မုန့်ကြွေလိပ်

မုန့်ကြွေလိပ်

          မြန်မာ့ရိုးရာအစားစာ မုန့်ကြွေလိပ်လုပ်နည်းလေးပါရှင်။ အိမ်ရှင်မတစ်ဦးက ကိုယ့်ဒေသမှာ အလွယ် ဝယ်လို့ရတာလေးတွေနဲ့ လုပ်စားတာမို့ ရိုးရာလုပ်နည်းလေး တွေနဲ့မတူဘဲ ကွဲပြားနိုင်ပါတယ်။ ပါဝင်ပစ္စည်းလေးတွေက ရိုးရှင်းပြီး  လုပ်ရတာလွယ်ပေမဲ့ ရေနဲ့ ဆန်မှုန့်အချိုးမှန်ဖို့၊ မုန့်သားအနေထားမှန်ဖို့ အရေးကြီးတယ်။ အဲဒါဆို လက်မကပ်ဘဲ လိပ်ရတာလွယ်ပြီး မြန်သလို စားရတာလည်း အိအိလေးနဲ့ နူးညံ့ပါ တယ်။

►   ပါဝင်ပစ္စည်းများ

♦   ဆန်မှုန့်     –   ၁၆ဝ ဂရမ် ( ၁ဝ ဆယ်သား)

♦   ကောက်ညှင်းမှုန့်    –   ၂ဝ ဂရမ် ( စားပွဲဇွန်း ၂ ဇွန်း)

♦   သကြား   –   လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

♦   ဆား    –   အနည်းငယ်

♦   ရေ   –   ၁၅ဝ-၁၆ဝ မီလီလီတာ

♦   ဆန်မှုန့်    –   ၃ဝ ဂရမ် ( အပိုဆောင်ထားပါ)

♦   ဆီ   –    အနည်းငယ်

►   တွဲဖက်စားရန်

အုန်းသီးခြစ်/နှမ်းထောင်း/ကြက်သွန်နီကြော်

►   ပြုလုပ်ပုံအဆင့်ဆင့်

၁။      ဆန်မှုန့်နဲ့ ကောက်ညှင်းမှုန့်ကို သကြား၊ ဆားတို့နှင့် ရောမွှေထားပါ။ နှံ့သွားလျှင် ရေပူနည်းနည်းချင်း ထည့်နယ်ပြီး နာရီဝက်နှပ်ထားပါ။

၂။      မုန့်သားကိုလက်ထဲမှာ ဖိပြားကြည့်တဲ့အခါ မကွဲတော့တဲ့အနေထားကိုရရင် ၁ဝ ခါလောက် ဂျုံနယ်သလို နယ်ပေးပါ။

၃။      လိုချင်တဲ့ မုန့်သားအနေထားရပြီဆိုရင် မုန့်သုံးပုံတစ်ပုံကို အဝါရောင်အစာဆိုးဆေး ၁ စက်ထည့်နယ်ပါ။ လက်မလက်သည်းကွင်းအရွယ် ညီတူအရွယ်လေးများရအောင်ဖဲ့ပါ။

၎။      အဲဒီမုန့်လေးတွေကို တစ်ခုချင်းယူပြီး ခက်ရင်းကျောဘက်အခြမ်းမှာ ဖိပြီးဆွဲပါ။ ဆူရှီလိတ်တဲ့ ဝါးရင်းလိပ်၊ ဘီးသန့်သန့်တို့အပေါ်တင်ပြီး ဖိဆွဲပေးလည်းရပါတယ်။

၅။      ကျန်မုန့်သားအဖြူရောင်ကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်သွားပါ။

၆။      မုန့်ဗိုင်းဒေါင့်လေးတွေ တစ်ခုနဲ့တစ်ခု ပူးကပ်မသွားအောင် ဆီဆွတ်ပေးပါ။

၇။      အားလုံးပြီးသွားတဲ့အခါ အပေါက်ပါတဲ့ပေါင်းအိုးမှာ ၂ဝ-၂၅ မိနစ်ပေါင်းပါ၊

၈။      မုန့်ကြွေလိပ်လေးတွေ နပ်သွားရင် အုန်းသီး ကြိုက်သူက အုန်းသီးခြစ်နဲ့ဖြူး စားပြီးပဲပြုတ်၊ ကြက်သွန်နီကြော်၊ နှမ်းထောင်းလေးဖြူးပြီး ပဲဆီမွှေးလည်း ဆမ်းစားလိုကစားပါရှင်။

♦   Meemeetofu   ♦

Facebook Comments

Menu