ပျားရည်

Dr_1

Dr_2

       ပျားကောင်လေးတွေ သဘာဝအတိုင်း တည်ဆောက်ထားတဲ့ ပျားအုံကနေ ပျားရည်ရယူခြင်း (ပျားဖွပ်ခြင်း)ဟာ အလွန်အရှေးကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ စပိန်နိုင်ငံ ဗလင်စီယာဂူတွေထဲက နံရံဆေးရေးပန်းချီတွေမှာ တွေ့ရတဲ့ အထောက်အထားတွေအရ လူတွေဟာ ပျားရည်ကို ရှာဖွေစားသုံးခဲ့ကြတာ အနည်းဆုံး နှစ်ပေါင်းရှစ်ထောင်လောက်ရှိပြီ လို့ ယူဆနိုင်ပါတယ်။ ဂူတစ်ဂူထဲက နံရံမှာ လူတစ်ယောက် ပျားဖွပ်နေတဲ့ပုံမှာ ပျားရည်ထည့်ဖို့ ဘူးတောင်းလို ပစ္စည်းတစ်ခုနှင့် ပျားလဘို့ရှိတဲ့ အပင်ကိုတက်ဖို့ လှေခါး ဒါမှမဟုတ် ကြိုးတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။

ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခုကနေ တူးဖော်ရရှိတဲ့ မြေအိုးတွေထဲမှာ တွေ့ရတဲ့ ပျားရည်ဟာ သက်အားဖြင့် နှစ်ပေါင်း ၄၇ဝဝ ကနေ ၅၅ဝဝ ကြားထဲမှာ ရှိတယ်လို့ မနုဿဗေဒပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ရှေးခေတ်က ဂျော်ဂျီယာမှာ လူတွေသေဆုံးတဲ့အခါ တမလွန်ခရီးအတွက် ပျားရည်ကို ရိက္ခာအနေနဲ့ ထည့်ပေးလိုက်တဲ့ဓလေ့ ရှိခဲ့ဖူးပါတယ်။

ပျားမွေးခြင်း

       ပျားရည်ကို သဘာဝ ပျားအုံတွေကနေ ရယူတဲ့ အဆင့်ကနေ ပျားတွေကိုတမင်မွေးပြီး ပျားရည်ရယူလာကြပါတယ်။ တရုတ်နိုင်ငံမှာ လူတွေဟာ ပျားမွေးမြူတဲ့ အလုပ်ကို ဘယ်အချိန်က စခဲ့တယ်ဆိုတာ ခြေရာခံလို့ မရနိုင်လောက်အောင်ပင် ရှေးကျတယ်လို့ ဆိုပါတယ်။ ရှေးခေတ် တရုတ်တွေရဲ့ ပျားမွေးမြူရေးဆိုင်ရာ ပညာရပ် နှင့် ပတ်သက်တဲ့ စာအုပ်တွေမှာ ပျားရည်ရဲ့ အရည်အသွေး ကောင်းမကောင်းဆိုတာ ပျားမွေးမြူတဲ့ သေတ္တာ ပြုလုပ်ရာမှာ အသုံးပြုတဲ့ သစ်အမျိုးအစားပေါ်မှာ မူတည်တာကအစ အသေးစိတ် ရေးသားထားပါတယ်။ အမေရိကတိုက်မှာ လည်း ရှေးခေတ်ကတည်းက ပျားမွေးမြူရေးလုပ်ခဲ့ကြ ပါတယ်။

