
နွေပူပူမှာ အားလုံးလည်းနှစ်သက်နိုင်မယ့် အစားအစာတွေကို စဉ်းစားကြည့်တော့ အရည်များများ အချဉ်အစပ်ပုံစံ ဟင်းရည်တစ်မျိုးကို ချက်နည်းလွယ်လွယ်လေးနဲ့ တင် ပြပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝက်သားကြိုက်သူများလည်းသိကြတဲ့ ဝက်ခြေထောက်စွပ်ပြုတ်ပုံစံကို ကြံမဆိုင်နဲ့ ပြန်ချက်ထားတာပါ။ ဝက်ခြေထောက်ကြံမဆိုင်ပေါင်းလို့ နာမည်ပေးရခြင်းအကြောင်းအရင်းကတော့ ဆီသတ်ပြီးသား ဝက်ခြေထောက်တွေနဲ့ ကျန်ပါဝင်ပစ္စည်းတွေကို ထမင်းပေါင်းအိုးထဲပစ်ထည့်ပြီး ချက်ထားတာကြောင့် အပေါင်းလို့ နာမည်ပေးလိုက်တာပါ။ အနံ့အရသာလည်း ကွာပါတယ်။ ချက်နည်းလေးကြည့်ရအောင်။
► ပါဝင်ပစ္စည်းများ
♦ ဝက်ခြေထောက် – ၃ဝ သား (အကွင်းအတိုင်းခုတ်ထားပါ)
♦ ကြံမဆိုင် – ၁ ထုပ် (မထူမပါးလှီးထားပါ)
♦ ခရမ်းချဉ်သီး – ၂ လုံး (အတုံးတုံးထားပါ)
♦ ငရုတ်နီ/စိမ်း – ၄ တောင့်
♦ ရှလကာရည် – စားပွဲဇွန်း ၃ ဇွန်း
♦ သကြားညို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၂ ဇွန်း
♦ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ငံပြာရည် – စိတ်ကြိုက်အရသာအတွက် သင့်တော်သည့်ပမာဏ
♦ စပါးလင် – ၁ ပင် (ပါးပါးလှီးထားပါ)
♦ ကြက်သွန်ဖြူ – ၃ တက် (စဉ်းထားပါ)
♦ ချင်း – ၁ လက်မ (ပါးပါးလှီးထားပါ)
♦ ဆီ – အနည်းငယ်
♦ ရှောက်ရွက် – ၅ ရွက် (ပါးပါးရိတ်ရိတ်လှီးထားပါ)
► ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ ဝက်ခြေထောက်များကို ရှလကာရည်၊ သကြားညို၊ ပဲငံပြာရည်၊ ဆားတို့နှင့် ရောနယ်ပြီး မိနစ် ၂ဝ ခန့်နှပ်ထားပါ။
၂။ ဆီအိုးတည်ပြီး စပါးလင်၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ခြောက်လာအောင်ဆီသတ်ပါ။
၃။ နယ်နှပ်ထားသော ဝက်ခြေထောက်များထည့်လုံးပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ ထည့်ပါ။
၎။ ဝက်ခြေထောက်များ အရောင်ပြောင်းလျှင်အားလုံး ကိုထမင်းပေါင်းအိုးထဲပြောင်းထည့်ပြီး ရေနွေးဆူဆူထည့်ပြီး တည်ထားပါ။
၅။ ရေနွေးဆူလာလျှင် ကြံမဆိုင်အရွက်များထည့်ပါ။
၆။ အနည်းဆုံး ၄၅ မိနစ်မှ နူးအိနေသောပုံစံကြိုက်ရင်၂ နာရီ ၃ နာရီအထိ အချိန်ပေးချက်ပါ။ ရေခန်းချိန်ကိုတော့ သတိထားနေရမှာဖြစ်ပြီး ရေနွေးဆူပြီးသားကို ထပ်ထပ်ထည့်ပေးပါ။
၇။ အရသာကို ချိန်ဆပြုပြင်ပြီးနောက်ဆုံးနံနံပင်အပင်လိုက်ခတ်ပြီး ပန်းကန်တွင်ပြင်ဆင်ပြီးမှ ရှောက်ရွက်များနှင့်အလှဆင်ပြီး ထမင်းပူပူနဲ့ သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် – အချဉ်အတွက်လိုအပ်လျှင် ရှလကာရည် သို့မဟုတ် သံပရာသီးကို သုံးနိုင်ပါတယ်။
www.facebook.com/MY FOODIES (mm)