ပဲရေခဲချောင်း (၅ ချောင်း) (Red Bean Ice Popsicle)

by Syi Lwin Foods Garden for Food Magazine

          ပဲဖြင့်ပြုလုပ်ထားတဲ့ ရေခဲချောင်းတစ်ချောင်းကို စားလိုက်လျှင် ဗီတာမင်အာဟာရတချို့  သတ်သတ်စားစရာမလိုဘဲ အလိုလို ရရှိစေပါတယ်။ ကလေးများကို ပဲစားစေချင်တဲ့ မေမေများအတွက် အဆင်ပြေစေသော ရေခဲချောင်းလေးပါ။ လုပ်ကျွေးကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ဗိုလ်ကိတ်ပဲအနီ  –  ၁ ဘူး (အသင့်စားဘူး) (red bean/adzuki bean canned)

ခရင်မ်အပျစ်  –  ၁/၂ ခွက် (heavy cream)

နွားနို့  –  ၁ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

နို့ဆီ  –  ၁/၂ ခွက် (သကြားမှုန့်သုံးလည်းရပါတယ်၊ ၁/၄  ခွက်)

ဆား  –  အနည်းငယ်

ဂျယ်လတင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း (gelatine powder)

ပြုလုပ်နည်း

၁။       ပဲဘူးထဲမှ တစ်ဝက်ကို ရေစစ်အောင် စစ်ထားပါ။ တစ်ဝက်ကို ကြိတ်စက်ထဲ နွားနို့၊ နို့ဆီ၊ ဆား၊ ခရင်မ်များထည့်ပြီး ညက်အောင်ကြိတ်ပါ။ ဂျယ်လတန်မှုန့်ကို ရေနွေး လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်းဖြင့် ဖျော်ထားပါ။ ဇောက်နက်အိုးထဲ ပဲအနှစ်ရည်များကို မီးမျှင်မျှင်ဖြင့် အနည်းငယ်ဆူပွက်လာသည်အထိ ကျိုပါ။ ပြီးလျှင် ဂျယ်လတင်မှုန့် ရောထည့်ပြီး အအေးခံပါ။

၂။       ရေခဲချောင်းခွက်ထဲ ရေစစ်ထားသော ပဲများ အနည်းငယ်ထည့်ပါ၊ ပြီးလျှင် အပေါ်မှာ ညက်ချောအောင် ကြိတ်ထားတဲ့ ပဲအနှစ်များ လောင်းချပါ။ ရေခဲခွက်များထဲ လေပူဖောင်းလေးများမရှိအောင် အနည်းငယ်ခေါက်ပေးပါ။ ပဲအနှစ်များ လောင်းထည့်သောအခါ ရေခဲချောင်း ထုတ်တံထိုးပြီး ရေခဲသေတ္တာ ရေခဲအကန့်ထဲ ၈ – ၁၀ နာရီခန့် ထားပါ။

၃။       ရေခဲချောင်းများ ထုတ်မည်ဆိုလျှင် ရေခဲခွက်အပေါ်မှာ ရေလောင်းချပြီး ရေခဲချောင်းများကို ရေခဲချောင်းခွက်မှ ပုံစံမပျက် အသာထုတ်ယူလို့ရပါတယ်။

Facebook Comments