
ဇွန်လမှာတော့ ဆရာမဒေါ်နန်းစန်းစန်းအေးက ‘ကြက်သားဂွေးတောက်’ အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါ ဟင်းလျာအတွဲအစပ်များကတော့ –
၁။ ငါးခူကြော်ချက်၊ အညွန့်စုံကြော်၊ ခရမ်းချဉ်သီးသုပ်၊ အာလူးဟင်းရည်။
၂။ ဆတ်သားဆီပြန်၊ မန်ကျည်းရွက်သုပ်၊ ရွှေဖရုံသီးဟင်းရည်၊ ငရုတ်သီးငါးပိချက်
၃။ ဝက်သုံးထပ်သား တညင်းသီးနှပ်၊ သရက်ချဉ်သုပ်၊ ငါးစပါးလင်ဟင်းရည်၊ ပုစွန်ခြောက် ငရုတ်သီးကြော်
၎။ ကြက်အမြစ်အာလူးဟင်း၊ ပန်းဂေါ်ဖီသနပ်၊ မုန်ညင်းစိမ်းဟင်းချို၊ ငါးပိဖျော်
၅။ ဘဲသားမဆလာ၊ မုန်လာရွက်ချဉ်ရည်၊ ပဲပြားပဲပင်ပေါက်သုပ်၊ ငရုတ်သီးကြော်ထောင်း
၆။ ငါးရံ့ပန်းပွင့်ဟင်း၊ ဆေးဘဲဥသုပ်၊ မုန်ညင်းဖူးဟင်းရည်၊ ခရမ်းချဉ်သီးအစိမ်းထောင်း
၇။ ကြက်သားဂွေးထောက်၊ ဘူးညွန့်ကြော်ချက်၊ ငါးခြောက်အစိုကြော်၊ ခရမ်းချဉ်သီးထောင်း၊ ငါးလေးချဉ်သုပ်။
အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ကြက်သားဂွေးထောက်၊ ဘူးညွန့်ကြော်ချက်၊ ငါးခြောက်အစိုကြော်၊ ခရမ်းချဉ်သီးထောင်း၊ ငါးလေးချဉ်သုပ်တို့ကို တင်ဆက်ပေးလိုက်ပါတယ်။
လမ်းလျှောက်ရင်း စားဖို့ဟင်း
—————————————
‘ကိုကြီး ကားကအခုပဲဆင်းတယ်။ လမ်းလျှောက်ထွက်မလို့လား’
‘အေးလေ၊ ဒီအချိန်လမ်းလျှောက်နေကျအချိန်ပဲကိုး’
‘ခရီးကအပြန်ဆိုတော့ အိပ်ရေးမပျက်ဘူးလား။ တစ်ရေးလောက်အိပ်ပါဦးလား’
‘ခြောက်နာရီထိုးခါနီးပြီမို့ မိုးလည်းလင်းတော့မယ်။ ကားပေါ်မှာအိပ်လာလို့ အိပ်ရေးလည်းမပျက်ပါဘူး။ ခရီးသွားတာ တစ်ပတ်ဆိုတော့ လမ်းမလျှောက်ရတာလည်း တစ်ပတ်ရှိပြီ။ ကန်တော်ကြီးထဲက လမ်းလျှောက်ဖော်တွေလည်း မတွေ့ရတာကြာလို့’
‘ဘောင်းဘီတိုနဲ့ ကောင်မလေးတွေလား’
‘အမယ် ကန်တော်ကြီးထဲ လမ်းလျှောက်လာကြတာ တစ်ယောက်မှ ဆိုးဆိုးဝါးဝါး ဝတ်လာတာမတွေ့ဖူးပါ ဘူး။ အားကစားဝတ်စုံတွေနဲ့ လျှောက်ကြတာပါ။ မင်းပြောသလို ကောင်မလေးတွေ များများလည်းမရှိပါဘူး။ အာကြီး မားတွေနဲ့ အန်းမကြီးတွေများတာပါ။ တချို့များ ထမီဝတ် ပြီး လျှောက်ကြတာ။ သားက အမေကြီးကိုတွဲလို့၊ သမီးက အဖေတွေကို ဖေးမလို့။ ကြည့်တတ်ရင် ကြည်နူးစရာ၊ လေဖြတ်ပြီး ခြေထောက်တစ်ဖက်ဆွဲနေတဲ့ ယောက်ျားကို ကြင်ကြင်နာနာ ဖေးမပြီးလျှောက်နေတဲ့ အိမ်ထောင်ရှင်မတွေလည်းရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ အဘွားကို ဝှီးချဲလ်နဲ့တင်တွန်းနေတဲ့ မြေးတွေလည်းရှိသေးတယ်။ ပြီး မင်းလို အစားငမ်းတဲ့သူတွေအတွက်လည်း အကျွေးအမွေးတွေ တစ်ပတ်သုံးရက်လောက်ရှိတယ်’
‘အဲဒီအစီအစဉ်က အတော်မိုက်တာပဲ။ စောစောမပြောဘူး။ ကိုကြီးနဲ့လိုက်ပြီး စားရမှာ။ ဘာတွေကျွေးကြတာလဲကိုကြီးရ’
‘မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ ငါးခြောက်ကြော်၊ ဗိုလ်ချုပ်မွေးနေ့ကတော့ ပဲပြုတ်နံပြား၊ လက်ဖက်ရည်၊ ကော်ဖီ၊ အုန်းနို့ခေါက်ဆွဲ၊ ကတ်ကြေးကိုက်၊ ဆီချက်ခေါက် ဆွဲ၊ ပေါက်စီ၊ မနက်စာ အစုံနီးပါးပေါ့။ သင်္ကြန်တို့၊ သီတင်း ကျွတ်တို့ဆိုရင် တစ်ဖွဲ့တစ်မျိုးနဲ့ ကွင်းလုံးပြည့်၊ အကျွေး အမွေးတွေပဲ။ တစ်ခါလောက် လိုက်ခဲ့ပါလား’
‘ အခုလား . . . .’