လူတိုင်းကြိုက်တဲ့အရသာ

       အချိုအရသာအတွက် သကြားကို အသုံးပြုခဲ့ကြတာဟာ လူ့သမိုင်းနဲ့ ယှဉ်လိုက်ရင် ဘာမှမကြာသေးပါဘူး။ ဘီစီ-၅ ရာစုလောက်က ယခု အိန္ဒိယနိုင်ငံတည်ရှိရာဒေသမှာ နေခဲ့သူတွေဟာ ကြံရည်ကို မီးနှင့်ကျို၊ ဗန်းအပြားကြီးတွေထဲမှာ အအေးခံပြီးရလာတဲ့ သကြားပြားကြီးတွေကို အမှုန့်ကြိတ်ပြီး သုံးစွဲခဲ့ကြတာဟာ အစောဆုံးဖြစ်နိုင်ပါတယ်။ ဂရိဘုရင် အလက်ဇန္ဒြားရဲ့ စစ်သည်တော်တွေဟာ အရှေ့ဘက်ကို နယ်ချဲ့စစ်ချီခဲ့ကြပြီး အပြန်မှာ အိန္ဒိယက ကြံပင်တွေကို ပျားရည်ပင် (honey-bearing reeds) တွေဆိုပြီး သယ်သွားကြပါသတဲ့။ သူတို့ဟာ အရသာချိုတဲ့ အစားအသောက်တွေ ပြုလုပ်ရာမှာ သုံးဖို့ ပျားရည်ကိုပဲ သိခဲ့ကြပါတယ်။ ကြံနှင့်သကြားကို မသိကြသေးပါဘူး။ သူတို့လိုပဲ ကမ္ဘာတစ်ဝန်းက လူတွေဟာ သကြားကို တွင်တွင်ကျယ်ကျယ် မသုံးနိုင်မီက အစားအသောက် အမျိုးမျိုးပြုလုပ်ရာမှာ အချိုအရသာအတွက် ပျားရည်ကိုသာ အများဆုံး အသုံးပြုခဲ့ကြပါတယ်။ ပျားရည်ကို စားကောင်းသောက်ဖွယ်တွေ ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

မွန်မြတ်တဲ့အစာ

       လူတွေဟာ မိမိတို့စားသုံးဖို့ စားကောင်းသောက်ဖွယ်တွေ ပြုလုပ်ရာ မှာသာမက နတ်ဘုရားများကို ပူဇော်ပသရာမှာလည်း အရသာချိုတဲ့ ပျားရည်ကို မွန်မြတ်တဲ့ အစားအစာအနေနဲ့ ပူဇော်ကြပါတယ်။ ရှေးခေတ် အီဂျစ်နိုင်ငံမှာ သားဆုပေးတဲ့ Min နတ်ဘုရားထံမှာ သားဆုပန်တဲ့အခါ ပျားရည်နှင့် ပူဇော်ပသလေ့ရှိပါသတဲ့။ ဟိန္ဒူတွေက ပျားရည်ကို အသက်ရှည်စေတဲ့ အရည်ငါးမျိုး (five elixirs of immortality)အနက် တစ် မျိုးအဖြစ် သတ်မှတ်ပါတယ်။ ဟီဟရူးသမ္မာကျမ်းစာမှာ ပျားရည်နှင့် ပတ်သက်တဲ့ ရေးသားချက်တွေ အများ အပြားရှိပါတယ်။ သမ္မာကျမ်းစာသစ် New Teatament, Matthew 3:4 မှာလည်း John the Baptist ဟာ တောထဲမှာ အချိန်ကြာမြင့်စွာ ပျားရည်နှင့် ကျိုးကောင် (Locusts) တွေကိုသာ မှီဝဲရင်း နေခဲ့တဲ့အကြောင်း ပါဝင်ပါသည်။ ဗုဒ္ဓဝင်မှာလည်း လူတွေသာမက တိရစ္ဆာန်တွေကပါ ဂေါတမမြတ်စွာဘုရားကို ပျားရည်နှင့် ဆွမ်းကပ်တဲ့အကြောင်း ပါဝင်ပါတယ်။ ကောသမ္ဗီပြည်မှာ စိတ်ဝမ်းကွဲနေကြတဲ့ ရဟန်းတွေကို ဆုံးမလို့မရတဲ့အတွက် မြတ်စွာဘုရားဟာ တောရပ်ကို ကြွသွားပြီး၊ တစ်ဝါတွင်းလုံး တစ်ပါးတည်း သတင်းသုံးနေစဉ်မှာ လုပ်ကျွေးပြုစုတဲ့ ပလလဲဆင်မင်းကို အားကျပြီး၊ မျောက်တစ်ကောင်ဟာ ပျားကောင် တွေမရှိတော့တဲ့ ပျားအုံကိုယူပြီး ဘုရားရှင်ကို ပျားရည်ဆက်ကပ်ပူဇော်ခဲ့ပါတယ်။ ပျားအုံထဲမှာ ရှိနေသေးတဲ့ ပျားဥကလေးတွေကို ဖယ်ရှားပေးတော့မှ မြတ်စွာဘုရားက ပျားရည်ကို ဘုန်းပေးတော်မူတဲ့အကြောင်း မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘဝံသရဲ့ မဟာဗုဒ္ဓဝင်မှာ ရေးသားထားပါတယ်။

