
by ေဒၚဆန်းဆန်းဦး(မြန်မာ့အသံ) for Food Magazine
ချစ်စွာသော စာရှုသူများရှင်- မြန်မာလူမျိုးများဟာ ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ် အလာကြီးမားကြသူများဖြစ်သလို ဓလေ့ရိုးရာကိုလည်း ချစ်ခင်မြတ်နိုး တန်ဖိုးထားလေ့ရှိကြပါတယ်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဆိုတဲ့ ဆိုဆုံးမစကားနဲ့ ကြီးပြင်းလာကြသူများပီပီ မိမိတို့ရဲ့ ဘိုးဘွား၊ မိဘ၊ ဆရာသမားများနဲ့ မိမိထက် အသက်အား ဖြင့် ကြီးမြင့်သူ၊ ဂုဏ်အားဖြင့် ကြီးမြင့်သူများရဲ့ အပေါ် မှာလည်း ဂါရဝတရား အလေးထားလေ့ရှိကြပါတယ်။ အခါကြီး၊ ရက်ကြီးများနဲ့ ယခုလို သီတင်းကျွတ်တဲ့အခါ များမှာ ဘိုးဘွား၊ မိဘ၊ ဆရာသမားများနဲ့ သက်ကြီးဝါကြီး များကို ဆေးဝါး၊ အစားအစာနှင့် မုန့်မျိုးစုံတို့အပြင် အမှတ် တရပစ္စည်းများနဲ့လည်း အမွန်တမြတ် ဂါရဝပြုလေ့ ရှိကြ ပါတယ်။
အဲဒီလို ဂါရဝပြုကြတဲ့အခါ တချို့က နှစ်သက်ရာ မုန့်မျိုးစုံကို အလွယ်တကူဝယ်ယူပြီး ဂါရဝပြုလေ့ ရှိကြ သလို တချို့ကလည်း မြန်မာ့ရိုးရာ အချိုမုန့်များကို အိမ်မှာ အမြတ်တနိုးပြုလုပ်ပြီးတော့ ဂါရဝပြုလေ့ရှိကြပါတယ်။ ဒါကြောင့် ယခုလမှာတော့ Food Magazine စာရှုသူများ အနေနဲ့ ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို မျက်နှာပန်း လှလှ ဂါရဝပြုနိုင်ကြစေဖို့ လူကြိုက်များလှတဲ့ “ဟာလဝါ”ပြုလုပ်နည်းများနှင့် အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။
“ဟာလဝါ” ကိုတော့ အချို၊ အဆိမ့်ကြိုက်တဲ့သူတိုင်း စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ “ဟာလဝါ” မှာ ဆန်နဲ့ လုပ်တဲ့ “ဟာလဝါ”၊ ကောက်ညှင်းနဲ့လုပ်တဲ့ “ကောက်ညှင်း ဟာလဝါ” နဲ့ ရွှေချီမှုန့်နဲ့လုပ်တဲ့ “ရွှေချီဟာလဝါ” ဆိုပြီး
(၃) မျိုး ရှိပြီးတော့ “ဟာလဝါအစို” အပြင် “ဟာလဝါ အခြောက်”နှင့် “ဟာလဝါအြွကပ်” လည်း ရှိပါတယ်။
“ဟာလဝါ” ထဲမှာ “ပုသိမ်ဟာလဝါ” ကတော့ နာမည် အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ။
