သစ်သီးတကာတို့၏ဘုရင် ဒူးရင်းသီး

Dr

red-graveolens-edit1

Dr_4

Mangosteen

     ‘အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက် ဖက်’ဆိုတဲ့ မြန်မာစကားအရ မြန်မာအများစု အရသာအတွေ့ဆုံးသစ်သီးဟာ သရက်သီးဖြစ်ပေမယ့် အရှေ့တောင် အာရှနိုင်ငံအားလုံးမှ လူတွေကတော့ ဒူးရင်းသီးကိုသာ သစ်သီးတကာတို့ရဲ့ဘုရင် (King of Fruits)လို့ သတ်မှတ်ကြပါသတဲ့။ အခြားသစ်သီးတွေနဲ့ မတူထူးခြားတာက ဒူးရင်းသီးဟာ အလုံးကြီးခြင်း၊ အနံ့စူးခြင်းနှင့် အခွံထူပြီး ဆူးချွန်တွေပါနေခြင်းတို့ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ အလျားတစ်ပေလောက်ထိ ကြီးနိုင်ပြီး အလေးချိန် ၇ ပေါင်လောက် ထိ ရှိနိုင်ပါတယ်။ ဒူးရင်းသီးအခွံရဲ့ အရောင်ဟာ အစိမ်းမှ အညိုအထိရှိပြီး ဒူးရင်းသီးအမြွှာရဲ့ အသားရောင်ဟာ အဝါနု၊ အဝါရင့်တွေ များပါတယ်။ ထူးထူးခြားခြား အမြွှာ အနီရောင်မျိုးလည်း ရှိပါတယ်။

ဒူးရင်းသီးမှည့်၏အနံ့

     ဒူးရင်းသီးမှည့်ရဲ့ ထူးခြားတဲ့ရနံ့ဟာ အခွံထူကြီးကို ဖောက်ထွင်းပြီး ထွက်လာနိုင်တဲ့ထိ စူးရှပါတယ်။ ဒူးရင်း သီးမှည့်ကို လုံအောင်ဖွက်ထားဖို့ မလွယ်ပါဘူး။ ဒူးရင်းသီးမှည့် တစ်လုံးရှိနေတဲ့အခန်းဟာ အနံ့ တလှိုင်လှိုင် ဖြစ်နေတတ်ပါတယ်။ ဒူးရင်းသီးကြိုက်သူ တွေအတွက်တော့ ဒီအနံ့ဟာ ဘယ်ရနံ့နဲ့မှ နှိုင်းယှဉ် လို့မရအောင် မွှေးကြိုင်နေ ပြီး အနံ့ရလို့ရင်ပဲ ပါးစပ်တပြင်ပြင် ဖြစ်နေနိုင်ပါတယ်။ ဒူးရင်းသီး ကြိုက်သူ တွေဟာ ဒူးရင်းသီး ရာသီကုန်သွားတဲ့အ ချိန်မှာ ဒူးရင်းယိုကို အာသာပြေစားကြပါတယ်။ ဒူးရင်းသီးမှည့်ရဲ့ အနံ့ကို ကြိုက်သူတွေအတွက် ဒူးရင်းသီးနံ့ ရေခဲမုန့်၊ ဒူးရင်းသီးနံ့ ရေခဲချောင်း၊ ဒူးရင်းသီးနံ့ ချိုချဉ်သကြားလုံး (Durian Candy)၊ ဒူးရင်းသီးနံ့ ဘီစကွတ် (ကွတ်ကီ-Durian Cookies)၊ ဒူးရင်းသီးနံ့ဝေဖာ စသဖြင့် စားစရာအမျိုး မျိုးရှိပါတယ်။