       ဂျူးလူမျိုးတွေအတွက် ပျားရည်ဟာ နှစ်သစ်ကူး အထိမ်းအမှတ် အစားအစာတစ်မျိုး ဖြစ်ပါတယ်။ နှစ်ဆန်းချိန်မှာ ပန်းသီးအစိတ်ကလေးတွေကို ပျားရည်ထဲမှာ စိမ်ပြီး စားသုံးခြင်းအားဖြင့် သာယာချိုမြိန်တဲ့ နှစ်သစ်ကို ကြုံတွေ့ရမယ်လို့ ယုံကြည်ကြပါတယ်။ ရှေးခေတ် အီဂျစ်နှင့် အရှေ့အလယ်ပိုင်းဒေသမှာ လူသေအလောင်းတွေကို မပုပ်မသိုးအောင် စီရင်တဲ့ နေရာမှာလည်း ပျားရည်ကို အသုံးပြုခဲ့ကြပါတယ်။ မတုပ်တဲ့ပျားတစ်မျိုးကရတဲ့ ပျားရည်ကို အစားအသောက်တွေ ပြုလုပ်ရာမှာသုံးတဲ့ မာယာ (Maya) တို့ရဲ့ ဓလေ့ဟာ အဲဒီဒေသတွေမှာ ခုထိ ဆက်ပြီး ရှိနေပါသေးတယ်။ မာယာတွေဟာ ပျားတွေကို ထူးခြားမွန်မြတ်တဲ့ (sacred) သတ္တဝါတွေလို့ ယူဆကြပါတယ်။ ခုခေတ်မှာလည်း ပျားရည်ကို အစားအစာတစ်မျိုးအဖြစ် စားသုံးကြသလို ဟင်းအမျိုးမျိုးပြင်ဆင်ချက်ပြုတ်ခြင်း၊ မုန့်ဖုတ်ခြင်း၊ လက်ဖက်ရည် ကော်ဖီဖျော်ရာမှာ ထည့်ခြင်း။ အချိုရည်အမျိုးမျိုး၊ ယမကာအမျိုးမျိုး ပြုလုပ်ရာမှာထည့်ခြင်း စသဖြင့် နေရာတကာမှာ သုံးနေကြဆဲဖြစ်ပါတယ်။

ပျားရည်ထုတ်လုပ်သုံးစွဲမှု

      ပျားရည်ထုတ်လုပ်မှု အများဆုံးနိုင်ငံတွေကို နှစ်အလိုက်ထုတ်လုပ်တဲ့ ပျားရည်ပမာဏနှင့်အတူ ပူးတွဲပါဇယားမှာ ဖော်ပြထားပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ပျားရည်ထုတ်လုပ်မှုမှာ သူ့နောက်က ဒုတိယလိုက်တဲ့ တူရကီနိုင်ငံထက် ၅ ဆလောက် များတဲ့ပမာဏနဲ့ ဗိုလ်စွဲပါတယ်။ အမေရိကန်ကလွဲပြီး ကျန်နိုင်ငံတွေမှာ ထုတ်လုပ်မှုဟာ တိုးတက်နေပါတယ်။ ယူကရိန်းမှာတော့ ထုတ်လုပ်မှုကျသွားပြီးမှ ပြန်တက်လာတာကို တွေ့ရပါတယ်။