ကျွန်မတို့ မြန်မာလူမျိုးတွေမှာ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘယ်နေရာ၊ ဘယ် ဒေသကိုပဲ ရောက်ရောက်၊ ရောက်တဲ့နေရာက ဒေသ ထွက်ကုန်တစ်မျိုးမျိုးကို ဝယ်ယူလာပြီး ကိုယ့်အရပ်၊ ကိုယ့် ဒေသရောက်တဲ့အခါ ဆရာသမား၊ သူငယ်ချင်းအပေါင်း အသင်းများကို လက်ဆောင်ပေးလေ့ ရှိကြပါတယ်။ မန္တလေးရောက်ရင် ထိုးမုန့်၊ လမုန့်၊ လက်ဖက် စသည်တို့ ပါလာတတ်သလို ပုဂံညောင်ဦးဘုရားဖူးက အပြန်မှာ လည်း ယွန်းထည်ပစ္စည်းနဲ့ ပုံးရည်ကြီး၊ ကျောက်ပန်း တောင်းက ထန်းလျက်နဲ့ မကွေးက အပြန်မှာတော့ ပဲယို၊ နှမ်းယို၊ ပုသိမ် မော်တင်စွန်းဘုရားပွဲက အပြန်မှာတော့ ပုသိမ်ဟာလဝါ၊ ပုသိမ်ထီး စသဖြင့် ဒေသထွက်ကုန် လေးတွေကို ဝယ်ယူပြီး ခင်မင်ရင်းနှီးစွဲရှိသူတို့ကို အမှတ် တရလက်ဆောင်အဖြစ် ပေးလေ့ရှိပါတယ်။
“ဟာလဝါ” ပြုလုပ်မယ်ဆိုရင်တော့-
ဆန်ကောင်းကောင်း – နို့ဆီဘူး ၃ ဘူး
သကြား – ၂ ပိဿာ
အုန်းသီး – ၂ လုံး
နွားနို့ – ၅၀ ကျပ်သား
ထောပတ် – ၁၂ ကျပ်ခွဲသား
ဆီ – ၂၅ ကျပ်သား
ဘိန်းစေ့ – ၂၅ ကျပ်သား
ကြက်ဥ – ၁ လုံး
တို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေ စုံပြီဆိုရင်တော့ ပထမဆုံး ဆန်ကို ရေစင်အောင် ဆေးပြီး တစ်ည ရေစိမ်ထားရပါ မယ်။ နံနက်ရောက်တဲ့အခါ ဆန်ကို ရေစစ်ပြီး တစ်ခါ ထပ်မံဆေးရပါမယ်။ ဆေးပြီးတဲ့အခါ ဆန်ကို ထောင်းရင် ထောင်း၊ မထောင်းချင်ရင် ကြိတ်ဆုံနဲ့ ကြိတ်ပြီးသား ဆန်ကို ရေ နို့ဆီဘူး ၄ ဘူးနဲ့ ဖျော်ရပါမယ်။
အဲဒီနောက် ခပ်ကြီးကြီး အိုးတစ်လုံးထဲ ရေကို နို့ဆီဘူး ၁၀ ဘူးစာလောက်ထည့်ပြီး ကျိုရပါမယ်။ ရေနွေး ဆူလာတဲ့အခါ သကြားကို ထည့်ရပါမယ်။ နို့ကို လက်ဖက် ရည် ပန်းကန်လုံး ၁ လုံး (သို့) ကြက်ဥအကာ ရရာတစ်မျိုး မျိုးကို ရေ နို့ဆီဘူး ၁ ဘူးစာနဲ့အတူ နာနာခေါက်ပေးပြီး သကြားအိုးထဲ လောင်းထည့်ရပါမယ်။ အမြှုပ်တွေ တက် လာတဲ့အခါ အမြှုပ်တွေကို ကုန်စင်အောင် ခပ်ထုတ် ပစ်ရပါမယ်။ အမြှုပ်တွေ ကုန်သွားတဲ့အခါ အိုးကိုချပြီး အဝတ်ပါးလေးနဲ့ စစ်ထားရပါမယ်။ အဲဒီလို အဝတ်ပါး လေးနဲ့ စစ်ပြီးတဲ့အခါ သကြားရည်ကို ဒယ်အိုးတစ်လုံးနဲ့ ပြန်ပြီး ကျိုရပါမယ်။ သကြားရည်အိုး ဆူလာတဲ့အခါ စောစောက အရည်ဖျော်ထားတဲ့ ဆန်မှုန့်ရည်ကို အခဲတွေ မပါအောင် သေချာဖျော်၍ လောင်းထည့်ပြီး အဆက် မပြတ်မွှေပေးရပါမယ်။
