‘မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ’ စားတော်ပဲ

ချစ်စွာသော စာရှုသူများရှင်-                                                      နံနက်မိုးသောက်အလင်းရောက်ပြီဆိုတာနဲ့ အရပ် တကာ နယ်တကာမှာ “ပဲပြုတ်” ဆိုတဲ့အသံကို ကြားမိ ကြမှာ အမှန်ပါပဲရှင်။ မနက်စောစော အိပ်ရာက နိုးတာနဲ့ တစ်ပြိုင်နက် ပါစကဝမ်းမီးက တောက်လောင်လာတာမို့ ဝမ်းမီးငြှိမ်းသတ်ဖို့အတွက် နှစ်သက်ရာ အစာတစ်မျိုးမျိုး ကို စားသုံးလေ့ရှိကြပါတယ်။

မနက်စောစောစာ မုန့်ဟင်းခါးစားရမှ ကျေနပ်တဲ့ သူတွေရှိကြသလို “ပဲပြုတ်” နဲ့ ထမင်းစားရမှ အားရကြသူ တွေလည်း ရှိကြပါတယ်။ ဒါကြောင့် ယခုလ “မြန်မာ့ရိုးရာ အစားအစာနှင့် အာဟာရ” အခန်းမှာတော့ ကျွန်မတို့ နိုင်ငံရဲ့ စိုက်ပျိုးရေးမဏ္ဍိုင် (၄) ရပ်မှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ပဲအမျိုးမျိုးထဲက “စားတော်ပဲ” ရဲ့  အာဟာရတန်ဖိုး များအကြောင်း တင်ပြမှာဖြစ်ပါတယ်။

ပဲလွမ်း၊ ပဲကြီး၊ ပဲကျား၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဗိုလ်ကိတ်ပဲ၊ စားတော်ပဲ စတဲ့ ပဲမျိုးစုံရှိတဲ့အထဲမှာ မြန်မာ တိုင်းရင်းသား များ  နံနက်စာ စားသုံးလေ့ရှိကြတဲ့ “ပဲပြုတ်” က စားတော် ပဲကို ပြုတ်ထားတာ ဖြစ်ပါတယ်။  အောက်ပြည်၊ အောက် ရွာမှာ ပဲပြုတ်လို့သာ အလွယ်တကူ ခေါ်ဝေါ်နေကြပေမယ့် အထက်အညာဒေသက မြို့ ကြီးများမှာတော့ “စားတော် ပဲပြုတ်” လို့သာ ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပါတယ်။

စားတော်ပဲရဲ့ အစေ့ကတော့ လုံးပြီး ချောပါတယ်။အရောင်ကတော့ များသောအားဖြင့် အဖြူရောင်ဖြစ်ပြီး တစ်ခါတစ်ရံမှာ အမည်းရောင်လေးကိုပါ တွေ့ရတတ်ပါ တယ်။ အထက်အညာဒေသတွေမှာ မချက်ပြုတ်ရသေး တဲ့ စားတော်ပဲစေ့တွေကို စားတော်ပဲလို့ ခေါ်ဝေါ် ပြီး အဲဒီ စားတော်ပဲကို ပြုတ်ထား၊ ပေါင်းထား၊ လှော်ထားတဲ့ စားတော်ပဲတွေကိုတော့ “ပဲဆေးလုံး” လို့ ခေါ်ဆိုကြပါ တယ်။ မန္တလေးမှာတော့ စားတော်ပဲပြုတ်လို့သာ ခေါ်ဝေါ် သုံးစွဲကြပါတယ်။

အဲဒီစားတော်ပဲကို ချောင်းဦးနယ်ဘက်မှာတော့

“ပဲတော်” လို့ ခေါ်ဝေါ်သမှု ပြုကြပါတယ်။ အရပ်ဒေသ အလိုက် ခေါ်ဝေါ်ပုံ ကွဲပြားကြပေမယ့် စားတော်ပဲကို ပြုလုပ် စားသုံးပုံများကတော့ သိပ်ပြီး ကွဲပြားမှု မရှိလှပါဘူး။ စားတော်ပဲကို အများဆုံးပြုလုပ်စားသုံးကြတာကတော့