       ပျားရည်စားသုံးမှုဟာ ဥရောပတိုက်က သြစထရီးယား (Austria)၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတွေမှာ ထူးထူးခြားခြားမြင့်ပါတယ်။ လူတစ်ယောက် တစ်နှစ်မှာ စားသုံးတဲ့ ပျားရည်ပမာဏဟာ တစ်ကီလိုဂရမ် (၆၂ ကျပ်ခွဲသား) ကျော်ပါသတဲ့။

သဘာဝပျားရည်ထုတ်လုပ်မှု အများဆုံးနိုင်ငံများ (ဇယား)
နိုင်ငံ                                              ၂ဝ၁ဝ                       ၂ဝ၁၁                      ၂ဝ၁၂
(တန်)                                (တန်)                           (တန်)
၁။    တရုတ်                                   401,000                   431,000                436,000
၂။    တူရကီ                                   81,115                       94,245                   88,162
၃။    အာဂျင်တီးနား                        59,000                     74,000                   75,500
၎။    ယူကရိန်း                               70,873                      40,311                    70,134
၅။    အမေရိကန်ပြည်ထောင်စု      80,042                     67,294                   66,720
တစ်ကမ္ဘာလုံး                            1,222,601                 1,169,441            1,260,229

(source : Un Food & Agriculture Organization)

ပျားရည်၏ အာဟာရ

ပျားရည် ၁ဝဝ ဂရမ် (စားပွဲဇွန်းငါးဇွန်း) တွင် ပါဝင်သည့် အာဟာရဓာတ်များ

အင်အား (ကယ်လိုရီ)  1,272 KJ (304 kcal)

ကာဗိုဟိုက်ဒရိတ်          82.4 g

သကြား                    82.12

အစာမျှင်                   0.2 g

အဆီ                             0 g

ပရိုတင်း                        0.3 g

ဗီတာမင်များ

ဗီတာမင်ဘီတူး (B2)                    0.038 mg (3%)

နိုင်ယာစင် (B3)               0.121 mg (1%)

Pantothenic                  0.068 mg (1%)

Acid (B5)

ဘီဆစ် (B6)                   0.024 mg (2%)

Folate (B9)                            2 mg (1%)

ဗီတာမင်စီ (C)                 0.5 mg (1%)

        ပျားရည်မှာ အများဆုံးပါဝင်နေတဲ့ အာဟာရဓာတ် က ကာဗိုဟိုက်ဒရိတ် (carbohydrate) ဖြစ်ပါတယ်။ ဒုတိယအများဆုံးက ရေဖြစ်ပါတယ်။ ပျားရည်ထဲက ကာဗိုဟိုက်ဒရိတ် အားလုံးလိုလိုဟာ သကြားတွေဖြစ်ပါတယ်။ အစာမျှင် (dietary fibre) ပါတယ်ဆိုရုံ (ဝ.၂) ဂရမ်ပါပါတယ်။ သကြားအမျိုးအစားတွေက ဖရပ်တို့စ် (fructose) သစ်သီးသကြား ၃၈.၂ %၊ ဂလူးကို့စ် သကြား ၃၁.၂ %၊ မောလ်တို့စ် (maltose) သကြား ၇.၁%၊ ဆူးခရိုး (sucrose) အိမ်သုံးသကြား ၁.၃%နှင့် အခြားသကြားတွေ ၁.၅% ဖြစ်ပါတယ်။

        ပျားရည်မှာ ပရိုတင်းမဖြစ်စလောက် (ဝ.၃%) သာပါပြီး အဆီလုံးဝ မပါပါဘူး။ ပျားရည် မှာ ဗီတာမင်တွေ၊ သတ္တုအာဟာရတွေလည်း ပါပါတယ်။ ဒါပေမဲ့ ပျားရည် ၁ဝဝ ဂရမ် (စားပွဲဇွန်းငါးဇွန်း) ကနေရနိုင်တဲ့ ဗီတာမင်တွေထဲမှာ အများဆုံးဖြစ်တဲ့ ဗီတာမင်ဘီတူးဟာ လူတစ်ယောက် တစ်ရက်မှာလိုအပ်တဲ့ ပမာဏရဲ့   ၃% သာ ရှိပါတယ်။ ဗီတာမင် ဘီဆစ် (vitamin B6) က ၂% နှင့် ကျန်တဲ့ဗီတာမင်တွေ ဖြစ်တဲ့ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ နိုင်ယာစင် (niacin) နှင့် ပင်တိုသင်းနစ်အက်ဆစ် (Pantothenic acid) တို့က ၁% စီသာ ပါဝင်ပါတယ်။

သတ္တုအာဟာရများ

ကယ်လစီယမ်                  6 mg (1%)

သံဓာတ်                         0.42 mg (3 %)

မက်ဂနီစီယမ်                   2 mg (1%)

မီးစုန်း Phosphorus           4 mg (1%)

ပိုတက်စီယမ်                   52 mg (1%)

ဆိုဒီယမ်                       4 mg (<1%)

ဇင့် (ဇငညခ)                  0.22 mg (2%)

ရေ                              17.10 g

        သတ္တုအာဟာရတွေဆိုရင်လည်း ကယ်လစီယမ်၊ သံဓာတ်၊ မက်ဂနီစီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မီးစုန်း (Phosphorus) နှင့် ဇင့် (Zinc) တို့ ပါဝင်နေတယ်ဆိုပေမဲ့ ပမာဏအားဖြင့် အားကိုးရလောက်အောင် မများကြပါ ဘူး။ တစ်နေ့တာ လိုအပ်ချက်ရဲ့   ၃% သာရှိတဲ့ သံဓာတ်က အများဆုံးဖြစ်နေပါတယ်။

        ပျားရည်ရဲ့ PH ဟာ အနည်းဆုံး ၃.၄၊ အများဆုံး ၆.၁ ရှိပြီး၊ ပျမ်းမျှ ၃.၉ လောက်ဖြစ်တဲ့အတွက် အက်ဆစ် (acid) သဘာဝကဲပါတယ်။ ပျားရည်ထဲမှာ အော်ဂဲနစ်အက်ဆစ် (organic acid) တွေ၊ အမိုင်နိုအက်ဆစ် (amino acid) တွေ အပါအဝင် အက်ဆစ်မျိုးစုံ ပါဝင်နေပါတယ်။

       ပျားရည်မှာ အမိုင်နိုအက်ဆစ် ၁၈ မျိုးကနေ အမျိုး ၂ဝ ထိ ပါဝင်ပါတယ်။ အမျိုးအစား များပေမယ့် ပမာဏအားဖြင့် နည်းပါတယ်။ အားလုံးပေါင်းမှ အလေးချိန်အားဖြင့် ဝ.ဝ၅% ကနေ ဝ.၅% လောက်သာ ရှိပါတယ်။ ပျားကောင်ရဲ့ ခန္ဓာကိုယ်က အမိုင်နိုအက်ဆစ်တွေ ပျားရည်ထဲမှာ ပါနေတာဖြစ်ပါတယ်။ အများဆုံး ပါဝင်နေတာက Proline ဆိုတဲ့ အမိုင်နို အက်ဆစ်ဖြစ်ပါတယ်။

        ပျားရည်မှာ အော်ဂဲနစ်အက်ဆစ် ပိုများပါတယ်။ ဝ.၁၇ % ကနေ ၁.၁၇ % လောက်ရှိပါတယ်။ အများဆုံး ပါဝင်နေတာက gluconic acid ဆိုတဲ့ အော်ဂဲနစ်အက်ဆစ် ဖြစ်ပါတယ်။ အချို့ အက်ဆစ်တွေ (ဥပမာ-Gluconic acid) ဟာ ပျားရည်အနံ့အရသာ (Flavour) ကို ထူးခြားစေပါတယ်။ Gluconic acid ဟာ ပျားရည်မှာပါတဲ့ ဂလူးကို့ သကြားကနေ အင်ဇိုင်းဓာတ်ပြုမှုဖြစ်ပြီး ဖြစ်လာတာပါ။