မုန့်ရည်တော်တော်ပျစ်လာတဲ့အခါ အုန်းသီး ၂ လုံး ကို အရည်ညှစ်ထားတဲ့ အုန်းနို့ရည်နဲ့ နွားနို့ ၅၀ ကျပ်သား ကို ထည့်၍ ဆက်ပြီး မွှေပေးရပါမယ်။ မုန့်တော်တော် လေးနီလာတဲ့အခါ အမှိုက်သရိုက်များ ကင်းစင်အောင် ပြာတီးထားတဲ့ ဘိန်းစေ့ ၂၅ ကျပ်သားကို ထည့်ပြီး မွှေပေးရပါမယ်။ အဲဒီနောက် ထောပတ်နဲ့ဆီကို ဖြည်း ဖြည်းချင်း လောင်းထည့်ပြီး မွှေပေးရပါမယ်။
အဆက်မပြတ်မွှေပေးနေရင်းနဲ့ မုန့်သားက မာ လိုက်လာပါလိမ့်မယ်။ ယောက်မနဲ့ ထိုးကော်ကြည့်လို့ မုန့်သားပြတ်ပါလာတဲ့အခါ ဒယ်အိုးကို မီးဖိုပေါ်က ချရပါ မယ်။ ပြီးလျှင် ဆီသုတ်ထားတဲ့ အိုးတစ်လုံးထဲ ထည့်ပြီး အအေးခံထားရပါမယ်။ အဲဒီလို အအေးခံနေစဉ်မှာ အေးခဲမသွားမီ လိုရာပုံစံ အတုံးလေးတွေရရှိအောင် ဓားလေးနဲ့ လှီးပြီး ပုံစံချထားရပါမယ်။ အေးခဲသွားရင် မာသွားတတ်တာမို့ မအေးခဲခင် ပုံစံချရတာဖြစ်ပါတယ်။ အေးသွားပြီဆိုရင် သင်းပျံ့မွှေးကြိုင်ပြီး လတ်ဆတ် သန့်ရှင်းတဲ့ “ဟာလဝါ” ကို ရရှိပြီမို့ စိတ်တိုင်းကျ အသုံး ပြုနိုင်ကြပြီ ဖြစ်ပါတယ်။
“ဟာလဝါ” ကိုတော့ လူကြီး၊ လူငယ်၊ လူရွယ်မကျန် အားလုံးက နှစ်ခြိုက်ကြပါတယ်။ ချိုဆိမ့်မွှေးပြီး အိအိ ထွေးထွေး “ဟာလဝါ” ကို အချိုအဆိမ့်ကြိုက်သူများ ပိုပြီး စွဲလမ်းနှစ်ခြိုက်ကြပါတယ်။
“ဟာလဝါ” ကို ယခုလို ငကျွဲဆန်ကောင်းကောင်းနဲ့ လုပ်စားကြသလို ကောက်ညှင်းဆန်နဲ့လည်း ပြုလုပ်စား
သုံးနိုင်ကြပါတယ်။ ကောက်ညှင်းဟာလဝါ လုပ်မယ်ဆိုရင် တော့-
ကောက်ညှင်းဆန် – ၁ ပြည်
ဆန်ကြမ်း – နို့ဆီဘူး ၂ ဘူး
သကြား – ၁ ပိဿာ ၂၅ ကျပ်သား
အုန်းသီး – ၂ လုံး
ဆီ – ၄၀ ကျပ်သား
ထောပတ် – ၁၂ ကျပ်ခွဲသား
ဘိန်းစေ့ – ၂၅ ကျပ်သား
တို့ လိုအပ်ပါတယ်။
ပထမဆုံး ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို တစ်ညရေစိမ်ပြီး ကြိတ်ဆုံနဲ့ ကြိတ်ရပါမယ်။ ပြီးလျှင် မုန့်ရည်များကို မုန့်အိတ်ထဲ ထည့်ပြီး ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့ မုန့်နှစ်များကို အခဲလေးတွေမပါအောင် ရေနဲ့ ဖျော်ထားရပါမယ်။