“ပဲပြုတ်” ပါပဲရှင်။

စားတော်ပဲပြုတ်မယ်ဆိုရင်တော့ အခြောက်တွေကို သဲ၊ ခဲ ကင်းစင်အောင် ရွေးချယ်ပြာတီးပြီး တစ်ညရေစိမ် ကာ ဆော်ဒါနဲ့ ပြုတ်ရပါမယ်။ အဲဒီနောက် ရေကို ငှဲ့ပစ်ပြီး နှပ်ထားရပါမယ်။ ပဲတွေနပ်ပြီဆိုတော့မှ ပဲပြုတ်တောင်း ထဲမှာ ပုဆိုးသန့်သန့် သို့မဟုတ် အဝတ်ပိုင်းသန့်သန့် ခင်းပြီး ပဲပြုတ်တွေ လောင်းထည့်ကာ အငွေ့လုံနေအောင် အဝတ်စလေးတွေနဲ့ ပြန်အုပ်ထားရပါမယ်။ အဲဒီအခါမှာ တော့ ပဲပြုတ်ကို စီးပွားဖြစ် လှည့်လည်ပြီး ရောင်းချကြ သူများအတွက် ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ ပဲပြုတ်ကို ရရှိပြီ ဖြစ်ပါတယ်။

ပဲပြုတ်ကို ထမင်းနဲ့ ဆီဆမ်း၊ ဆားဖြူးပြီး ဆိမ့်ဆိမ့် လေး စားသုံးနိုင်ကြပါတယ်။ ပဲပြုတ်ကို ထမင်းပူပူလေးနဲ့ ဆီလေးဆမ်းပြီး အလွယ်တကူစားသုံးနိုင်သလို တချို့ ကတော့ ထမင်းနဲ့အတူ ပဲပြုတ်ကို ကြော်ပြီး စားကြပါ တယ်။ တချို့ကတော့ ပဲပြုတ်ကို ကြက်သွန်နီ ပါးပါးလှီးပြီး သားနဲ့အတူ ဆီဆမ်း၊ ဆားဖြူးပြီး သုပ်စားကြပါတယ်။ တချို့ကျတော့လည်း ကြက်သွန်ဖြူ/နီကို ဆီသတ်ပြီး ပဲပြုတ်ထည့်ကာ ပဲပြုတ်ကြော် ကြော်စားကြပါတယ်။

ပဲပြုတ်ကြော်တဲ့အခါ သူ့ချည်းသက်သက် ကြော်စား နိုင်တဲ့အပြင် မျှစ်နဲ့လည်း ကြော်စားနိုင်ပါတယ်။ စားတော် ပဲပြုတ်ကို မျှစ်နဲ့ကြော်မယ်ဆိုရင်တော့ ပထမဆုံး မျှစ်ပြုတ် တွေကို အပ်ချိတ်နဲ့ သေးသေးမျှင်မျှင်လေးတွေရအောင် ဖွထားရပါမယ်။ ပြီးတော့ မျှစ်တွေကို ရေညှစ်ပြီး ဆားနဲ့ နယ် ထားရပါမယ်။ ကြက်သွန်ဖြူ ဥကြီးတစ်လုံးကို အခွံနွှာ၊ ဓားပြားရိုက်ပြီး ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးထား ရပါမယ်။ အဲဒီနောက် မီးဖိုပေါ်မှာ ဆီအိုးတည်ကာ ဆီ ကျက်တဲ့အခါ ကြက်သွန်ဖြူကို အရင်ထည့်ပြီး ဆီမွှေး သတ်ရပါမယ်။ ခဏကြာတဲ့အခါ ကြက်သွန်နီကိုပါ ထည့်ကာ ဆီမွှေးသတ်ပြီး ကြက်သွန်နီတွေ အနီရောင် သန်းလာတဲ့ အခါ မျှစ်ကို ထည့်ရပါမယ်။

အဲဒီနောက် မျှစ်တွေကို အပေါ်အောက် သမအောင် မွှေပေးပြီး မျှစ်တွေ ခပ်ထပ်ထပ်လေး ဖြစ်လာတော့မှ ပဲပြုတ်တွေကို ထည့်ရပါမယ်။ ပဲပြုတ်ထည့်ပြီး အဖုံးကို ခဏပိတ်ထားရပါမယ်။ ပဲပြုတ်လေးတွေ အိလောက်တဲ့ အခါမှာ အိုးအဖုံးကို ဖွင့်ပြီး မျှစ်နဲ့ပဲပြုတ်ကို သမအောင်