     ဒူးရင်းသီးရဲ့အနံ့ဟာ မကြိုက်သူတွေအတွက်တော့ ခေါင်းကိုက်ပြီး အော့အန်တဲ့ထိ မခံမရပ်နိုင် ဖြစ်တတ်ပါတယ်။ ဒူးရင်းသီးမှည့်ရဲ့အနံ့ကို ပုပ်နေတဲ့ကြက်သွန်နီအနံ့နဲ့ တူတယ်။ မြောင်းပုပ် (Raw Wewage) နံ့နဲ့ တူတယ်လို့ ပက်ပက် စက်စက်ပြောတဲ့လူတောင် ရှိပါတယ်။ အချို့နိုင်ငံတွေမှာ ဆေးလိပ်မသောက်သူတွေကို ဆေးလိပ်မီးခိုးရဲ့ အန္တရာယ်မှ ကာကွယ်ပေးတဲ့အနေနဲ့ ဆေးလိပ်မသောက်ရတဲ့နေရာ တွေ သတ်မှတ်ထားတာရှိသလို ဒူးရင်းသီးနံ့ မခံနိုင်သူတွေကို ငဲ့ညှာပြီး ဒူးရင်းသီးယူဆောင် မလာရ၊ တွေ့လျှင် ဒဏ်ငွေ ဆောင်ရမယ်ဆိုတဲ့ သတိပေးတားမြစ်ချက်တွေကို လေယာဉ်ပျံကွင်း၊ မီးရထားဘူတာရုံ၊ ဘတ်စ်ကားဂိတ်၊ လူအများ စုရုံးရာနေရာတွေမှာ ကပ်ထားတာလည်း ရှိပါတယ်။

     ဒူးရင်းသီးနံ့ကို မခံနိုင်သူတွေ၊ ဒူးရင်းသီးမကြိုက်သူတွေရှိတာကို ဒူးရင်းသီးကြိုက်သူတွေက သဘောကျကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိသားစုတစ်စုမှာ ဒူးရင်းသီးမကြိုက်သူရှိလို့ မစားဘဲနေရင် ကျန်တဲ့ဒူးရင်းသီးကြိုက်သူတွေက ဝေစုပိုရလို့ ဖြစ်ပါတယ်။

     ဒူးရင်း (Durian)ဆိုတဲ့ အမည်ဟာ မလေးဘာသာ Duri ဆိုတဲ့စကားလုံးက ဆင်းသက်လာတာလို့ ဆိုပါတယ်။ Drui ဆိုတဲ့ စကားလုံးဟာ ဆူး (Thorn)လို့ အဓိပ္ပါယ်ရပါတယ်။ ဒူးရင်းသီးအခွံမှာ ဆူးတွေရှိနေတာကို ပြောချင်တာပါ။ မြန်မာတွေသိတဲ့ အသီးတွေထဲမှာ ခုလို အခွံမှာ ဆူးတွေရှိနေတဲ့ နောက်အသီးတစ်မျိုးက ပိန္နဲသီးဖြစ်ပါတယ်။ ဆူးပါတာချင်းတူပေမယ့် ဒူးရင်းသီးနှင့် ပိန္နဲသီးတို့ဟာ ရုက္ခဗေဒအမြင်အရ ဆွေမျိုးတော်တဲ့ အသီးတွေမဟုတ်ပါဘူး။

ဒူးရင်းသီးထွက်ရှိရာဒေသများ

     ဒူးရင်းသီး အများဆုံးထွက်ရာ ဒေသတွေမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်း၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ လာအိုနိုင်ငံတောင်ပိုင်း၊ တရုတ်နိုင်ငံ တောင်ဘက်စွန်း ဟိုင်နံကျွန်း၊ ဖိလစ် ပိုင်နိုင်ငံ တောင်ဘက်စွန်း၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ သြစတြေးလျမြောက် ပိုင်းအစွန်ဒေသအချို့၊ အိန္ဒိယနိုင်ငံ တောင်ဘက်စွန်းနှင့် သီရိလင်္ကာနိုင်ငံတို့ ပါဝင်ပါတယ်။

