
မုန့်သြဇာတဲ့ ဒီမုန့်လေးက အညာဒေသ အစားအစာလေးပေါ့။ အညာဒေသမှာ ပေါများလှတဲ့အရာဟာ ဘယ်အရာများ ဖြစ်နိုင်မလဲပေါ့နော်။ ဒီမုန့်လေးက ကုလားပဲနှစ်နဲ့ လုပ်ထားတဲ့ မုန့်လေးပါ။ ကျွန်မရဲ့အဖေက အညာသားစစ်စစ်လို့ ပြောခဲ့ဖူးပါပြီနော်။ ကျွန်မတို့ စံရိပ်ငြိမ်၊ ဓနုဖြူဒေါ်စောရီတစ်ဆိုင်လုံးဟာ အဖေ့ရဲ့ အညာဘက်က အမျိုးချည်းပဲလေ။ ဒီတော့ ဘယ်အမျိုးလာလာ အညာမုန့်လေးတွေ တနိုင်လုပ်လာတတ်တယ်။ ဒီမုန့်သြဇာလေးက ကျွန်မငယ်ငယ်ကတည်းက ရင်းနှီးပြီးသားမုန့်လေးမို့ သိပ်ကြိုက်ပါတယ်။ လွယ်ကူပြီး စားကောင်းတဲ့မုန့်ကလေးကို လုပ်ကြည့်ရအောင်။
► ပါဝင်ပစ္စည်းများ
♦ ကုလားပဲမှုန့်အစိမ်း – 150 g (မွှေးတံဆိပ်သုံးပါတယ်)
♦ ဆား – အနည်းငယ် (အချိုစားဇွန်း ၁/၃ ပုံ)
♦ ရေ – 150 ml
♦ သကြား – 100 g
♦ ဆိုဒါ (Baking Powder) – အချိုစားဇွန်း ၁ ဇွန်း (မုန့်ဖုတ်ဆိုဒါ)
► ပြုလုပ်နည်း
၁။ ကုလားပဲမှုန့်များကို ဇလုံတစ်ခုမှာ ရေအနည်းငယ်စီဖြင့် ဖြည်းဖြည်းချင်း ရောပြီး ပဲမှုန့်များ ကြေသည်အထိ ခြေပေးပါ။ ရေ 150 ml ကုန်ရင် ခပ်ပျစ်ပျစ် အနေအထားရပါပြီ။ ဆားအနည်းငယ်ထည့်ပေးပါ။ မုန့်ပွလာစေရန် ဆိုဒါကို ထည့်မွှေပြီး ရေစိုဝတ်အပေါ်က အုပ်ထားကာ ၆ နာရီခန့်ထားရပါမယ်။
၂။ ၆ နာရီအကြာမှာ ဆီအိုးတည်ထားပြီး (ဆီကို ဇောက်နက်နက်အိုး)မှာ ထည့်ပေးပါ။
၃။ မုန့်ညှစ်ချဖို့ကို ပလတ်စတစ်အိတ်ဖင်ဖောက်၍လည်းကောင်း၊ Ketcup ထည့်သော နှုတ်သီးချွန်ဘူးလေးများထည့်၍လည်းကောင်း သုံးနိုင်ပါတယ်။ ကျွန်မက Baking အတွက်သုံးသော ပြွန်ချောင်းကို သုံးပါတယ်။ အဓိကက မုန့်နှစ်အတွက် ညှစ်ချရန် လွယ်ကူဖို့ လိုတာပါ။ အချောင်းလေးတွေ အဖြစ် ညှစ်ချချင်တာမို့ပါ။
၎။ ဆီအိုးပူပြီဆိုရင် ပဲနှစ်လေးတွေကို ဆီပူအိုးထဲ အချောင်းလေးတွေအဖြစ် ညှစ်ချနိုင်ပါတယ်။ ကုလားပဲချောင်းကြော်ပွပွလေးများရလာရင် ဆယ်ထားပေးပါ။ ဆီစစ်ထားပါ။
၅။ သကြားရည်ကို ကျိုပါမယ်။ ကျိုတဲ့အခါ သကြားရည်ပျစ်လာပြီး အခဲအပွင့်များ မဖြစ်လာခင်အချိန်လေးမှာ ဖိုပေါ်ကချရပါမယ်။ ခဏလောက်အအေးခံပေးပါ။
၆။ ကြော်ထားသော ပဲချောင်းလေးများကို သကြားရည်နွေးနွေးမှာ လူးကာ ဆန်ခါဘန်းတစ်ခုမှာ အခြောက်ခံပေးထားပါ။ သကြားပွင့်လူးပြီးသား ပဲချောင်းကြော်များအဖြစ် အေးလာရင် ရရှိပါမယ်။
၇။ အညာဒေသမှာတော့ ဒီမုန့်သြဇာကို ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံပါတယ်နော်။