‘အစားနဲ့များတော့ စိတ်ချရတယ်။ ဒီနေ့တော့ မလိုက် ပါနဲ့ငါ့ညီရာ။ အကျွေးအမွေး ရှိတဲ့နေ့ဆို ပြောပါ့မယ်။ မင်း ဝယ်မစားနိုင်တာကျနေတာပဲ။ ဘာစားချင်လဲ ကိုကြီး ဝယ်ကျွေးမယ်’
‘ဝယ်စားတာကတော့ ကိုကြီးပြောမှလား။ အဲလိုလူတွေအများကြီးနဲ့ လှူတာ၊ ဒါန်းတာကို ပျော်ပျော်ကြီး ဝင်စားချင်တာ’
‘စားရစေ့မယ် အခုနေ့လယ်စာကိုတော့ ညီက ဗမာဟင်း ကိုကြီးကို ချက်ကျွေးစမ်းပါ’
‘အတော်ပဲ၊ ညီလည်း ထမင်းစားဖော်မရှိလို့၊ ဟင်းမချက်ဖြစ်ဘူး။ ကိုကြီးစားမယ်ဆို ချက်စားမယ်။
‘ကြက်သားဂွေးထောက်၊ ငါးလေးချဉ်သုပ်၊ ဘူးညွန့်ကြော်ချက်၊ ခရမ်းချဉ်သီးထောင်းဆို ကြိုက်လောက်မှာပါ။
ဗမာကြက် နှစ်ဆယ်သား၊ တောင်ပံ၊ ခြေထောက် သုံးချောင်းစီဆို ချက်လိုက်ရပါပြီ။
ကြက်ရိုးနဲ့ကြက်သားတွေကို သန့်စင်ဆေးကြောပြီး အနေတော် ပိုင်းဖြတ်ထားမယ်။ ဆား၊ အရသာ၊ ငံပြာရည်၊ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီနဲ့ နနွင်းနည်းနည်းပါးပါး ရောပြီး နယ်ပါမယ်။ အစာအတွက် ကြက်သွန်နီနှစ်ခု၊ စပါးလင်တစ်ချောင်း ပါးပါးလှိး၊ ငရုတ်သီးပွသုံးတောင့် အစေ့ထုတ် ရေစိမ်ထားတာကို အားလုံးရောထောင်းပြီး ကြက် သားနဲ့ ရောနယ်ပါမယ်။ ချက်မယ့်အိုးထဲ ဆီနှစ်ကျပ်ခွဲ သားထည့်ပြီး ကြက်သားနဲ့ အစာတွေကို ရောပြီး လုံးချက် ချက်ပါမယ်။ ခရမ်းချဉ်သီးကြီးကြီးတစ်လုံးပါ ကြိတ်ပြီး ထပ်ထည့်မယ်။ အသားထဲပါတဲ့ အရည်ခန်းပြီး ဆီသံဖြစ်ဖြစ် မြည်လာရင် ရေအသားမြုပ်အောင်ထည့်ပြီး အဖုံး အုပ်ပြီး ငါးမိနစ်ထည့်ပါမယ်။ မီးအရှိန်လျှော့ပြီး စပါးလင်တစ်ချောင်း၊ အချောင်းလို့ ထုပြီး အတုံးတုံးထည့်ပါမယ်။ အိုးချခါနီးရင် ဂွေးထောက်ရွက်အနု လက်တစ်ဆုပ်စာ (ရေနွေးဖျော)နဲ့ ငရုတ်သီးစိမ်းသုံးတောင့် ဓားပြားရိုက်ထည့် ပြီးရင် ကြက်သားဂွေးထောက်ဟင်းရပါပြီ။ အပေါ့အငန် အရသာကို မြည်းကြည့်ဖို့လိုပါတယ်။ ဂွေးတောက်ရွက် အစိမ်းအတိုင်း ထည့်ရင်တော့ အခါးဓာတ်ပိုတဲ့ဟင်းရပါမယ်။
ငါးလေးချဉ်သုပ်အတွက် ငါးချဉ်ငါးကျပ်သား ထမင်းတွေဖယ်ပြီး ကြက်သွန်စိမ်းတစ်ခု၊ ကြက်သွန်ဖြူတစ်ခု၊ ငရုတ်သီးစိမ်းနှစ်တောင့်၊ နံနံပင်၊ ကြက်သွန်မိတ်၊ ဆီနှစ်ကျပ်သား၊ အရသာမှုန့်လေး နည်းနည်းထည့်နယ်လိုက်ရင် ငါးချဉ်သုပ်ဖြစ်ပါပြီ။
