
မမီးအလွန်ကြိုက်တဲ့ ဝက်ခေါက်သုပ်ကို အသွင်တစ်မျိုးပြောင်းပြီး သုပ်ထားပါတယ်။ အကွင်းလိုက်လေးရအောင် လိတ်၊ အရောင် တင်ပြီးမှ ပါးပါးလှီးပြီးသုပ်လိုက်တာပါ။ လုပ်နည်းလေးဖတ်မိတဲ့အခါ အလုပ်ရှုပ်မလိုထင်ရပေမဲ့ ထင်သလောက်မခက်လှပါဘူး။ လှလှ ပပလေးဖြစ်နေတဲ့ ဝက်ခေါက်သုပ်လေး စားပွဲပေါ်ရောက်လာတဲ့အခါ လုပ်ရကျိုးနပ်တယ်လို့ ခံစားမိမှာပါ။
ပါဝင်သောပစ္စည်းများ ( ၄ ပွဲစာ)
• ဝက်ခေါက် – ၁ ပေါင် ( ၂၇ ကျပ်ခွဲသားခန့်)
• ချင်း – လက္မဝက်ခန့် (ပါးပါးလှီးထားပါ)
• ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် အနောက် – လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား – သင့်ရုံ
• ရှလကာရည် – စားပွဲဇွန်း ၁ ဇွန်း
အချဉ်ရည်
• ထန်းလျက် – ၂ ခဲ
• ဆား – သင့်ရုံ
• ငရုတ်သီးစိမ်း – ၄ တောင့်
• ကြက်သွန်ဖြူ – ၆ မြွှာ
• သံပရာသီး – တစ်ခြမ်း
• ပဲငံပြာရည် အကြည် – စားပွဲဇွန်း ၁ ဇွန်း
• ရေ – စားပွဲဇွန်း ၁ ဇွန်း
အသုပ်တွင် ထည့်ရန်
• ကြက်သွန်ဖြူကြော် – စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်နီ – ၁ လုံး
• သခွားသီး – ၁ လုံး
ပြုလုပ်နည်း
၁။ သေချာစွာဆေးကြောသန့်စင်ထားသော ဝက်ခေါက်ကို ရေဆူတွင် ဆားအနည်းငယ်၊ ရှလကာရည်နှင့်၊ ပါးပါးလှီးထားသော ချင်းထည့်ပြီး နူးရုံလေးပြုတ်ပါ။
၂။ ဝက်ခေါက်နူးလျှင် ပြုတ်ရေတွေသွန်၊ ရေအေးဖြင့်ဆေးချပြီး အအေးခံထားပါ။ ကိုင်လို့ရအောင် အေးပြီ ဆိုလျှင် အခေါက်အပေါ်ယံကို ဓားဖြင့်ခြစ်ချပြီး ရေဆေးပစ်ပါ။ အဆီတွေကို နွှင်ပစ်ပါ။ ပြီးလျှင် ၄” x ၅” အရွယ်ဖြတ်ပြီး ကျစ်ကျစ်လေးလိတ်ပါ။ ပြည်ထွက်မသွားအောင် သွားကြားထိုးတံဖြင့်စိုက်ထားပါ။
၃။ ဝက်ခေါက်လိတ်များကို ပြုတ်မည့်အိုးထဲထည့်၊ ရေအနည်းငယ်ထည့်၊ ဆား၊ သကြားနှင့် ပဲငံပြာရည် အနောက်နှင့် ပဲငံပြာရည်အကြည်ရည်တို့ထည့်ပြီး မီးအေးအေးဖြင့် ဆက်ပြုတ်ထားပါ။ ကိုယ်လိုချင်သည့် နူးညံ့မှုအနေထားရအောင် ရေပူကို လိုသလိုထည့်ပြီး ပြုတ်ပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် ဝက်ခေါက် အညိုရောင်လေး ပြောင်းလာမည်။ အရောင်ညီအောင် ဟိုဘက်ဒီဘက်လှိမ့်ပေးပါ။
၎။ ကြက်သွန်ဖြူကြော်ကို မညက်တညက်ထောင်းပါ။
၅။ သခွားသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၆။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြံသကာတို့ကို ရောထောင်းပါ။ ဆား၊ ပဲငံပြာရည်၊ သံပရာရည်နှင့် ရေတို့ ထည့်ပြီး ချိုချဉ်ရည်စပ်ထားပါ။
၇။ ဝက်ခေါက်လိတ်များကို နှစ်သက်ရာ အထူအပါးလှီးပြီး သုံးဆောင်မည့်ပန်းကန်ထဲထည့်။ ကြက်သွန်နီ၊ သခွားသီးထည့်။ အချဉ်ရည်ဆမ်း၊ ကြက်သွန်ဖြူကြော်ဖြူးလိုက်ရင် ဝက်ခေါက်သုပ် ချိုချဉ်စပ်လေးကို သုံးဆောင်လို့ရပါပြီ။