ပြီးလျှင် ခပ်ကြီးကြီးအိုးတစ်လုံးထဲ ရေများများထည့် ပြီး ကျိုရပါမယ်။ ရေနွေးဆူတဲ့အခါ သကြားကို ထည့်ရပါ မယ်။ အဲဒီနောက် ကောက်ညှင်းဆန်ကြိတ်ပြီး ဖျော် ထားတဲ့ မုန့်နှစ်ရည်ကို သကြားရည်အိုးထဲ လောင်းထည့် ရပါမယ်။ မုန့်နှစ်ရည်အိုးကို အဆက်မပြတ်မွှေပေးဖို့ လိုပါတယ်။ မုန့်ရည်ပျစ်လာတဲ့အခါ အုန်းနို့ရည်၊ ရေနှင့် နွားနို့တို့ကို ထည့်၍ ဆက်ပြီး မွှေပေးနေရပါမယ်။ မုန့်သား တက်လာတဲ့အခါ ဘိန်းစေ့များကို ထည့်ရပါမယ်။ အဲဒီ နောက် ထောပတ်ကို နည်းနည်းချင်း လောင်းထည့်ပြီး မွှေရပါမယ်။ မွှေနေရင်းနဲ့ မုန့်သားဟာ တဖြည်းဖြည်း မာလိုက်လာပါလိမ့်မယ်။ ယောက်မနဲ့ ထိုးကော်ကြည့်လို့ မုန့်သားပြတ်ပါလာရင် ဒယ်အိုးကို မီးဖိုပေါ်က ချရပါမယ်။ ပြီးလျှင် ဆီသုတ်ထားတဲ့ အိုးတစ်လုံးထဲ ထည့်ပြီး အအေးခံ ရပါမယ်။ အဲဒီအခါမှာ အနံ့ အရသာနဲ့ပြည့်စုံကောင်းမွန်တဲ့ ကောက်ညှင်းဟာလဝါကို ရရှိပြီဖြစ်ပါတယ်။ ကောက် ညှင်းဟာလဝါကိုလည်း စားဖူးသူတိုင်း နှစ်သက်ကြပါ တယ်။
ရွှေချီဟာလဝါပြုလုပ်နည်းကို ဆက်လက်ပြီး တင်ပြ ပေးပါမယ်။ ရွှေချီဟာလဝါ လုပ်မယ်ဆိုရင်တော့-
ရွှေချီမှုန့် – ၂ ပိဿာ
သကြား – ၂ ပိဿာ
ဗာဒံစေ့ – ၅၀ ကျပ်သား
(အခွံချွတ်ပြီးသား)
ထောပတ် – ၁ ပိဿာ
ကုံကုမံ – အနည်းငယ်
ဖာလာစေ့ – ၃၀ စေ့ (အခွံနွှာထား)
နှင်းရည် – လက်ဖက်ရည်
ပန်းကန်လုံး ၁ လုံး
အုန်းသီး – ၃ လုံး
နွားနို့ – ၅၀ ကျပ်သား
တို့ လိုအပ်ပါတယ်။
ပထမဆုံး ရွှေချီမှုန့်များကို ညကတည်းက ရေစိမ် ထားရပါမယ်။ နံနက်ရောက်တဲ့အခါ ရွှေချီတွေကို ပြန် စစ်ပြီး အုန်းနို့ညှစ်သလို အနှစ်မကုန်မချင်း ညှစ်ယူရပါ မယ်။ ပြီးလျှင် အမှိုက်များ ကင်းစင်အောင် ရေစစ်ထားတဲ့ သကြားရည်၊ ညှစ်ထားတဲ့ အုန်းနို့နှင့် ရွှေချီတို့ကို ရောပြီး ကျိုရပါမယ်။ အဲဒီနောက် ရေဆေးထားတဲ့ ဖာလာစေ့ တို့ကို ဗာဒံစေ့၊ ကုံကုမံတို့နဲ့အတူ ရောထည့်ပြီး ကျိုရ ပါမယ်။ မုန့်သားတော်တော်ပျစ်လာတဲ့အခါ ထောပတ် လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးရပါမယ်။ ရေခန်း သွားပြီး မုန့်သားလည်လာတဲ့အခါ ထောပတ်သုတ်ထား တဲ့ အိုးထဲ ထည့်ပြီး အအေးခံရပါမယ်။ အဲဒီအခါမှာ အရသာရှိတဲ့ ရွှေချီဟာလဝါ ရရှိပြီ ဖြစ်ပါတယ်။
