
TV မှာ ဖွေးဖွေးက ကိုရီးယားရော့ကာ Crazy မောင်လေးနဲ့ ကြော်ငြာတဲ့ ပူစပ်ပူစပ်ခေါက်ဆွဲကြော်ငြာပေါက်တော့ ကျွန်တော်ဆိုင်ဖွင့်ထားတဲ့ ကျောင်းက ကလေးတွေက ပူစပ်ပူစပ်ခေါက်ဆွဲပြုတ်ရောင်းဖို့ ပူဆာကြပါတယ်။ အသင့်စားခေါက်ဆွဲတွေရဲ့ အားနည်းချက်ကိုသိထားတော့ သူတို့တွေအတွက် ကိုယ်တိုင်ဖန်တီးတဲ့ ပူစပ်ပူစပ်ခေါက်ဆွဲကိုပဲ လုပ်ပေးလိုက်ပါတယ်။ ဒီနည်းမှာသုံးမယ့် ငရုတ်သီးအတွက် ဈေးမှာတစ်ခါတလေ ငရုတ်သီးအနီတောင့်လေးတွေ ရတတ်ပါတယ်။ ရရင် လှော်ပြီးကြိတ်ထားပြီး ရလာတဲ့အနှစ်ကို ရေခဲသေတ္တာထဲမှာထည့်သိမ်းထားပြီး အစပ်ဟင်းများချက်တဲ့နေရာမှာ သုံးနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတာက အပြုတ်ရည်ပါ။ ဟင်းချက်တဲ့အခါ အစအနပိုတတ်တဲ့ အာလူး၊ မုန်လာဥနီ၊ မုန်လာဥ၊ မုန်ညင်းရွက်၊ ဂေါ်ဖီရိုး စတာတွေဟာ အပြုတ်ရည်လုပ်ရာမှာ အသုံးဝင်ပါတယ်။ နံနံပင်လို၊ ကြက်သွန်မြိတ်လိုမျိုးတွေကလည်း ဘယ်အပိုင်းကိုမှ ပစ်စရာမလိုဘဲ သန့်စင်အောင်ဆေးကြောပြီး ဟင်းရွက်ပြုတ်ရည်ထဲ ထည့်ပြုတ်နိုင်ရင် ရနံမွှေးကြိုင်တဲ့အပြုတ်ရည်ကို ရနိုင်ပါတယ်။ ကဲ … စကားတွေလည်း များပြီးသွားပြီဆိုတော့ ချက်ကြည့်လိုက်ရအောင်။
► ပါဝင်ပစ္စည်းများ
♦ ကြာဆံ (သို့) ခေါက်ဆွဲ – ပန်းကန်လုံးတစ်လုံးစာ
♦ ကြက်ဥ – ၁ လုံး
♦ မုန်လာဥနီ – အနည်းငယ် (အမျှင်ခြစ်ထားပါ)
♦ ကြိုက်နှစ်သက်ရာအရွက်တစ်မျိုး (ပါးပါးလှီးထားပါ)
♦ ငရုတ်သီးကြိတ်ပြီးသားအနှစ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ကြက်သွန်ဖြူ
♦ ပုစွန်ခြောက်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငံပြာရည် – အနည်းငယ်
♦ ငရုတ်ကောင်းအဖြူမှုန့် – အနည်းငယ်
♦ သံပရာသီး – ၁ လုံး
♦ ဟင်းရွက်ပြုတ်ရည် (သို့) အရိုးပြုတ်ရည် – ပန်းကန်လုံး ၂ လုံး
♦ ကြက်သွန်မြိတ်၊ တရုတ်နံနံပင် – အနည်းငယ်စီ
► ချက်ပြုတ်ပုံ
၁။ ကြာဆံပြုတ်မည့်အိုးတွင် ဟင်းရွက်ပြုတ်ရည်တည်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးအနှစ်တို့ကို ပြုတ်ထားပါ။
၂။ အရသာအတွက် ပုစွန်ခြောက်မှုန့်၊ ငါးငံပြာရည်တို့ကိုပါ ထည့်ပြုတ်ပါ။
၃။ ဟင်းရွက်နှင့် မုန်လာဥနီတို့ကိုပါ ထည့်ပြုတ်ပါ။
၎။ မီးအရှိန်ကိုလျော့ချပြီး ကြာဆံများထည့်ပြုတ်ပါ။
၅။ ကြာဆံအနည်းငယ်ပျော့လာလျှင် ကြက်ဥဖောက်ပြီး အနှစ်မကွဲအောင် သတိထားပြီး ထည့်ပါ။ ကြက်ဥထည့်ပြီးချိန်မှာ ဟင်းရည်မဆူစေဘဲ ပူနေရုံသာတည်ပေးပါ။ ဆူပွက်နေအောင်တည်လျှင် ကြက်ဥမှ အမြှုပ်များဖြစ်သွားပါလိမ့်မည်။
၆။ သံပရာရည်ညှစ်ထည့်ပြီး လိုအပ်သလိုအရသာကိုပြင်ဆင်ပြီးလျှင် ကြက်သွန်မြိတ် နှင့် တရုတ်နံနံများထည့် ငရုတ်ကောင်မှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
www.facebook.com/MY FOODIES (mm)