မန်ကျည်းရွက်အချဉ်ဟင်း

by Sofia for Food Magazine

ပူအိုက်တဲ့ရာသီမှာ ရင်အေးစေတဲ့ ဟင်းတစ်ခွက်ဖြစ်လို့ အညာမှာ မန်ကျည်းရွက် အချဉ်ဟင်းနဲ့ ငရုတ်သီးထောင်း တွဲဖက်လိုက်ရင်ဖြင့် အသား၊ ငါးဟင်းမလိုဘဲ ထမင်းမြိန်လှတဲ့ ဟင်းတစ်ခွက်ဆိုရင် မှားမယ်မထင်ပါဘူးရှင်။ ရိုးရှင်းတဲ့ ဟင်းတစ်ခွက်ဆိုသော်ငြားလည်း ချက်ပုံချက်နည်း အတော်များများ ကွဲပြားကြတဲ့အထဲက အိမ်က ချက်နည်းလေး မျှဝေ ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

မန်ကျည်းရွက်နုနု-  ၁၀ ကျပ်သား

ခရမ်းချဉ်သီး (ကိုင်းသီး)-  ၃ လုံး

ကြက်သွန်နီ-  ၁ လုံး

ကြက်သွန်ဖြူ-  ၅ မြွှာ

အသား/ငါး/ပုစွန်-  လက်တစ်ဆုပ် (အချဉ်ပြေ)

ငရုတ်သီးစိမ်း-  ၂ တောင့်

နနွင်းမှုန့်-  အနည်းငယ်

ဆား-  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်-  အနည်းငယ်

ပြုလုပ်နည်း

၁။        မန်ကျည်းရွက်နုနုကို ရွေးပြီး ရေဆေးသန့်စင်ထားပါ။

၂။         ခရမ်းချဉ်သီးနှင့် ကြက်သွန်နီ/ဖြူတို့ကို သေးသေးစိတ်ထားပါ။

၃။        အချဉ်ပြေထည့်မည့် အသား/ပုစွန်တို့ကို လှီးဖြတ်သန့်စင်ထားပါ။

၄။        အားလုံးအသင့်ဖြစ်ပါက ဟင်းရည်တည်မည့်အိုးထဲ အသား သို့မဟုတ် ပုစွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်နှင့် နနွင်းမှုန့်တို့ကို ထည့်၍ သမအောင် မွှေပြီး မီးဖိုပေါ် တင်ကာ လုံးချက် ချက်ထားပါ။

၅။        လုံးရည်ကုန်ပြီး ခရမ်းချဉ်သီးကြေသွားပါက ရေနည်းနည်းစီထည့်ပြီး ဟင်းရည်ကျအောင် တည်ထားပါ။

၆။        ဟင်းရည်ကျပါက မန်ကျည်းရွက်နှင့် ငရုတ်သီးစိမ်းခတ်ပြီး ဆူပွက်အောင် တည်ပါ။

၇။        အရသာအပေါ့အငန်မြည်းပြီး မီးဖိုမှချကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

မန်ကျည်းရွက်အချဉ်ဟင်းထဲ ကန်စွန်းရွက်အနည်းငယ်ရောလိုက ရောပေးနိုင်ပါတယ်။

ဆီထည့်လိုက တစ်ပေါက်၊ နှစ်ပေါက် ထည့်ပေးနိုင်ပါတယ်။ ဆိုဖီယာကတော့ ဆီမထည့် တာ ပိုနှစ်သက်ပါတယ်။

Facebook Comments