မလေးရှားကင်းမွန်အစပ်ဟင်း (Sambal Sotong)

by Sofia for Food Magazine

စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ နာမည်ကြီးဟင်းတစ်မျိုးဖြစ်ပါတယ်။ မြန်မာငရုတ်သီးငါးပိချက်နဲ့ ချက်ပုံခပ်ဆင်ဆင်တူပြီး ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်တွေမှာ မပါမဖြစ်တဲ့ ငရုတ်သီးချက်လေးလည်း ဖြစ်ပါတယ်။ ဒီငရုတ်သီးဟင်းအနှစ်လေးနဲ့ ဟင်းအမျိုးပေါင်းများစွာကို ပြင်ဆင်ချက်ပြုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းပေါင်းများစွာ ပြင်ဆင်နိုင်ဖို့ အဓိကကျတဲ့  SAMBAL CHILLI SAUCE ငရုတ်သီးအနှစ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကင်းမွန်-  ၂ ကောင်

ငရုတ်သီးခြောက်-  ၂ဝဝ ဂရမ်

ကြက်သွန်နီဥသေး-  ၂ဝဝ ဂရမ်

ကြက်သွန်ဖြူ-  ၁ဝဝ ဂရမ်

ငါးပိ-  စားပွဲဇွန်း ၂ ဇွန်း

မန်ကျည်းမှည့်-  ၅၀ ဂရမ်

ဆား-  ၂ ဇွန်း

သကြား-  ၁ဝဝ ဂရမ်

ဆီ-  ၅ဝဝ ဂရမ်

ရေ-  အနည်းငယ်

ပြုလုပ်နည်း

၁။        ဦးစွာ ငရုတ်သီးခြောက်ကို သန့်စင်ပြီး ရေပူထဲမှာ ပွအောင် စိမ်ထားပါ။

၂။         ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွှာထားပါ။

၃။        ငရုတ်သီးအဆင်သင့်ဖြစ်ပါက ကြိတ်စက်ထဲ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငါးပိတို့ကို ရေအနည်းငယ်ထည့်ပြီး ကြေညက်အောင် ကြိတ်ပါ။

၄။        အိုးတစ်လုံးထဲ ဆီထည့်ပြီး ကြိတ်ပြီးသား ငရုတ်သီးကို ဆီပြန်လာသည်အထိ ချက်ပါ။

၅။        ဆီပြန်လာပါက မန်ကျည်းမှည့်ကို ရေဖျော်ပြီး ထည့်ပါ။ ဆားနှင့် သကြားထည့်ပါ။

၆။        အရသာအပေါ့အငန်မြည်းပြီး ဆီပြန်လာပါက မီးဖိုပေါ်မှချကာ အအေးခံထားပါ။သန့်ရှင်းသောဘူးထဲ ထည့်ပြီး လိုသလိုချက်ပြုတ်တည်ခင်းနိုင်ပါပြီ။

၇။        Sambal Sotong ချက်ရန်အတွက် တစ်ပွဲစာ ကင်းမွန် ၂ ကောင်ကို ရေဆေး၍ သန့်စင်ပြီး အနေတော် အရွယ် လှီးဖြတ်ထားပါ။

၈။        အသင့်ဖြစ်ပါက အိုးထဲ အသင့်ချက်ပြီးသော ငရုတ်သီးအနှစ် တစ်ပန်းကန်လုံးစာကို ထည့်ပြီး အပူ ပေးပါ။ ပျစ်နေပါက ရေအနည်းငယ်ထည့်ပါ။ ပြီးလျှင် အသင့် လှီးဖြတ်ပြီးသား ကင်းမွန်ကို ထည့်ပြီး မွှေပါ။ မိနစ်အနည်းငယ်ခန့် ဆူပွက်ပါက မီးဖိုပေါ်မှချပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments