မျှတ ပျော်ရွှင် ချက်စေချင်

ဒီဇင်ဘာလမှာတော့ ဆရာမနန်းစန်းစန်းအေးက “ဆိတ်သားသီးစုံမဆလာဟင်း၊ ဟင်းနုနယ်ရွက်ကြော်၊ ဂွေးသီးငါးပိချက်” အပါအဝင် ဟင်းလျာအတွဲအစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။        ကကူရန်ငါးခြောက်ချက်၊ ဖရုံသီးဆီပြန်၊ သရက်သီးထောင်း၊ ပဲရွက်ဟင်းရည်။

၂။         အမဲသား ငရုတ်သီးချက်၊ ပဲဝါလေးဟင်းရည်၊ သခွားသီးသုပ်၊ ရေကျိုငါးပိကြော်။

၃။        ပုစွန်ကဏန်းသားဆီပြန်၊ ကျောက်ပွင့်သုပ်၊ ခဝဲသီးဟင်းရည်၊ ကိုင်းခရမ်းချဉ်သီး ငါးပိချက်။

၄။        ဝက်အချင်းတိုင် မန်ကျည်းမှည့်ချက်၊ မျှစ်ဆန်လှော်ဟင်းရည်၊ ငရုတ်သီးသုပ်။

၅။        ဆိတ်သားသီးစုံမဆလာဟင်း၊ ဟင်းနုနယ်ရွက်ကြော်၊ ဂွေးသီးငါးပိချက်၊ ငရုတ်သီးအတောင့်ကြော်။

၆။        ကြက်သား သရက်သီးသနပ်ချက်၊ ပဲလိပ်ပြာ ဆူးပုပ်ရွက်ဟင်းရည်၊ ပဲပင်ပေါက်သုပ်၊ ငါးပိထောင်း။

၇။        ငါးဖယ်စပါးလင် ရေချိုချက်၊ နှမ်းဖတ်ချဉ်သုပ်၊ ငါးပိရည် တို့စရာအစုံ၊ ငရုတ်သီးစိမ်းထောင်း။

မျှတ ပျော်ရွှင် ချက်စေချင်

“လာမယ့်ခရစ္စမတ်နဲ့ နယူးရီးယားတို့ကို ဘယ်လို ဖြတ်သန်းကြမလဲ”

“ပိတ်ရက်တွေမှာ ခရီးတွေထွက်ကြမယ်လေ”

“မြန်မာပြည်တွင်းခရီးတော့ မသွားချင်တော့ဘူး”

“အကုန်နေရာအစေ့ ရောက်ပြီးပြီလား”

“ရောက်ပြီးလို့ မဟုတ်ပါဘူး။ ကိုယ်သုံးမယ့် အပျော် ကုန် ပိုက်ဆံတွေကို ဝေမျှပြီး လှူဒါန်းကြည့်ချင်လို့ပါ”

“သိပြီ။ ဟို… ဒေါက်ဖိနပ်အမြင့်ကြီးနဲ့ ဖိလစ်ပိုင် မော်ဒယ်လ်ကြီးကို အားကျနေတာမဟုတ်လား”

“ဟုတ်တယ်… ပိုက်ဆံထုပ်ကြီးကိုင်၊ မဲလိပ်တွေကို သူတကယ်ပေးချင်တဲ့သူကို နှိုက်ခိုင်းပြီးတော့ အနည်းဆုံး ငါးထောင်နဲ့ တစ်သောင်း၊ နှစ်သောင်း၊ တစ်သိန်း၊ နှစ်သိန်း ဝေမျှပေးတာမျိုး လုပ်ချင်တာ…”

“အဲဒါဆို ဒေါက်ဖိနပ်ကြီးတစ်ရံ အရင်ဝယ်မှ ရမယ်”

“အတွေးတွေကလည်း ခေါင်ပါ့။ ဒေါက်ဖိနပ်က

ဘာအရေးလဲ။ ဝေမျှလှူဒါန်းချင်တဲ့ အတွင်းစိတ်ထားကို ကြိုက်တာ…”

“စိတ်ပဲလား… တခြားအရေးကြီးတာ တစ်ခု ကျန်

နေသေးလားလို့”

“လှူနိုင်ဖို့ ပိုက်ဆံပြောနေတာ မဟုတ်လား။ ပထမ တော့ သူ့လို ငါးထောင် တစ်ကိုင်စာ မဟုတ်လည်း ဘေး လွယ်အိတ်နဲ့ တစ်ထောင်တန် တစ်အိတ်စာ၊ ပြီး… ဆာလာ အိတ်နဲ့တစ်အိတ်၊ ပြီး… ကားတစ်စီး တိုက်…”

“စိတ်ကူးတွေ ကောင်းတယ်ကွယ်… ဒီဆန္ဒတွေ တကယ်ပြည့်ပြီး အကောင်အထည်ဖော်နိုင်ပါစေ”

“ထက်ထက်သန်သန်ကြိုးစားမယ် သူငယ်ချင်း”

“အေးပါ… အခုတော့ ထမင်းနဲ့စားဖို့ ဟင်းတွေ

ချက်ရအောင်ပါ”

ဆိတ်သားသီးစုံမဆလာဟင်း၊ ဟင်းနုနယ်ရွက် ကြော်၊ ဂွေးသီးငါးပိချက်၊ ငရုတ်သီးအတောင့်ကြော် ချက် မယ်။

အရင်ဆုံး ဆိတ်သား ၂၀ ကျပ်သား အတုံးခပ်သေး သေးတုံး၊ ဆားနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာစီ နယ်ပြီး ရေစင်စင်ဆေးမယ်။ ရေစစ်ပြီး ဆား လက်ဖက် ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့်၊ ဇီရာမှုန့်အနည်းငယ်၊ အရသာ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး နယ်ထားမယ်။ ချက်မယ့် အိုးထဲ ဆီ ၅ ကျပ်သားထည့်၊ ကြက်သွန်နီ ၁ လုံး၊ ချင်း လက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ငရုတ်ပွ ၃ တောင့် ရောထောင်းထားတဲ့ အဆာ ထည့်ကြော်မယ်။ ကြက်သွန် ဖတ်တွေ အရောင်ကြည်လာရင် နယ်ထားတဲ့ ဆိတ်သား ထည့်လုံးမယ်။ ဆိတ်သားထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာ ရင် ပွက်စာ ရေ ၁၀ ကျပ်သား ၂ ခွက်ထည့်၊ အဖုံးအုပ်ပြီး ဆိတ်သားနူးအောင် တည်မယ်။ ဆိတ်သားနူးခါနီးရင် အနေတော်တုံးထားတဲ့ အာလူး ၂ လုံးထည့်မယ်။ အာလူး နူးခါနီးရင် ရွှေဖရုံသီး ၄၊ ၅ တုံးနဲ့အတူ ဂေါ်ရခါးသီး ၃ တုံး ထပ်ဖြည့်ထည့်မယ်။ ခဏပွက်ဆူပြီးရင် ပြုတ်ပြီး အခွံနွှာ ထားတဲ့ ပိန်းဥအသေး ၃ လုံး ထည့်မယ်။ လိုအပ်တဲ့ ဆားနဲ့ မဆလာ အရသာတွေ ထပ်ဖြည့်ပြီးရင် ဆိတ်သားသီးစုံ မဆလာဟင်းရပါပြီ။ ပျဉ်းတော်သိမ်ရွက်ရှိရင် အနံ့မွှေး အောင် ထပ်ဖြည့်လို့ရပါတယ်။

