
ဇန်နဝါရီလမှာတော့ ဆရာမနန်းစန်းစန်းအေးက “ကြက်သားအုန်းနို့ အောင်မဲညိုဟင်း၊ ချဉ်ပေါင်ခါးမျှစ်ကြော်၊ ချဉ်ငန်စပ် အောင်မဲညိုဟင်းရည်” အပါအဝင် ဟင်းလျာအတွဲအစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –
၁။ ငါးတန်မရန်းပြားချက်၊ ဘူးညွန့်ကြော်၊ ဂေါ်ရခါးသီးဟင်းရည်၊ ပင်စိမ်းငါးပိထောင်း။
၂။ ကင်းမွန်ငရုတ်သီးချက်၊ ပဲနီလေးဟင်းရည်၊ သရက်သီးသုပ်၊ ငရုတ်သီးထောင်းကြော်။
၃။ ဘဲသားကြော်ချက်၊ သီးရွက်စုံဟင်းရည်၊ မန်ကျည်းသီးငါးပိချက်၊ အတို့စုံ။
၄။ ဝက်သုံးထပ်သား မျှစ်ချဉ်ချက်၊ ပဲလိပ်ပြာနှပ်၊ ဆေးမြင်းခွာရွက်သုပ်၊ ငရုတ်သီးစိမ်း ငါးပိထောင်း။
၅။ အမဲသားပျဉ်းတော်သိမ်နှပ်၊ ကြက်ဟင်းခါးသီးကြော်၊ ဆူးပန်းရွက်အချဉ်ဟင်း၊ ငရုတ်သီးအညာထောင်း။
၆။ ကြက်သားအုန်းနို့ အောင်မဲညိုဟင်း၊ ချဉ်ပေါင်ခါးမျှစ်ကြော်၊ အောင်မဲညိုချဉ်ငန်စပ်ဟင်းရည်၊ ပုစွန်ခြောက်ကြော်။
၇။ ငါးရံ့ခြောက် ဘဲဥအချဉ်ချက်၊ ပလို့ပြောင်းဖူးကြော်၊ ဆီးဖြူသီးထောင်း၊ ပဲညွန့်ဟင်းရည်။
“မမရေ… ညီမလေး ဖရဲသီးဝယ်လာတယ်။ စားမယ် ဆို စိတ်လိုက်မယ်နော်”
“ဘယ်ဖရဲသီးမှ မစားဘူး။ ခြံထဲမှာ ဖရဲသီးတွေ စိုက်တော့ ဒီလိုဖရဲသီးဖြစ်ဖို့ ပေးလိုက်ရတဲ့ မြေဩဇာ၊ ဖျန်းလိုက်ရတဲ့ဆေး နေ့ရှိသရွေ့ပဲ။ ပြီးတော့ ဒီလောက် ကြီးတဲ့ ဖရဲသီးကြီးတွေကို သုံးလထဲနဲ့ ရောင်းတန်းဝင် အောင် စိုက်ထားတာ။ ကြီးဆေး၊ ချိုဆေး၊ ခံဆေး စုံတကာ မှ စေ့ပဲ…”
“ဘယ်အသီးအနှံမဆို အဲဒီလိုပဲ စိုက်ကြတယ် ထင်တယ်”
“ဟုတ်မှာ… မမမြေမှာ ဘူးသီး၊ သခွားသီး၊ ဖရုံသီး၊ ဘာဆေးမှ မပေးဘဲ စိုက်ကြည့်တာ ပိုးတွေကိုက်ပြီး ဘာမှကို စားမရဘူး…”
“သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးတွေရှိ တယ်လို့ ပြောတယ်။ အဲဒါတွေ ထည့်ရမှာ”
“သိပါဘူးဟယ်… မြေကြီးရှိရင် အပင်စိုက်၊ ရေ လောင်းဖြစ်ရော အောက်မေ့တာ… မလွယ်ဘူးပဲ…”
“အောင်မဲညိုတွေတော့ ဖြစ်သားနော် မမ”
“ဟုတ်တယ်… ဒီအပင်လေးတွေက ဒီမြေကို ကြိုက် ပုံပေါ်တယ်။ ဘယ်နေရာမှာပဲစိုက်စိုက် ထွက်ပြီးသား။ အပင်လေးတစ်တောင်လောက်နဲ့ အပွင့်တန်းပွင့်တာ…”
“အကျိုးပေးချက်၊ အပွင့်တွေကောက်ပြီး အခြောက် ခံရောင်းရုံပဲ…”
