
ပင်လယ်စာတွေဟာ ဝိုင်ဖြူအရသာနဲ့ လိုက်ဖက်လွန်းလှပါတယ်။ ကျွန်တော့်အကြိုက် Sparkling Wine တစ်မျိုးနဲ့ဆို ပိုပြီး စားကောင်းသလိုပါပဲ။ ဝိုင်သောက်ပြီးစားကြသလို Sparkling Wine ကို ထည့်ချက်တာမျိုးလည်းရှိပါတယ်။ ဒီနည်းလေးက ကိုယ်ဘာသာကိုချက်စားကြည့်ပြီး အရမ်းကြိုက်သွားမိတဲ့ နည်းများထဲက တစ်နည်းပါ။ အစား အသောက်ကောင်း ကြိုက်တဲ့သူတိုင်း၊ ဟင်းချက်ဝါသနာပါသူတိုင်း ကောင်းနိုးရာရာရှာဖွေပြီး အဆန်းထွင်ချက်တတ်ကျတဲ့ ဒီနေ့ခေတ်ကြီးမှာ ဟင်းချက်နည်းတွေလည်း တိုးပွားလာနေပါတယ်။ ဒီအထဲကမှ စားသုံးသူအကြိုက်တွေ့ခဲ့ရင်တော့ လေ့လာရကျိုး၊ တင်ပြရကျိုးနပ်ပါတယ်။ ဒီချက်နည်းလေးမှာ ဆားအရသာတစ်မျိုးတည်းပေမယ့် ဝိုင်ဖြူရဲ့ ချိုမွှေးမွှေးအရသာ အပြင်ပင်စိမ်းရဲ့ ရနံ့ပြင်းပြင်းတွေကအများဆုံးဆွဲဆောင်မှုပေးပါတယ်။ ကဲ . . . ချက်နည်းလေးကြည့်လိုက်ရအောင် . . . ။
► ပါဝင်ပစ္စည်းများ
♦ ပုစွန် – ၅ ကောင်
♦ ကင်းမွန် – ၅ ကောင်
♦ ငါးအသားလွှာ – အနည်းငယ်
♦ သံလွင်ဆီ – အနည်းငယ်
♦ ဆား – အနည်းငယ်
♦ Sparkling Wine – 30 ml
♦ ထိုင်းပင်စိမ်းအချို – ၅ ခက် (အရွက်ခြွေ နုပ်နုပ်စဉ်းပေးထားပါ)
♦ ကြက်သွန်ဖြူ – ၃ တက် (နုပ်နုပ်စဉ်းပေးထားပါ)
♦ ငရုတ်သီးအနီတောင့် – ၃ တောင့် (ခြမ်းထားပါ)
► ချက်ပြုတ်ပုံ
၁။ ဒယ်အိုးတစ်လုံးမှာ သံလွင်ဆီကိုအပူပေးပြီး ကင်းမွန်များကိုအရင်ထည့်ပြီး ကြော်ပေးပါ။ ပုစွန်နဲ့ ငါး အသားများကို အစဉ်အတိုင်း ထည့်ကြော်ပေးပါ။
၂။ ကြက်သွန်ဖြူနဲ့ ပင်စိမ်းများထည့်ပေးပါ။
၃။ ဆီအစိမ်းရောင်ပြန်လာလျှင် Sparkling Wine ထည့်ပေးပါ။ ဝိုင်ထည့်လျှင် မီးအနည်းငယ်တောက် တတ်တာကြောင့် သတိထားပေးပါ။ မီးတောက်ရင်လည်း ကြောက်စရာ မလိုပါ Wine မှာပါတဲ့ Alcohol ကုန်သွားရင် မီးငြိမ်းသွားပါလိမ့်မယ်။ မီးတောက်နေစဉ်မှာလည်း မွှေးပေးနေနိုင်ရင် Wine မီးတောက်တဲ့ရနံ့လေးက ပိုပြီး အနံ့ အရသာကောင်းစေပါတယ်။ ဒီနည်းကို Flambe’ လို့ခေါ်ပါတယ်။
၎။ အရည်ခြောက်လာသည်အထိ မီးပျော့ပျော့ပေါ်မှာ ဖွဖွလေးမွှေပေးပြီး ကြော်ပေးပါ။
၅။ အရည်အနည်းငယ်ပျစ်လာလျှင် ဆားသင့်တော်ရုံအရသာထည့်ပြီး ချက်ပြုတ်ခြင်းကိုအဆုံးသတ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။
ကုန်ကျစရိတ်သက်သာရန် Spy Wine အဖြူကို သုံးနိုင်ပါတယ်။
www.facebook.com/MY FOODIES (mm)