ဂွေးသီးငါးပိချက်အတွက် အစေ့မယှက်သေးတဲ့ ဂွေးသီးအသေး ၃ လုံးကို နုပ်နုပ်စဉ်းပြီး ညက်အောင် ထောင်းထားမယ်။ ဆီကိုလည်း စတီးဇွန်းကြီး ၁ ဇွန်းနဲ့ ကြက်သွန်ဖြူ ၃ မြွှာ ထည့်ကြော်မယ်။ အနံ့မွှေးလာရင် စိမ်းစားငါးပိ ကွမ်းသီး ၂ လုံးစာထည့်မွှေမယ်။ ငါးပိကျက်ရင် ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်၊ ငရုတ်သီးမှည့် ၁၅ တောင့် ညက်အောင် ထောင်းထားတာ ထပ်ထည့်မယ်။ မီးအရှိန် လျှော့ပြီး ရေ ၅ ကျပ်သား တစ်ခွက်ထည့်မယ်။ ပွက်ပွက်ဆူ လာရင်တော့ အပေါ့အငန်၊ အစပ်အရသာကို မိမိစိတ်ကြိုက် ဖြစ်အောင် မြည်းပြီး ကြိုက်ရာနဲ့ တို့စားလို့ရတဲ့ ဂွေးသီး ငါးပိချက်ကို ရပါပြီ။

ဟင်းနုနယ်ရွက်ကြော်အတွက် ဟင်းနုနယ် ဝယ်လာ သမျှကို ရေစင်စင်ဆေးပြီး ရေစစ်ထားမယ်။ ကြော်ခါနီးရင် ဆီ စတီးဇွန်းကြီး ၁ ဇွန်း၊ ကြက်သွန်နီ တစ်ခြမ်းနဲ့ ကြက်သွန် ဖြူ ၅ မြွှာတို့ကို ဓားပြားရိုက်ပြီး ထည့်မယ်။ အနံ့မွှေးလာရင် ဟင်းနုနယ်ရွက်၊ ဆား၊ အရသာ အနေတော်ထည့်ပြီး မီးအရှိန်မြှင့်ကြော်မယ်။ အရွက်တွေနူးရင် ကျက်ပါပြီ။

တကယ့်ကို လိုအပ်နေတဲ့သူ၊ အလုပ်လုပ်နေရင်းကပဲ မပြည့်မစုံဖြစ်နေတတ်တဲ့သူတွေကို မျှဝေနိုင်ဖို့ကြိုးစား ရင်း… ချက်စားကြည့်လို့ဖြစ်တဲ့ ဟင်းအတွဲတွေပါ။

Facebook Comments

by ဒေါ်နန်းစန်းစန်းအေး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ဆိတ်သားသီးစုံမဆလာဟင်း

ဆိတ်သား-  ၂၀ ကျပ်သား

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာမှုန့်-  အနည်းငယ်

အရသာမှုန့်-  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆီ-  ၅ ကျပ်သား

ကြက်သွန်နီ-  ၁ လုံး

ချင်း-  လက်တစ်ဆစ်

ကြက်သွန်ဖြူ-  ၅ မြွှာ

ငရုတ်ပွ-  ၃ တောင့်

ရေ-  ၂၀ ကျပ်သား

အာလူး-  ၂ လုံး

ရွှေဖရုံသီး-  ၁ စိတ်

ဂေါ်ရခါးသီး-  ၁ ခြမ်း

ပိန်းဥအသေး-  ၃ လုံး

မဆလာ-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂွေးသီးငါးပိချက်

ဂွေးသီး-  ၃ လုံး

ဆီ-  စတီးဇွန်းကြီး ၁ ဇွန်း

ကြက်သွန်ဖြူ-  ၃ မြွှာ

စိမ်းစားငါးပိ-  ကွမ်းသီး ၂ လုံးစာ

ပုစွန်ခြောက်မှုန့်-  လက်တစ်ဆုပ်

ငရုတ်သီးမှည့်-  ၁၅ တောင့်

ရေ-  ၅ ကျပ်သား

ဟင်းနုနယ်ရွက်ကြော်

ဟင်းနုနယ်-  ၁ စည်း

ဆီ-  စတီးဇွန်းကြီး ၁ ဇွန်း

ကြက်သွန်နီ-  ၁ ခြမ်း

ကြက်သွန်ဖြူ-  ၅ မြွှာ

ဆား-  အနည်းငယ်

အရသာမှုန့်-  အနည်းငယ်

ခ်က္နည္း

Menu