       ပျားရည် တစ်လီတာဟာ အလေးချိန် ၁.၃၆ ကီလိုဂရမ်ရှိတာမို့ ရေတစ်လီတာထက် ဝ.၃၆ ကီလိုဂရမ် ပိုပြီး လေးပါတယ်။ ပျားရည်မှာ ပတ်ဝန်းကျင် လေထုထဲက ရေငွေ့တွေကို စုပ်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။ စုပ်ယူနိုင်တဲ့ ရေငွေ့ပမာဏဟာ လေထဲမှာ ရေငွေ့အနည်းအများ တစ်နည်းအားဖြင့် စိုထိုင်းဆ (relative humidity) ပေါ် မူတည်ပါတယ်။ လေထုမှာ စိုထိုင်းဆ (ရေငွေ့)များလေ၊ ပျားရည်ထဲကို ရေငွေ့တွေဝင်တာ များလေဖြစ်ပါတယ်။ ပျားရည်ထဲမှာ ရေငွေ့ ၂၅% ထက် အတော်လေး ကျော်သွား ပြီးဆိုရင် အချဉ်ပေါက်နိုင်ပါ တယ်။ အချဉ်မပေါက်အောင် ပျားရည်ထည့်တဲ့ ပုလင်းကို လုံအောင် ပိတ်ထားဖို့လိုပါတယ်။

ပျားရည်ရဲ့ သွေချိုတက်နှုန်း (Glycemic index-GI) ဟာ ပျားရည်အမျိုးအစားအလိုက် ၃၁ နှင့် ၇၈ ကြားမှာ ရှိပါတယ်။

ဆေးဖက်ဝင် ပျားရည်

        ပျားရည်ကို ဆေးဝါးအဖြစ် ရှေးခေတ် ဂရိလူမျိုးတွေ၊ အီဂျစ်တွေ အသုံးပြုခဲ့ကြသလို၊ အရှေ့တိုင်းမှာလည်း တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်ဆိုတာ ရှေးနှစ်ပေါင်းလေးထောင်ကျော်က ရေးသားစီရင်ခဲ့တဲ့ အိန္ဒိယဝေဒကျမ်းတွေ၊ အာယုဗေဒဆေးကျမ်းတွေ၊ တရုတ်တိုင်းရင်းဆေးပညာတွေမှာ ဖော်ပြထားပါတယ်။ ပျားရည်ကို ချောင်းဆိုးရောဂါ၊ အစာအိမ်ရောဂါ၊ အနာအမျိုးမျိုး၊ ထိခိုက်ဒဏ်ရာ၊ အပူလောင်ဒဏ်ရာတွေ အပါအဝင် ရောဂါအမျိုးမျိုးအတွက် သောက်ဆေး၊ စားဆေး၊ လိမ်းဆေးအဖြစ် အမျိုးမျိုး သုံးခဲ့ကြပါတယ်။ ခုခေတ်မှာလည်း ပျားရည်ဟာ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်း၊ မပေါက်ဖွားအောင် ဟန့်တားနိုင်တဲ့ အစွမ်းရှိတယ်။ ရောင်ရမ်းမှုကို ဟန့်တားနိုင်တဲ့အစွမ်း (anti-inflammatory) ရှိတယ်လို့ ယုံကြည်သူတွေရှိပါတယ်။