     ဒူးရင်းသီးဟာ အရှေ့တောင်အာရှဒေသ ဇာတိစစ်စစ် ဖြစ်ပါတယ်။ ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ဟာ ဒူးရင်းသီးရဲ့ ဇာတိဆိုတာ အများလက်ခံကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဒူးရင်းသီးရဲ့ ဇာတိဆိုတာနဲ့ ပတ်သက်လို့ကတော့ ငြင်းကြခုံကြတာ ရှိပါတယ်။ အချို့က ဖိလစ်ပိုင်နိုင်ငံဟာလည်း ဒူးရင်းသီးရဲ့ဇာတိလို့ သတ်မှတ်ပြီး အချို့ကတော့ အိမ်နီးချင်း မလေးရှား၊ အင်ဒိုနီးရှားတို့ကနေ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်ဘက်စွန်း မင်ဒနိုး (Mindanao)ကျွန်းကို သွင်းလာတာလို့ ယူဆကြပါတယ်။ ဒူးရင်းသီးဟာ တကယ့်ကို အပူပိုင်း (Tropical)ရာသီဥတုစစ်စစ်ကိုမှ နှစ်ခြိုက်တဲ့ အသီးမျိုးဖြစ်ပါတယ်။ နေ့အပူချိန် ပျမ်းမျှ ၂၂ ဒီဂရီ စင်တီဂရိတ် (၇၂ ဒီဂရီ ဖာရင်ဟိုက်)အောက်ရောက်တဲ့ဒေသ မှာ ဒူးရင်းပင်ဟာ ဆက်ပြီးမဖြစ်ထွန်းတော့ပါဘူး။

     ထိုင်းနိုင်ငံဟာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း တို့လို ဒူးရင်းသီးရဲ့ ဇာတိနိုင်ငံမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက ရောက်လာတာပါ။ ဒါပေမဲ့ ခုဆိုရင် ထိုင်းနိုင်ငံဟာ ဒူးရင်းသီးအများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံဖြစ်နေပါပြီ။ ၁၉၉၉ ခုနှစ်မှာ တစ်ကမ္ဘာလုံးအနေနဲ့ ထွက်ရှိတဲ့ဒူးရင်း သီးတန်ချိန် တစ်သန်းလေးသိန်း (၁၄ဝဝဝဝဝ)အနက် တန်ချိန် ခုနစ်သိန်းရှစ်သောင်းတစ်ထောင် (၇၈၁ဝဝဝ)ဟာ ထိုင်းနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတာ ဖြစ်ပါတယ်။ တန်ချိန် တစ်သိန်းတစ်သောင်းတစ်ထောင် (၁၁၁ဝဝဝ)ကို ထိုင်ဝမ်၊ ဟောင်ကောင်၊ မလေးရှား၊ စင်္ကာပူနှင့် ကနေဒါတို့ကို တင် ပို့တာဖြစ်ပါတယ်။ မလေးရှား၊ အင်ဒို နီးရှားတို့က တန်ချိန် နှစ်သိန်းခြောက်သောင်းငါးထောင် (၂၆၅ဝဝဝ)စီ စိုက် ပျိုးထွက်ရှိပါသတဲ့။ မလေးရှား ကလည်း ၁၉၉၉ ခုနှစ်မှာ ပြည်ပကို ဒူးရင်းသီးတန်ချိန် ၃၅ဝဝဝ လောက်တင်ပို့ ရောင်းချခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးက ထွက်ရှိတဲ့ ဒူးရင်းသီးစုစုပေါင်းရဲ့ တစ်ဝက်လောက်ကို ချန်တာဘူရီ Chantaburi ခရိုင်မှာ စိုက်ပျိုးတာလို့ သိရပါတယ်။ နှစ်စဉ် တန်ချိန် နှစ်သိန်းခြောက်သောင်းငါးထောင် (၂၆၅ဝဝဝ)စီ စိုက်ပျိုးထွက်ရှိပါသတဲ့။ မလေးရှားကလည်း ၁၉၉၉ ခုနှစ်မှာ ပြည်ပကို ဒူးရင်းသီးတန်ချိန် ၃၅ဝဝဝ လောက် တင်ပို့ ရောင်းချခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးကထွက်ရှိတဲ့ ဒူးရင်းသီးစုစုပေါင်းရဲ့ တစ်ဝက်လောက်ကို ချန်တာဘူရီ Chantaburi ခရိုင်မှာ စိုက်ပျိုးတာလို့ သိရပါတယ်။ နှစ်စဉ် မေလစောစောပိုင်းမှာ ကမ္ဘာ့ဒူးရင်းသီးပွဲတော် (World Durian Festival)ကို ချန်တာဘူရီမှာ ကျင်းပလေ့ရှိပါတယ်။

