
ရို့စ်မယ်ရီဆိုတာ သတိတရရှိစေဖို့ပဲလေ ငါဆုတောင်းထားတယ် ငါ့ကိုချစ်သလို သတိလည်းရပေးပါ။ ရှိတ်စပီးယားရဲ့ Hamlet ပြဇာတ်ထဲက ဒီစကားကို ဒီနေ့ဒီအချိန်ထိ အမြဲတမ်းအမှတ်တရ ရှိနေဦးမှာပါ။ ဒီလို အမှတ်ရဖွယ် ထူးခြားစွမ်းအင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးကို ဟင်းလျာတွေနဲ့ လိုက်ဖက်တဲ့ ဟင်းခတ်အဖြစ်သာမက ဆေးဘက်ဆိုင်ရာမှာပါ အသုံးဝင်တဲ့ ဟင်းခတ်အဖြစ် ရေးသားပြောဆို ဆွေးနွေးနေကြဦးမှာပါ။
ရို့စ်မယ်ရီက ပူဒီနာမျိုးနွယ်ဝင်ဖြစ်ပြီး မြေထဲပင်လယ်ဒေသမှာ အများဆုံးပေါက်ရောက်ပေမယ့် ကမ္ဘာအနှံ့ အပူချိန်အလယ်အလတ်အဆင့်ရှိတဲ့ ဒေသတွေမှာလည်း ပေါက်ရောက်ပါတယ်။ အပြာရောင်၊ ပန်းရောင် ဒါမှမဟုတ် ခရမ်းရောင် အပွင့်အဖူးလေးတွေနဲ့ လှိုင်လှိုင်ပေါက်ရောက်တဲ့ ရို့စ်မယ်ရီပင်ဟာ အိုးထဲမှာ ထည့်စိုက်ရင်ဖြစ်ဖြစ် ချုံတန်းစည်းရိုးနဲ့ စိုက်ရင်ဖြစ်ဖြစ် အလွယ်တကူပေါက်ပြီး ခြောက်သွေ့ဒဏ်နဲ့ နှင်းခဲဖုံးတဲ့ ဒဏ်တွေကို ကောင်းကောင်းခံနိုင်ရည် ရှိပါတယ်။ ဟိုးအရင်ကတည်းက ရို့စ်မယ်ရီဟာ ဆေးဘက်ဆိုင်ရာမှာ အရေးပါတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွားကတည်းက ရှေးဟောင်းဂရိနဲ့ ရောမဒဏ္ဍာရီတွေမှာ ရို့စ်မယ်ရီအကြောင်း မှတ်တမ်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလို ရနံ့မွှေးကြိုင်ပြီး များစွာပေါက်ရောက်တတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ကို ရသာထူးကဲ ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုတဲ့ ၎င်းရဲ့အရေးပါလှတဲ့ ဆေးဘက်ဆိုင်ရာ အသုံးဝင်မှုတွေကြောင့် အမွှမ်းတင်ခံခဲ့ရတာပါ။ ဟစ်ပိုကရေးတီးရဲ့ ဆေးပညာစည်းမျဉ်းဖြစ်တဲ့ ဓာတ်ကြီးလေးပါးကို လိုက်နာကြတဲ့ ယခင်ဆေးပညာရှင်တွေဟာ ဒီနေ့ထိတိုင် ရို့စ်မယ်ရီရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အထူးသဖြင့် မှတ်ဉာဏ်တွေနဲ့ပတ်သက်ပြီး ယုံကြည်နေကြစမြဲပါ။ (ကျွန်မလည်း ရို့စ်မယ်ရီကို ရှူရှိုက်နေရင်း ဒီစာကို ရေးနေတာပါ) ရို့စ်မယ်ရီမှာပါဝင်တဲ့ အက်တစ်ကွန်ပေါင်း cineole ဟာ ထင်းရှူးပင်လို ယူကလစ်ပင်လို အနံ့ထုတ်လွှတ်ပေးပြီး အခြားပါဝင်ပစ္စည်း carnosic အက်ဆစ်ကတော့ ဦးနှောက်အတွင်းက ထိခိုက်မှုများနဲ့ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ခြံထဲမှာ အိုးနဲ့ စိုက်ပျိုးရုံနဲ့ ဘယ်လောက်အကျိုးများလိုက်ပါလဲ။
သန်မာတဲ့ ပင်စည်တွေကနေ ထိုးထွက်လာတဲ့ ရို့စ်မယ်ရီရဲ့ ဆူးချွန်ပါတဲ့ အရွက်လေးတွေက အသားကင်ရာမှာ တံစို့ကောင်းကောင်းအဖြစ်လည်းကောင်း သိုးသား၊ ကြက်သားနဲ့ နာနတ်သီးစိတ်တွေအတွက်တောင် မီးဖိုခံအဖြစ်လည်းကောင်း အသုံးဝင်ပါတယ်။ ရို့စ်မယ်ရီကို သိုးကင်၊ ကြက်ကင်၊ ဒိန်ခဲ၊ လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်ခံအောင် သိမ်းဆည်းထားတဲ့ ရှောက်ခွံ၊ သံလွင်သီး၊ ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်သီးစတဲ့ အရသာတွေနဲ့ တွဲဖက်စားသုံးလို့ရတဲ့ ဟင်းလျာတွေထဲမှာ အချိုအနေနဲ့ရော အချဉ်အနေနဲ့ပါ ထည့်သွင်း သုံးစွဲကြပါတယ်။ ရို့စ်မယ်ရီအုပ်ထားတဲ့ အဆီထုတ် သံလွင်ဆီပန်ကိတ်၊ ရို့စ်မယ်ရီနဲ့ ကမ္ဗလာ ချောကလက်နှစ်၊ ရို့စ်မယ်ရီအုပ်ထားတဲ့ ပန်းသစ်ကြားသီးကိတ်တို့လို ထူးခြားတဲ့ အချိုပွဲတွေမှာ ရို့စ်မယ်ရီရဲ့ အစွမ်းက အံ့မခန်းပါ။ စာမေးပွဲနီးမှ စာတွေ အသည်းအသန်ကျက်နေရချိန် လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်ချင်ရင် ရို့စ်မယ်ရီအရွက်ခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ ရို့စ်မယ်ရီရွက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကိုကိုးမှုန့် ၂ ဇွန်းတို့ကို ရောပြီး သောက်လိုက်ပါ။ ရေနွေးတစ်ခွက်နဲ့ရောမွှေပြီး အဖုံးအုပ်ထားပါ။ ပြီးရင် ၅ မိနစ်ကနေ ၇ မိနစ်လောက်အထိ အနည်ထိုင်အောင် စောင့်ပါ။ လိမ္မော်ရည်တစ်ဇွန်းနဲ့ လိမ္မော်ခွံလေး နည်းနည်းပါရောထည့်နိုင်တယ် ဒါမှမဟုတ် ကြိုက်နှစ်သက်ရာအချိုထပ်ထည့်လို့လည်းရတယ်။ ပြီးရင် တစ်ငုံလောက်သောက်ပြီး စာဆက်ကျက်ပါ။ ရို့စ်မယ်ရီက ခေါင်းကြည်လင်အောင်နဲ့ ကိုကိုးက စွမ်းအင်တွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။