ဘူးညွန့်ကြော်ချက်အတွက် ဘူးညွန့်နှစ်စီး အညွန့်လေးတွေ အနေတော် ဖျင်သင်ပြီး ရေစင်စင်ဆေးပြီး စစ်ထား မယ်။ စားခါနီးရင် ဆီစတီးဇွန်းတစ်ဇွန်း၊ ကြက်သွန်ဖြူဓားပြား ရိုက် ပါးဟက်နဲ့အနံ့မွှေးအောင်ကြော်မယ်။ ငါးမီးဖုတ်တစ်ကောင် အသားတွေအရင်ထည့်မွှေပြီး ဘူးညွန့်တွေထည့်ကြော်ပါ။ ဆား၊ အရသာအနေတော်ထည့်ပြီး ပွက်ဆူလာရင် ဘူးညွန့်ကြော်ချက်ရပါပြီ။ ပူနွေးတုန်းစားရင် အကောင်းဆုံးပါ။
ခရမ်းချဉ်သီးထောင်းအတွက် ခရမ်းချဉ်သီးနှစ်လုံး၊ ငရုတ်သီးငါးတောင့် မီးဖုတ်မယ်။ မီးဖုတ်ဖို့အဆင်မပြေရင် ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကို ရောကြိတ်ပြီး ထည့်လိုက်ရင် လည်း ရပါတယ်။ မီးဖုတ်ထားတဲ့ ခရမ်းချဉ်သီးငရုတ်သီးထောင်းဖြစ်ပါပြီ။ ဆားအနည်းငယ်နဲ့ နံနံပင် ထပ်ထည့်ရင် အရသာပြည့်စုံပါပြီ။ ကြိုက်တတ်ရင် ဆီအနည်းငယ်ထပ် ထည့်လို့ ရပါတယ်။
ဟင်းနည်းနေမှာစိုးလို့ ငါးခြောက်အစိုကြော်လေးပါ ထပ်ထည့်ပေးလိုက်မယ်။
ဒီလို ဗမာဟင်းမျိုးချက်ပြီး လမ်းလျှောက်တဲ့ ကန်တော်ကြီးထဲက အဖွဲ့တွေကို ကျွေးဖို့ ကိုကြီးနဲ့တိုင်ပင် ကြည့်ပါဦးမယ်။ အဆာပြေ မနက်စာမျိုးမဟုတ်လို့ မကြိုက်ဘူးဆိုရင်တော့ နောက်တစ်မျိုး ထပ်စဉ်းစား ကြည့်ပါဦးမယ်။
ငါးလေးချဉ်သုပ်
♦ ငါးချဉ် – ၅ ကျပ်သား
♦ ကြက်သွန်နီ – ၁ ဥ
♦ ကြက်သွန်ဖြူ – ၁ မြွှာ
♦ ငရုတ်သီးစိမ်း – ၂ တောင့်
♦ ဆီ – ၂ ကျပ်သား
♦ နံနံပင်
ကြက်သားဂွေးတောက်
♦ ကြက်သား – ၂ဝ သား
♦ ကြက်သွန်နီ – ၂ ဥ
♦ စပါးလင် – ၁ ချောင်း (ပါးပါးလှီး)
♦ ငရုတ်သီးပွ – ၃ တောင့်
♦ ဆီ – ၂ ကျပ်ခွဲသား
♦ ခရမ်းချဉ်သီး – ၁ လုံး
♦ ဂွေးတောက်ရွက်အနု – လက်တစ်ဆုပ်စာ
♦ ငရုတ်သီးစိမ်း – ၃ တောင့်
♦ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ နနွင်းမှုန့် – အနည်းငယ်
ဘူးညွှန့်ကြော်ချက်
♦ ဘူးညွှန့် – ၂ စည်း
♦ ဆီ – စားပွဲဇွန်း ၁ ဇွန်း
♦ ကြက်သွန်ဖြူ –
♦ ငါးမီးဖုတ် – တစ်ကောင်
♦ ဆား –
ဒေါ်နန်းစန်းစန်းအေး
အဓိပတိ (ဖြူး)