     ဖိလစ်ပိုင်နိုင်ငံမှာတော့ Davao ဒေသဟာ ဒူးရင်းသီးထွက်ရှိရာ ပင်မနေရာ ဖြစ်ပါတယ်။ Davao မြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ဒူးရင်းသီးအထိမ်းအမှတ်ပွဲကို kadayawan Festival လို့ ခေါ်ပါတယ်။ အရှေ့တောင်အာရှပြင်ပမှာ ဒူးရင်းသီးထွက်ရှိရာ ဒေသတွေကတော့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အနောက် အင်ဒီးစ် (The West Indies)၊ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ (Florida)နှင့် ဟာဝိုင်ရီ (Hawaii)၊ ပါပူဝါနယူးဂီနီ (Papha New Guinea)၊ ပေါ်လီနီးဇီးယမ်းကျွန်းများ၊ (the Polynesian Islands)မဒါ ဂက်စကာ (Madagascar)၊ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နံကျွန်းနှင့် သြစတြေးလျနိုင်ငံ မြောက်ဘက်စွန်းဒေသအချို့ ပါဝင်ပါတယ်။

     သင်္ဘောသီးတို့လို တစ်နှစ်ပတ်လုံးသီးတဲ့ အသီးမျိုးမဟုတ်ဘဲ ရာသီချိန်မှာသာ စားခွင့်ရနိုင်တဲ့အတွက် ဒူးရင်းသီးဟာ ဈေးကြီးတဲ့ သစ်သီးဝလံမျိုးဖြစ်ပါတယ်။ စင်္ကာပူမှာ အရသာရှိတဲ့ ဒူးရင်းအမျိုးအစားဆိုရင် တစ်ကီလိုအ တွက် လက်လီရောင်းဈေးဟာ စင်္ကာပူ ၈ ဒေါ်လာမှ ၁၅ ဒေါ်လာ (US$ 5 to US$ 10) လောက်ထိရှိပါတယ်။ ဒူးရင်းသီးတစ်လုံးဟာ ပျမ်းမျှ တစ်ကီလိုခွဲ (၃.၃ ပေါင်)လောက် ရှိတာမို့ တစ်လုံးရောင်းဈေးဟာ စင်္ကာပူ ၁၂ ဒေါ်လာမှ ၂၂ ဒေါ်လာ (US$ 8 to US$ 15)လောက်ထိ ရှိပါတယ်။ အခွံ တွေ အစေ့တွေဖယ်လို့ရင် စားလို့ရတဲ့အသားက သစ်သီး တစ်လုံးလုံးရဲ့ ၁၅ မှ ၃ဝ ရာခိုင်နှုန်း သာရှိပါတယ်။ ဒူးရင်းသီးကြိုက်တဲ့ စင်္ကာပူနိုင်ငံသားတွေဟာ မိသားစုအတွက် တစ် ကြိမ်တည်းမှာ ဒူးရင်းသီး ၆ လုံး လောက်စားဖို့ စင်္ကာပူ ၇၅ ဒေါ်လာလောက် သုံးစွဲရတာကို မနှမြောကြပါဘူး။ မြန်မာတွေလည်း မိသားစုအတွက် ဒူးရင်းသီးကောင်းကောင်း ၃-၄ လုံးလောက်စားဖို့ တစ်ကြိမ်တည်းနဲ့ ငွေကျပ် သောင်းဂဏန်းလောက် သုံးကြသူတွေ ရှိပါတယ်။

