
ကယားတိုင်းရင်းသားအများစုသည် သီးနှံများကို ကိုယ်တိုင်စိုက်ပျိုး၍ စားသုံးလေ့ရှိရာ ကယားရိုးရာဟင်းပွဲများ၌ အသီးအနှံမျိုးစုံဖြင့် ရောနှောချက်ပြုတ်ရသည့် သီးရွက်စုံဟင်းကို မပါမဖြစ်ဆိုသလို နှစ်သက်စွာ စားသုံးလေ့ရှိကြပါသည်။
ကယားသီးရွက်စုံဟင်း၌ ဟင်းခတ်အဖြစ် အမဲသား၊ ဝက်သား၊ ဆိတ်သား စသည့် အသားခြောက်တစ်မျိုးမျိုးကို ထည့်သွင်းတာမျိုးလည်း ရှိပါသည်။ ထူးခြားချက်ကား ဆီမပါသည့် ဆီလွတ်ဟင်းလျာမျိုး ဖြစ်ပါ၏။
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး – ၁ စိတ်
ရွှေဖရုံညွန့် – ၃ စည်း
ရုံးပတီသီး – ၁၀ တောင့်
ခရမ်းချဉ်သီး – ၃ လုံး
ငရုတ်သီးစိမ်း – ၅ တောင့်
ပင်စိမ်းရွက် – ၁ စည်း
မက်ခါသီး – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၁ လုံး
ခ်က္နည္း
ပြုလုပ်နည်း
ရွှေဖရုံသီး၊ ရွှေဖရုံညွန့်၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး စသည့် အသီးအရွက်များကို ရေစင်စင်ဆေး၍ သင့်တော်သည့် အရွယ်များ ပိုင်းဖြတ်ထားပါ။ ဆုံတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် မက်ခါသီးတို့ကို လေးစိတ်ကွဲထောင်းပါ။ (မက်ခါသီးဆိုသည်က ငရုတ်ကောင်းစေ့နှင့် အရွယ်၊ အရသာဆင်တူသည့် ကယားပြည်နယ်ထွက် ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါသည်။)
အားလုံးပြီးပါက အိုးတစ်လုံး၌ ရေအသင့်အတင့်ထည့်ကာ တည်ပါ။ ပွက်ပွက်ဆူပါက ထောင်းထားသော ငရုတ်ကြက်သွန်အရောကို ထည့်ပါ။ (အသားခြောက်အစား ပုစွန်ခြောက်နှင့် ပြုတ်ထားသော ငါးအသားကိုလည်း ထည့်နိုင်ပါသည်။)ပြီးပါက အသင့်ပြင်ထားသော ဟင်းရွက်စုံများကို ထည့်ရပါသည်။ အသီးအရွက်များနူးပါက ဟင်းအပေါ့အငန် မြည်း၍ ပင်စိမ်းရွက်အုပ်ပြီး မီးဖိုမှချကာ သုံးဆောင်နိုင်ပါပြီ။ သီးနှံများ၏ သဘာဝအချိုဓာတ်နှင့် မက်ခါသီး၊ ငရုတ်သီးစိမ်းတို့၏ ပူပူစပ်စပ်အရသာတို့ကြောင့် နှုတ်မြိန်ကာ စားဝင်သည့် တိုင်းရင်းရိုးရာဟင်းလျာတစ်မယ် ဖြစ်ပါသည်။