတဲ့ ဟင်းသီး ဟင်းရွက်(Starchy Vegetables)အုပ်စုထဲက အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ အာတာလွတ်၊ ပီလောပီနံစတဲ့ သစ်ဥသစ်ဖုတွေလိုပဲ ကစီ (Starch) ကြွယ်ဝတဲ့အပြင်၊ အခြားသစ်ဥ သစ်ဖုတွေထက် ပရိုတင်း အာဟာရ ပိုပြီး ကြွယ်ဝပါတယ်။
ပဲမြစ် ၁ဝဝ-ဂရမ် (၆-ကျပ်တစ်မတ်သား) မှာ ကာဗိုဟိုက်ဒရိတ် ၄၇ – ဂရမ် နှင့် ပရိုတင်း ၈.၉ ဂရမ် လောက်ပါဝင်ပါတယ်။ အလေးချိန်တူ ကန်စွန်းဥမှာ ကာဗို ဟိုက်ဒရိတ် ၃ဝ – ဂရမ်နှင့် ပရိုတင်း တစ်ဂရမ်၊ ပီလောပီနံ ဥမှာ ကာဗိုဟိုက်ဒရိတ် ၃၂ ဂရမ်နှင့် ပရိုတင်း တစ်ဂရမ်၊ အာတာလွတ်ဥမှာ ကာဗိုဟိုက်ဒရိတ် ၂၉ ဂရမ်နှင့် ပရိုတင်း ၁.၇ ဂရမ်၊ ပိန်းဥမှာ ကာဗိုဟိုက်ဒရိတ် ၂ဝ ဂရမ်နှင့် ပရိုတင်း ၂-ဂရမ်၊ အာလူးမှာ ကာဗိုဟိုက်ဒရိတ် ၁၉-ဂရမ် ပရိုတင်း ၂ – ဂရမ်တို့နဲ့ ယှဉ်လိုက်ရင် ပဲမြစ်ဟာ စားကောင်းတဲ့ သစ်ဥသစ်ဖုသစ်မြစ်တွေထဲ မှာ အာဟာရဓာတ် အကြွယ်ဝ ဆုံးဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ကစီများတဲ့ သစ်ဥသစ်ဖုတွေတွေအားလုံးဟာ ကာဗိုဟိုက်ဒရိတ် ကြွယ် ဝတာချင်းတူပေမယ့်၊ ပရိုတင်း ကြွယ်ဝမှုမှာ ပဲမြစ်က အမြင့် ဆုံးဆိုတဲ့ အချက်ဟာ အရေးကြီးပါတယ်။ ကြီးထွားနေတဲ့ အရွယ် ကလေးသူငယ်တွေကို သွားရည်စာ ကျွေးမယ် ဆိုရင် ခန္ဓာကိုယ်ကြီးထွားမှု အတွက် အရေးပါတဲ့ ပရိုတင်း အာဟာရကြွယ်ဝတဲ့ အစာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ပရိုတင်း အာဟာရ ခေါင်းပါးတဲ့ ပီလောပီနံဥ၊ အာတာလွတ်ဥ တို့ကို မရွေးချယ်ဘဲ ပရိုတင်းအာဟာရ ကြွယ်ဝတဲ့ ပဲမြစ်ကို သာ ရွေးချယ်သင့်ပါတယ်။
ပဲစောင်းလျားပွင့်
ပဲစောင်းလျားပင်ကနေ ပန်းနုရောင် အပွင့်ကြီးတွေ ပွင့်ပါတယ်။ အချို့သော ပဲစောင်းလျားမျိုးတွေမှာ အပွင့်ဟာ အပြာနုရောင် ဖြစ်ပါတယ်။ ပဲစောင်းလျားပွင့်ကို ပဲရွက် အနု (ပဲညွှန့်)လို့ပဲ အမျိုးမျိုး စားသုံးလို့ရပါတယ်။ အာဟာရ ဓာတ်တွေအနေနဲ့လည်း ပဲရွက် လိုပဲ ကြွယ်ဝပါတယ်။ အချို့ နိုင်ငံတွေမှာ ဆန် (ထမင်း) ကို အရောင် အမျိုးမျိုးဆိုးပြီး ရောင်းချတာ ရှိပါတယ်။ ဆန်ကို အရောင်ဆိုးတဲ့အခါ သုံးတဲ့ ပစ္စည်းတွေထဲမှာ ပဲစောင်း လျားပွင့်လည်း ပါတယ်လို့သိရ ပါတယ်။
ဒေါက်တာလှကြည်