ဒူးရင်းသီး၏အာဟာရ

     ဒူးရင်းသီးမှာပါတဲ့ အာဟာရဓာတ်တွေကို သင်္ဘောသီး၊ နာနတ်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ ထောပတ်သီး စတဲ့ မြန်မာတွေ အများဆုံးစားတတ်တဲ့ အသီးတွေရဲ့ အာဟာရဓာတ်ပါဝင်မှုနှင့် နှိုင်းယှဉ်ပြီး အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။ သင်္ဘောသီး၊ နာနတ်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ ထောပတ်သီးတို့မှာပါတဲ့ အာဟာရဓာတ်တွေက ကျန်းမာရေးဦးစီးဌာန အာဟာရဌာနကထုတ်တဲ့ မြန်မာ့အစားအစာများ၏ အာဟာရများ စာစောင်မှာပါ တဲ့အတိုင်းဖြစ်ပြီး ဒူးရင်းသီးမှာပါတဲ့ အာဟာရဓာတ်တွေက နိုင်ငံခြားစာစောင်တစ်ခုက ယူထားတာဖြစ်ပါတယ်။ သစ်သီးအများစုဟာ ကယ်လိုရီနည်းပြီး ဗီတာမင်နှင့် သတ္တုအာ ဟာရတွေသာများပါတယ်။ ကယ်လိုရီ (အင်အား)ထုတ် ပေးနိုင်တဲ့ အာဟာရတွေအနေနဲ့ ကာဗိုဟိုက်ဒရိတ် အတန်အသင့်သာပါပြီး ပရိုတင်းနှင့် အဆီဓာတ်က မပါသလောက် နည်းပါတယ်။ ခြွင်းချက်အနေ နဲ့ ထောပတ်သီးက အဆီကြွယ်ဝတဲ့အတွက် ကယ်လိုရီများပြီး ပိန္နဲသီး၊ ငှက်ပျောသီးတို့ဟာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အတွက် ကယ်လိုရီများကြပါတယ်။ ဒူးရင်းသီးဟာ အဆီရော ကာဗိုဟိုက်ဒရိတ် ပါ ကြွယ်ဝပါတယ်။ ဒူးရင်းသီးဟာ ကာဗိုဟိုက်ဒရိတ် အကြွယ်ဝဆုံး အသီးဖြစ်သလို အဆီကြွယ်ဝမှုမှာလည်း ထောပတ်သီးရဲ့ နောက်မှာ ဒုတိယနေရာက လိုက်ပါတယ်။ ဒါကြောင့် ကယ်လိုရီ အများဆုံးအသီးလည်း ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ သင်္ဘောသီး၊ နာနတ်သီး၊ သရက်သီး အပါအဝင် သစ်သီးဝလံ အများစုထက် ကယ်လိုရီသုံးဆလောက် များပါတယ်။ အဝလွန်နေသူတွေ ကိုယ်အလေးချိန် လျှော့နေသူတွေအနေနဲ့ ဆင်ခြင်စားသုံးသင့်တဲ့ အသီးမျိုးဖြစ်ပါတယ်။

     သရက်သီးအမျိုးမျိုးရှိတဲ့အနက် ရင်ကွဲနှင့် မချစ်စု၊ ငှက်ပျောသီး အမျိုးမျိုးရှိတဲ့အနက် ဖီးကြမ်းနှင့် ရခိုင်တို့ဟာ အာဟာရပါဝင်မှု အနည်းငယ်စီကွာပါတယ်။ ဒူးရင်းသီး လည်း မြန်မာဒူးရင်းနဲ့ ထိုင်းဒူးရင်း၊ မလေးရှားဒူးရင်း ကွာခြားနိုင်ပါတယ်။ ဒူးရင်းသီးမျိုးနှင့် ဖြစ်ထွန်းရာဒေသရဲ့ မြေပေါ်မူတည်ပြီး ကွာခြားတာ ဖြစ်ပါတယ်။