“ထမင်းရောင်းမကောင်းရင် ခုသာ ခံသာနဲ့ အလုပ် သမားစရိတ်ကျေအောင် လုပ်ရတဲ့အလုပ်ပါ။ များများ စားစား စီးပွားဖြစ်ကြီး မဟုတ်ပါဘူး”
“ဒါဆို လက်စနဲ့ အဲဒီအောင်မဲညိုလေးတွေကို ဟင်း ချက်စားရအောင်”
ကောင်းသားပဲ။ ကြက်သားအုန်းနို့အောင်မဲညို ဟင်းနဲ့ ချဉ်ပေါင်ခါးမျှစ်ကြော်၊ အောင်မဲညို ချဉ်ငန်စပ် ဟင်းရည်၊ ပုစွန်ခြောက်ကြော်ဆို အဆင်ပြေမလား”
“အကောင်းဆုံးပေါ့…”
“ဒါဆို ချက်ကြရအောင်…”
ကြက်သား ၂၀ ကျပ်သား ရေစင်စင်ဆေးပြီး ဆား၊ သကြား၊ အရသာမှုန့် အနည်းငယ်စီ ထည့်ပြီး နယ်ထားပါ။ ချက်မယ့်အိုးထဲ ဆီ ၅ ကျပ်သားထည့်၊ ကြက်သွန်နီ ၂ လုံး၊ ငရုတ်ပွ ၂ တောင့် အစေ့ထုတ်ပြီး ရေစိမ်ထောင်းထားတာ ထည့်ကြော်မယ်။ ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက် လာရင် နယ်ထားတဲ့ ကြက်သားထည့်လုံးမယ်။ ကြက်သား ထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် အုန်းသီးတစ်လုံးစာ ချက်ထားတဲ့ အုန်းနို့အနှစ်တွေ ထည့်မယ်။ တစ်ဆက် တည်း အောင်မဲညိုအပွင့် ၂၀ စာ ဖောက်ထားတဲ့ ရေနွေး ၁၀ ကျပ်သား တစ်ခွက်ပါ ဖြည့်ထည့်မယ်။ ကြက်သွန်ဥ သေး ၅ လုံး၊ ၆ လုံးပါ ထပ်ထည့်ပြီး အဖုံးအုပ်တည်မယ်။ ကြက်သားနူးနပ်လာရင် ဆားနှင့် အရသာမှုန့် ထပ်ဖြည့်ပါ။ ပြီးရင် ကြက်သားအုန်းနို့ အောင်မဲညိုဟင်း ရပါပြီ။
ချဉ်ပေါင်ခါးမျှစ်ကြော်အတွက် မျှစ်အနု ၁၀ ကျပ်သား ပါးပါးလှီး၊ ချဉ်ပေါင်ခါး ၁ စည်း၊ စိမ်းစားငါးပိ လက်တစ်ဆစ်၊ ပုစွန် ၃ ကောင်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာ အနည်းငယ်၊ ကြက်သွန်နီ ၁ လုံး၊ ကြက်သွန်ဖြူ ၅ မြွှာနဲ့
ဆီ ၅ ကျပ်သား သုံးပါမယ်။
အိုးထဲ ဆီ အရင်ထည့်ပြီး ကြက်သွန်ဖြူ/နီ ထောင်း ထားတာ ထည့်ကြော်မယ်။ အနံ့မွှေးလာရင် ထောင်းထား တဲ့ ပုစွန်အသား၊ စိမ်းစားငါးပိ ရောထည့်မွှေမယ်။ ငါးပိနံ့ မွှေးလာရင် မျှစ်ထည့်ကြော်မယ်။ မျှစ်အသားလိပ်လာရင် ချဉ်ပေါင် ခါးထည့်မယ်။ ချဉ်ပေါင်အရွက်တွေ ကျက်ရင် တော့ ချဉ်ပေါင်ခါးမျှစ်ကြော် ရပါပြီ။ ငရုတ်သီးစိမ်း ၃-၄ တောင့် ဓားပြားရိုက်ထည့်ပေးရင် အနံ့မွှေးစေပါတယ်။
