
by Sofia for Food Magazine
ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ ဆန်နီ ထမင်းအချဉ်သုပ် ဖြစ်ပါတယ်။ ပြုလုပ်ရ လွယ်ကူပြီး စားဖူးသူတိုင်း နှစ်သက်စေမယ့် အသုပ်လေးဖြစ်ပါတယ်။ အဲဒီထမင်းချဉ် သုပ်လေးကိုတော့ နောင်မွန်က ယောက်မ နဲ့ သူ့အမျိုးသားတို့က ရှမ်းပြည်နယ် နောင်မွန်က ပြန်လာတိုင်း မပါမဖြစ် အမြဲ ယူလာပြီး သုပ်ကျွေးနေကျအသုပ်လေး ဖြစ်ပါတယ်။ ဒီတစ်ခါ ဆိုဖီယာပြန်တော့ လည်း နောင်မွန်ပြန် လက်ဆောင်တွေ ပါလာခိုက်နဲ့ ကြုံကြိုက်ခဲ့လို့ သုပ်ကျွေးတာ တွေလည်း အဝစားလာပြီး လိုအပ်တဲ့ ပါဝင် ပစ္စည်းလေးတွေပါ ယူလာပြီး ထပ်လုပ်စား ဖြစ်ခဲ့တာလေးပါ။ သုပ်စားကြည့်ရအောင် နော်။
ပါဝင်ပစ္စည်းများ
ရှမ်းဆန်နီထမင်း – ပန်းကန်လုံး ၁ လုံး
မုန့်ဖတ် – လက်တစ်ဆုပ်
တိုဟူးဝါ – ၁ တုံး
ရှမ်းမုန်ညင်းချဉ် – ၁ ပန်းကန်
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၁ မြွှာ
ငရုတ်သီးစိမ်း – ၃ တောင့်
နံနံပင် – အနည်းငယ်
ဆား – အနည်းငယ်
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
၁။ ဦးစွာ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူနှင့် နံနံပင်တို့ကို လှီးဖြတ်ထားပါ။တိုဟူးကိုလည်း အနေတော်အတုံးလေးများ လှီးထားပါ။
၂။ အားလုံးအဆင်သင့်ဖြစ်လျှင် ဇလုံတစ်လုံးထဲ ရှမ်းဆန်နီထမင်း၊ မုန့်ဖတ်၊ တိုဟူးဝါ၊ ရှမ်း မုန်ညင်းချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်ပါ။ ဆားနှင့် ဆီသင့်ရုံထည့်၍ သမအောင်မွှေပြီး အပေါ့အငန်မြည်းကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။