        ပျားရည်ရဲ့ ဆေးဖက်ဝင်အာနိသင်တွေကို သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ ပျားရည်ဟာ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်။ (Journal of Pharmacology, Nov 1996) ၊ Helicobacter Pylori ဆိုတဲ့ ဘက်တီးရီးယားကို နှိမ်နင်းနိုင်တဲ့အတွက် အစာအိမ်အနာရောဂါ၊ ကုသရာမှာ အသုံးကျတယ်။ (J R Soc Med, Jan 1994) ၊ အရက်ကြောင့် အစာအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေတယ်။ (Scandinavian Journal of Gastoenterology, Mar 1991) ၊ ကင်ဆာဖြစ်စေနိုင်တဲ့ Carciogen တွေရဲ့ အစွမ်းကို လျော့ကျစေနိုင်တယ်။ ရောဂါဖြစ်စေတဲ့ မှို (fangus) တွေကို နှိမ်နင်းနိုင်စွမ်းရှိတယ်။ (Cytologic Genetics, Nov-Dec 1996) စတဲ့ ရေးသားဖော်ပြချက်တွေ တွေ့ရပါတယ်။

       အပူလောင်ဒဏ်ရာတွေကို ဆေးထည့်တဲ့အခါ ပျားရည်ပါလျှင် မြန်မြန်အနာကျက်တယ်လို့ ရေးသားတာတွေ (British Journal of Surgery, Apr 1991)) ရှိသလို အပေါ်ယံ အပူလောင် ဒဏ်ရာလောက်ကို ဆေးထည့်ရာမှာသာ အနည်းငယ် အသုံးကျနိုင်တယ်လို့ ရေးကြတာလည်း ရှိပါတယ်။ ကင်ဆာရောဂါနှင့် ပတ်သက်လို့လည်း ဓာတ်ခွဲခန်းမှာ အစွမ်းပြပေမဲ့ လူမှာ အာနိသင်ရှိတယ်ဆိုတာ အထောက်အထား မပြနိုင်သေးပါဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။ မူမမှန်တဲ့ သွေးပြန်ကြောတွေကြောင့် ဖြစ်တဲ့ ခြေထောက်က အနာခွက် (venous leg ulcers) တွေကို ကုသရာမှာ ပျားရည်ဟာ အစွမ်းပြတဲ့ အထောက်အထား မရှိပါဘူးလို့ ရေးတာလည်း တွေ့ရပါတယ်။ ပျားရည်မှာ ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားနှင့် မှိုအမျိုမျိုး ပါနေနိုင်တဲ့အတွက် ကိုယ်ခံစွမ်းအားကျနေသူတွေဟာ ပျားရည်မစားသုံးသင့်ပါဘူးလို့ သတိပေးထားတာလည်း ရှိပါတယ်။

 