မွှေပေးရပါမယ်။ ဒီအခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံ ကောင်းမွန်တဲ့ “မျှစ်နဲ့ ပဲပြုတ်ကြော်” ဟင်းတစ်မည်ကို ရရှိနိုင်ပြီဖြစ်ပါတယ်။ သက်သတ်လွတ်စားသူများအတွက် အဆင်ပြေစေတဲ့ ဟင်းတစ်မျိုး ဖြစ်ပါတယ်။

စားတော်ပဲပြုတ်ကို  ပဲပလာတာ ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ပဲပြုတ်ကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဆားနဲ့ သမအောင် မွှေထားရပါမယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ခပ်များများ ကြော်ထားရပါမယ်။ အဲဒီနောက် ကြက်သွန်ကြော်ထားတဲ့ ဆီတွေနဲ့အတူ ပဲပြုတ်ကြိတ် ထောင်းတာတွေကိုပါ ထည့်ပြီး မွှေးနေအောင် ဆီရွှဲရွှဲနဲ့ ကြော်ရပါမယ်။ ပြီးတော့ အဲဒီပဲပြုတ်ကြော်တွေကို ဇလုံ တစ်လုံးထဲ ကော်ပြီး ခပ်ထားရပါမယ်။

ပလာတာအတွက် ဂျုံကို ခပ်ပါးပါးရိုက်ပြီး ကြော်ကာ အဲဒီပလာတာအချပ်ထဲမှာ ပဲပြုတ်ထောင်းကြော်ကို ထည့်လို့  အရသာရှိတဲ့ ပဲပလာတာအဖြစ် သုံးဆောင်

နိုင်ကြပါတယ်။

စားတော်ပဲအပင်က အညွန့်လေးတွေကိုတော့ ဟင်းချို၊ ဟင်းခါးချက်သောက်နိုင်သလို ကြော်ချက်လည်း ချက်စားနိုင်ပါတယ်။ စားတော်ပဲသီးစိမ်းအတောင့် အနု လေးတွေကိုလည်း ကြော်ချက် ချက်စား၊ ဆီပြန်ဟင်း ချက်စားနိုင်တဲ့အပြင် အာလူးနဲ့ရောပြီး မဆလာလေး အုပ်လို့ ကုလားဟင်းလည်း ချက်စားနိုင်ပါတယ်။

စားတော်ပဲကို အညှောင့်ဖောက်ပြီး စားတော်ပဲ ပင်ပေါက်လည်း ဖောက်စားနိုင်ပါတယ်။ စားတော်ပဲ ပင်ပေါက်လည်း ဖောက်စားနိုင်ပါတယ်။ စားတော်ပဲပင် ပေါက်ကိုတော့ ပဲပင်ပေါက်နဲ့ ပဲပြားကြော်သလို ကြော်စား နိုင်ကြပါတယ်။ စားတော်ပဲတွေကို ရေစိမ်ပြီး ပွလာတော့မှ ရေစစ်ကာ နေလှမ်းပြီး လှော်ကာ စားတော်ပဲလှော်အဖြစ် စားသုံးလို့လည်း ရပါတယ်။ အရွက်အညွန့်ကို ဟင်းချို ဟင်းခါးကြော်ချက် ချက်စားနိုင်သလို အသီးအတောင့်နု အစိမ်းကိုလည်း ကြော်ချက်၊ ဆီပြန်ကုလားဟင်း ချက်စား နိုင်တဲ့အပြင် အစေ့အရင့်အခြောက်ကို ပြုတ်စား၊ လှော် စား၊ အပင်ဖောက်စား စသည်ဖြင့် နည်းမျိုးစုံ အသုံးပြု နိုင်တဲ့ “စားတော်ပဲ” ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “စားတော်ပဲ” ပြုတ်စားသုံးမှု ၁ဝဝ ဂရမ် မှာ အင်အားဓာတ် ၂၄၇ ကီလိုကယ်လိုရီ ပါဝင်ပြီး ကစီဓာတ် ၄၄.၆ ဂရမ်အပြင် ပရိုတင်းဓာတ် ၁၆.၅ ဂရမ် ပါဝင်တာတွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

ယခုလမှာတော့ စားတော်ပဲရဲ့ အာဟာရတန်ဖိုးများ နှင့် စားတော်ပဲ ပြုလုပ်စားသုံးပုံများအကြောင်း တင်ပြ အစီရင်ခံရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ အခန်း” ကို ရပ်နားလိုက်ရပါတယ်။

Facebook Comments

by ဒေါ်ဆန်းဆန်းဦး for Food Magazine