     ဒူးရင်းသီး ၁ဝဝ ဂရမ်မှရတဲ့ အင်အား ၁၄၇ ကယ်လိုရီ အနက် အဆီမှ ၅ဝ ကယ်လိုရီလောက် ပါဝင်ပါတယ်။ အဆီ ၅ ဂရမ်အနက် ကျန်းမာရေးအတွက် မကောင်းတဲ့ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ် (Trans Fatty Acid)လုံးဝ မပါပါဘူး။ ကျန်းမာရေးကို အကျိုးပြုတဲ့ အစာမျှင်က ၄ ဂရမ်လောက် ပါပါတယ်။ အစာမျှင် ၄ ဂရမ်ဆိုတာ လူတစ်ယောက် တစ်နေ့တာ စားသုံးသင့်တဲ့ပမာဏရဲ့ ၁၅ % လောက်ရှိပါတယ်။ ဒူး ရင်းသီးဟာ ကယ်လိုရီများတဲ့အတွက် ပမာဏအားဖြင့် ဆင်ဆင်ခြင်ခြင် စားသုံးဖို့လိုပေမယ့် ပါဝင်နေတဲ့ အာဟာရ တွေ က ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်စီယမ်နှင့် သံဓာတ်တွေ ပါတယ်ဆိုပေမယ့် ဒူးရင်းသီး ၁ဝဝ ဂရမ်မှာပါတဲ့ ဒီအာဟာရတွေရဲ့ ပမာဏဟာ အားကိုးရလောက်အောင် မများပါဘူး။

ဒူးရင်းသီးနှင့် အရက်၊ ကော်ဖီ

     ဒူးရင်းသီးစားပြီး အရက်မသောက်ရဘူး။ ကော်ဖီ မသောက်သင့်ဘူး စတဲ့ အယူအဆတွေ ရှိပါတယ်။ အေဒီ ၁၈ ရာစုလောက်ကတည်းက Rumphius ဆိုသူက ဒူးရင်းသီးစားပြီး အရက်သောက်ရင် အစာမကြေဘူး၊ ခံတွင်းနံ့ (အသက်ရှူထုတ်တဲ့အနံ့) နံလိမ့်မယ်လို့ ရေးခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်က J.D. Gimlette ရဲ့ Malay Poisons and Charm Cures စာအုပ်မှာ ဒူးရင်းသီးစားပြီး ဘရန်ဒီမသောက်ပါနဲ့လို့ တားမြစ်ထား ပါတယ်။ ၁၉၈၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ J.D. Gimlette ရဲ့ J.R. Croft ရဲ့ Bombacaceae: In Hand-book of the Flora of Papha New Guinea စာအုပ်မှာလည်း ဒူးရင်းသီးစားပြီး အရက်သောက်ရင် နေမကောင်း ဖြစ်လိမ့်မယ်လို့ ရေးထားပါတယ်။ ဒီအချက်နဲ့ပတ် သက်ပြီး သုတေသနတွေ လုပ်ခဲ့ပေမယ့် နောက်ဆုံး ကောက်ချက်ချပုံက အမျိုးမျိုးဖြစ်နေပါတယ်။ University of Tsukuba က လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ဒူးရင်းသီးမှာ အများအပြားပါဝင်နေတဲ့ ဆာလဖာ (Sulphur) ဓာတ်ပေါင်းတွေကြောင့် Aldehyde Dehydrogenase ဆိုတဲ့ အင်ဇိုင်း (Enzyme)ဟာ ပုံမှန်အလုပ်မလုပ်နိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အဆိပ်အတော့်ချေဖျက်ရေးလုပ်ငန်းဟာ ၇ဝ % လောက် ကျဆင်းသွာနိုင်တယ်လို့ ဆိုပါတယ်။ ခုချိန်ထိလည်း ဒူးရင်းသီးစားပြီး ဘီယာသောက်ရင် လေချဉ် တက်ခြင်း၊ အစာမကြေခြင်း၊ လေပွပြီး နေရထိုင်ရ ခက်ခြင်းတို့ ဖြစ်တတ်တယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ ဒူးရင်းသီးမှာပါတဲ့ အဆီနှင့်သကြားအပြင် ဘီယာထဲက အယ်လ်ကိုဟော (Alcohol)ကို တစ်ပြိုင်တည်း ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုသုံးစွဲစွန့်ထုတ်မှု (Metabolize)လုပ်ရတာ ခက်ခဲခြင်း၊ ဒူးရင်းသီးမှာပါတဲ့ Diethyl Disulfide ဆိုတဲ့ ဓာတ်ပေါင်းက ဘီယာထဲက အယ်လ်ကိုဟောကို ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုသုံးစွဲစွန့်ထုတ်မှု (Metabolize)လုပ်ရာမှာ နှောင့်ယှက်နိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။