ပျားရည်ကြောင့် Botulism

အစာအဆိပ်သင့်ခြင်း

        ပျားရည်ဟာ လူကြီးတွေအတွက် အန္တရာယ်ကင်းပေမဲ့ ကလေးတွေမှာတော့ botulism ဆိုတဲ့ အစာအဆိပ် သင့် ရောဂါဖြစ်စေနိုင်တာမို့ အသက်တစ်နှစ်အောင် ကလေးတွေကို ပျားရည်မခွံ့ဖို့ အမေရိကန်ပြည်ထောင်စု Department of Health and Human Services ရဲ့ foodsafety.gov ဝက်ဘ်ဆိုက်မှာ သတိပေးထားပါတယ်။ Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ မြေကြီးထဲ၊ ဖုံထဲမှာ မျိုးအောင်းစေ့ (spore) ဘဝနဲ့ ရက်လကြာရှည် အသက်ရှင်နေနိုင်ပါတယ်။ ပျားရည်ထဲကို တစ်နည်းနည်းနဲ့ ရောက်သွားတဲ့ မျိုးအောင်းစေ့တွေဟာ ပျားရည်စားသုံးတဲ့သူရဲ့ အူထဲကိုရောက်မှ ဗက်တီးရီး ယားအကောင်ပေါက်လာပြီး အဆိပ်တွေ ထုတ်တာပါ။ ကိုယ်အလေးချိန် ငါးကီလိုဂရမ် (11-ပေါင်)ရှိတဲ့ ကလေးကို အဆိပ် 0.0000005 မီလီဂရမ်က အသက်သေစေနိုင်တဲ့ထိ ပြင်းထန်ပါတယ်။ ချိုလိမ်မှာ ပျားရည်သုတ်ပေးထားရုံနဲ့ အစာအဆိပ်သင့်နိုင်ပါတယ်။ လူကြီးတွေဟာ botulism အစာအဆိပ်သင့် ရောဂါကို ခုခံနိုင်စွမ်းရှိပေမဲ့ တစ်နှစ်အောက် ကလေးတွေမှာတော့ ခုခံနိုင်စွမ်းမပြည့်ဝသေးတဲ့အတွက် ရောဂါကို ခံစားရတာပါလို့ American Academy of pediatrics’s Committee on Nutrition ရဲ့ ခေါင်းဆောင်၊ မွေးကင်းစ ကလေးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ Jatinder Bhatia ပြောပါတယ်။ ယူနိုက်တက် ကင်းဒမ်း (United Kingdom) နိုင်ငံမှာ ၁၉၇၆ ခုနှစ်နှင့် ၂ဝဝ၆ ခုနှစ်ကြား၊ နှစ် ၃ဝ အတွင်း လသားအရွယ် ကလေး ၆ ယောက်ဟာ ပျားရည်ကြောင့် botulism အစာအဆိပ်သင့်ရောဂါ ခံစားခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပျားရည်ကြောင့် အစာအဆိပ်သင့် ရောဂါဖြစ်နှုန်းဟာ လသားအရွယ် ကလေးတစ်သန်းမှာ ၁၉ ယောက်နှုန်းရှိပြီး၊ အများစု (၄၇.၂%) ဟာ ကယ်လီဖိုး နီးယားပြည်နယ် မှာ ဖြစ်ပါတယ်။

       ပျားရည်ကြောင့် botulism အစာအဆိပ်သင့်တာဟာ ရက်သတ္တ ၆ ပတ်နှင့် ၆ လကြား အရွယ် ကလေးတွေမှာ အများဆုံးဖြစ်ပါတယ်။ ကလေးကို ချီလိုက်ပိုးလိုက်ရင် ပျော့တီးပျော့ဖပ် ဖြစ်နေခြင်း၊ ခေါင်း မခိုင်ခြင်း၊ မျက်ခွံတွေ တွဲကျနေခြင်း၊ ဝမ်းချုပ်ခြင်း၊ နို့မစို့နိုင်ခြင်း၊ အားရှိပါရှိ မငိုနိုင်ခြင်းစတဲ့ ကြွက်သားအားနည်းတဲ့ လက္ခဏာတွေ ထင်ရှားပါတယ်။ နောက်ဆုံးမှာ အသက်ရှူတဲ့ ကြွက်သားတွေ အားနည်းလာရာက အသက်ရှူရပ်သွားပြီး အသက်သေဆုံးနိုင်ပါတယ်။ ပျားရည်ကြောင့် ဘသအကူငျာ အစာအဆိပ်သင့်ရောဂါဖြစ်ပြီး ကလေးတွေသေတယ်ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါစတဲ့ ရောဂါတွေကြောင့် သေတာနဲ့ယှဉ်လိုက်ရင် မပြောပလောက်ဘူးဆိုပေမဲ့ အသက်အန္တရာယ် အကယ်ရှိနိုင်တာကြောင့် လသားအရွယ်ကလေးတွေကို ပျားရည်ခွံ့တာတော့ မလုပ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ ကလေးပေါက်စလေးတွေကို ပျားရည်ခွံ့တဲ့ အကျင့်ရှိပါတယ်။ အင်္ဂလန်တို့ အမေရိကန်တို့မှာသာ ဖြစ်တာပါ။ ငါတို့ဆီမှာ မကြားဖူးပါဘူးလို့ ဇွတ်မငြင်းသင့်ပါဘူး။ လသားအရွယ်ကလေးတွေ သေသွားရင် ‘သူငယ်နာ’ ဆိုတာကလွဲပြီး ရောဂါအတိအကျ မဖော်ထုတ်နိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။

ဒေါက်တာလှကြည်

Facebook Comments