ဟာလဝါကို ဟာလဝါအစိုအပြင် ဟာလဝါအခြာက် လည်း ပြုလုပ်စားသုံးနိုင်ပါ တယ်။ ဟာလဝါအခြောက်ကို တချို့ကတော့ ဟာလဝါအြွကပ်လို့လည်း ခေါ်ဝေါ်လေ့ရှိကြ ပါတယ်။ ဟာလဝါအြွကပ်လုပ်မယ်ဆိုရင်တော့-
ကောက်ညှင်းဆန် – ၁ ပြည်
ရွှေချီမှုန့် – လက်ဖက်ရည် ပန်းကန်လုံး
၁ လုံး
သကြား – ၁ ပိဿာ ၅၀ ကျပ်သား
အုန်းသီး – ၃ လုံး
နွားနို့စစ်စစ် – ၅၀ ကျပ်သား
ထောပတ် – ၁ ပိဿာ ၂၅ ကျပ်သား
နှင်းရည် – ေြွကဇွန်းကြီး ၃ ဇွန်း
ဗာဒံစေ့ – ၂၅ ကျပ်သား
တို့ လိုအပ်ပါတယ်။
ပထမဆုံး ကောက်ညှင်းဆန်ကို အမှုန့်ထောင်းပြီး အုန်းနို့၊ ရွှေချီမှုန့်တို့နှင့် ရောပြီး ဖျော်ထားရပါမယ်။ သကြားကို အရည်ကျိုပြီး စစ်ထားရပါမယ်။ အဲဒီနောက် အုန်းနို့၊ ရွှေချီတို့နှင့် ရောမွှေပြီး နွားနို့ကို လောင်းထည့်၍ အဆက်မပြတ် မွှေပေးရပါမယ်။ မုန့်ရည်တော်တော်ပျစ် လာတဲ့အခါ နှင်းရည်နှင့် ဗာဒံစေ့တို့ကို ရောထည့်ပြီး ကျိုရ ပါမယ်။ ခဏကြာလျှင် မုန့်ရည်တော်တော်လေး ပျစ်လာ တဲ့အခါ ထောပတ်လောင်းထည့်ပြီး ြွကပ်လာအောင်
ဆက်ပြီး မွှေပေးရပါမယ်။ ြွကပ်လာတဲ့အခါ ဆီသုတ်ထား တဲ့ ပုံစံခွက်ထဲထည့်ပြီး အအေးခံရပါမယ်။ မအေးခင်မှာ လိုရာပုံစံလှီးပြီး ထားရပါမယ်။ အေးသွားတဲ့အခါမှာ ဟာလဝါြွကပ်ကို ရရှိပြီဖြစ်ပါတယ်။
ဟာလဝါြွကပ်ကို တာရှည်ထားပြီး စားသုံးနိုင်ကြပါ တယ်။ ဟာလဝါထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များကို လေ့လာတဲ့အခါ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ စာအုပ်” အလိုအရ ဟာလဝါစားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၂၇၁ ကီလိုကယ်လိုရီ၊ အဆီဓာတ်
၃၂ ဂရမ်နှင့် ပရိုတင်း ၃.၅ ဂရမ်တို့ ပါဝင်တာကို တွေ့ရ ပါတယ်။
ယခုလမှာတော့ “ဟာလဝါ” ပြုလုပ်စားသုံနည်း များနှင့် အာဟာရတန်ဖိုးများအကြောင်း တင်ပြအစီရင် ခံရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို ရပ်နားလိုက်ရပါတယ်ရှင်။