အောင်မဲညို ချဉ်ငန်စပ်ဟင်းရည်အတွက် ရေ လီတာ ဝက်ထဲ ငါးအသား စတီးဇွန်း ၁ ဇွန်းစာ၊ ကြက်သွန်ဖြူ
၃ မြွှာ ဓားပြားရိုက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်မယ်။ စားခါ နီးရင် အောင်မဲညိုအရွက် လက်တစ်ဆုပ်စာ၊ အပွင့် ၁၅ ပွင့်၊ ရှောက်ရည် စတီးဇွန်းကြီး ၁ ဇွန်းစာ၊ ငရုတ်သီး
၅ တောင့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာမှုန့် ဇွန်းတစ်ဝက် ပေါင်းထည့်ရင် အောင်မဲညိုချဉ်ငန်စပ် ဟင်းရည် ရပါပြီ။
ပုစွန်ခြောက်ကြော်အတွက် ဆီ ၂ ၁/၂ ကျပ်သား ထဲ ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်၊ နနွင်းမှုန့် အနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ ကြော်မယ်။ ပုစွန်ခြောက်မှုန့် အနံ့ မွှေးလာရင် ကြက်သွန်ဖြူ/နီ အဆင်သင့်ကြော်ထားတာ နဲ့အတူ ငရုတ်သီးခွဲခြမ်းမှုန့် အနည်းငယ်၊ ဆား၊ အရသာ လိုအပ်သလောက်ထည့်ပြီးရင် ပုစွန်ခြောက်ကြော်ရပါပြီ။
ဓာတုဆေးဝါးကင်းစင်တာတွေ ရွေးချယ်ရင်း ချက်စားလို့ဖြစ်တဲ့ဟင်းတွေပါ။
by နန်းစန်းစန်းအေး for Food Magazine
ပါ၀င္ပစၥည္းမ်ား
ချဉ်ပေါင်ခါးမျှစ်ကြော်
မျှစ်အနု- ၁၀ ကျပ်သား
ချဉ်ပေါင်ခါး- ၁ စည်း
စိမ်းစားငါးပိ- လက်တစ်ဆစ်
ပုစွန်- ၃ ကောင်
ကြက်သွန်နီ- ၁ လုံး
ကြက်သွန်ဖြူ- ၅ မြွှာ
ဆီ- ၅ ကျပ်သား
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်- အနည်းငယ်
ငရုတ်သီးစိမ်း- ၃-၄ တောင့်
ကြက်သားအုန်းနို့ အောင်မဲညိုဟင်း
ကြက်သား- ၂၀ ကျပ်သား
ဆီ- ၅ ကျပ်သား
ကြက်သွန်နီ- ၂ လုံး
ငရုတ်ပွ- ၂ တောင့်
အုန်းနို့အနှစ်- ၁ ခွက် (အုန်းသီးတစ်လုံးစာ)
အောင်မဲညိုဖျော်ရည်- ၁၀ ကျပ်သား ၁ ခွက်
ကြက်သွန်နီဥသေး- ၅-၆ လုံး
ဆား- အနည်းငယ်
အရသာမှုန့်- အနည်းငယ်
အောင်မဲညိုချဉ်ငန်စပ်ဟင်းရည်
ရေ- လီတာဝက်
ငါး (အသားနွှင်ထားတာ)- စတီးဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ- ၃ မြွှာ
အောင်မဲညိုအရွက်- လက်တစ်ဆုပ်စာ
အောင်မဲညိုအပွင့်- ၁၅ ပွင့်
ရှောက်ရည်- စတီးဇွန်းကြီး ၁ ဇွန်း
ငရုတ်သီး- ၅ တောင့်
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း