ဒူးရင်းသီးနှင့် မင်းကွတ်သီး

     ဒူးရင်းသီးနဲ့ပတ်သက်ပြီး ဒေသအလို့်၊ လူမျိုးအလို့် ယုံကြည်မှုအမျိုးမျိုးရှိပါတယ်။ အရှေ့တောင်အာရှ ဒေသခံတွေနှင့် တရုတ်လူမျိုးတို့ရဲ့ အယူအဆအရ ဒူးရင်းသီးဟာ အပူစာ (hot food)ဖြစ်တဲ့အတွက် ဒူးရင်းသီးစားလျှင် ချွေးထွက်လွန်တတ်တယ်လို့ ယုံကြည်ကြပါတယ်။ မြန်မာတွေကလည်း ဒူးရင်းသီးစားတာများရင် အပူကန်ပြီး အရေပြားနှင့် ဦးရေခွံ (အထူးသဖြင့် ကလေးတွေ)မှာ အနာ (အပူနာ)တွေ ပေါက်တတ်တယ်လို့ ယူဆကြပါတယ်။ မြန်မာအပါအဝင် ဒူးရင်းသီးထွက်တဲ့နိုင်ငံတွေကလူတွေရဲ့ တူညီတဲ့ အယူအဆတစ်ခုက ဒူးရင်းသီးရဲ့အပူကို တန်ပြန်တိုက်ခိုက် ဖို့ မင်းကွတ်သီးစားပေးရမယ်ဆိုတဲ့ အချက်ဖြစ် ပါတယ်။ မင်းကွတ်သီးဟာ ဒူးရင်းသီးပေါ်ချိန်လောက်မှာ ပေါများတဲ့ အသီးတစ်မျိုးဖြစ်ပြီး အအေးစာလို့ ယူဆကြပါတယ်။ ဒူးရင်းသီးအမြွှာကို စားပြီးတဲ့အခါ အမြွှာထုတ်ထားတဲ့ အခွံထဲကို ရေလောင်းထည့်ပြီး အဲဒီရေကိုသောက်ရင် အပူဒဏ်ကို ခံနိုင်ရည် ရှိတယ်လို့ ယူဆသူတွေလည်း ရှိပါသတဲ့။ သွေးတိုးရောဂါရှိသူတွေ ဒူးရင်းသီးမစားရဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒူးရင်းသီးမစားရဘူး စသဖြင့် သူ့ဒေသနဲ့သူ အယူအဆ အမျိုးမျိုးလည်း ရှိပါတယ်။

     အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းက လူတွေကတော့ ဒူးရင်းသီးဟာ လိင်စိတ်ကို အားပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအတွက် ဒူးရင်းသီးကို ဘာနဲ့တွဲပြီးစားရမယ်၊ ဘာတွေ ရှောင်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိပါတယ်။ အင်ဒိုနီးရှားဘာသာစကားနဲ့ Durian Jatuh Sarung Naik ဆိုတာ ဒီကိစ္စနှင့်ပတ်သက်ပြီး ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတဲ့စကားလို့ သိရပါတယ်။ Durian ဆိုတာ ဒူးရင်းသီးကို ပြောတာပါ။ Sarung ဆိုတာ လုံချည်လို့ အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပာယ် အပြည့်အစုံကို ဖော်ပြဖို့ မသင့်ဘူးထင်လို့ မဖော်ပြတော့ပါဘူး။

__________________

♦    ဒေါက်တာလှကြည်   ♦

__________________

Facebook Comments