သကြားစားသုံးမှုနှင့် ကျန်းမာရေး

 

 

Dr_2

Dr

freshly harvested sugar beet on white background

          ကော်ဖီ၊ လက်ဖက်ရည်အချို၊ သံပရာရည် စတာတွေ ဖျော်တဲ့အခါသုံးတဲ့ အိမ်သုံး သကြား၊ ဆေးရုံ၊ ဆေးခန်းတွေ မှာ အသုံးပြုတဲ့ ဂလူးကို့စ် (glucose) သကြား၊ မိခင်နို့၊ နွား နို့၊ ဆိတ်နို့စတဲ့ သတ္တဝါတွေရဲ့ နို့ရည်ထဲမှာ သဘာဝအတိုင်း ပါနေတဲ့ လက်တို့စ် (Lactose) ဆိုတဲ့ နို့သကြား၊ သစ်သီးဝလံ တွေမှာ သဘာဝအတိုင်းပါနေတဲ့ ဖရပ်တို့စ် (Fructose) ဆိုတဲ့ သစ်သီးသကြား စတာတွေအားလုံးဟာ သကြားတွေ ဖြစ်ပါတယ်။ သစ်သီးတွေနှင့် သတ္တဝါတွေရဲ့ နို့ရည်မှာ ပါနေတဲ့ သကြားတွေကို သဘာဝသကြားတွေလို့ မှတ်ထားပြီး အစားအသောက်တွေ အရသာချိုအောင် တမင်ထပ်ထည့်တဲ့ သကြားကို အပိုဆောင်းသကြား (Added Sugar) လို့ ခွဲခြားမှတ်ထားနိုင်ပါတယ်။ သစ်သီးစားလို့၊ နို့သောက်လို့၊ သူတို့မှာ သဘာဝအတိုင်းပါနေတဲ့ သကြားတွေက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အစားအသောက်တွေထဲမှာ တမင်ထပ်ထည့်တဲ့ အပိုဆောင်းသကြားကတော့ များလွန်းလျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

 အိမ်သုံးသကြား

         လူတွေက အများဆုံးသိကြတာ အိမ်သုံးသကြားဖြစ်ပါတယ်။ သာမန်အားဖြင့် သကြားလို့ပြောရင် ဒီသကြားကိုပဲ ဆိုလိုပါတယ်။ ဂလူးကို့စ်သကြား၊ နို့တွေထဲမှာပါတဲ့ လက်တို့စ်သကြားလို့ ရေးရခြင်းဖြစ်ပါတယ်။

          အိမ်သုံးသကြားကို ကြံက ရတယ်လို့ မြန်မာတွေက သိထားပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ထိုင်းစတဲ့ အပူပိုင်းနိုင်ငံတွေမှာ အိမ်သုံးသကြားကို ကြံမှ ထုတ်လုပ်ပါတယ်။ ကြံစိုက်လို့မရတဲ့ နိုင်ငံတွေမှာ သကြားမုန်လာ (Sugar Beet) ဆိုတဲ့ မုန်လာဥတစ်မျိုးမှ ထုတ်လုပ်ပါတယ်။ ၂ဝ၁၃ ခုနှစ် အတွင်း တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်တဲ့ သကြားပမာဏ ဟာ တန်ချိန် ၁၇၅ သန်းလောက်ရှိရာမှာ ၂ဝ% လောက်ကို သကြားမုန်လာ (Sugar Beet) မှ ထုတ်လုပ်တာဖြစ်ပြီး၊ ကျန်တာအားလုံးနီးပါးကို ကြံမှ ထုတ်လုပ်တာဖြစ်ပါတယ်။

အဆီစုပြီး အဝလွန်စေနိုင်တဲ့ သကြား

          ဆေးရုံ၊ ဆေးခန်းသုံး သကြားမှာပါတဲ့ ဓာတ်ပေါင်း က ဂလူးကို့စ်ဖြစ်ပြီး၊ အိမ်သုံး သကြားမှာပါတဲ့ ဓာတ်ပေါင်း ဟာ ဆူးခရို့စ် (Sucrose) ဖြစ်ပါတယ်။ အိမ်သုံးသကြားပါတဲ့ အစားအသောက်တွေ စားလိုက်သောက်လိုက်တဲ့အခါ ဆူးခရို့စ်ဟာ အစာအိမ်နှင့်အူသိမ် ထဲမှာ အစာချေခံရပြီး၊ ဂလူးကို့စ် (Glucose) နှင့် ဖရပ်တို့စ် (Fructose) သကြားနှစ်မျိုးအဖြစ် ပြိုကွဲသွားပါတယ်။ အဲဒီနောက် ဂလူးကို့စ်နှင့် ဖရပ်တို့စ် သကြားတွေဟာ အူထဲကနေ သွေးထဲကို ဝင်သွားပါတယ်။ သကြားကို ခန္ဓာကိုယ်က အင်အားထုတ်လုပ်ရာမှာ အသုံးပြု ပါတယ်။ ချက်ချင်းသုံးလို့မကုန်ဘဲ ပိုနေတဲ့ သကြားတွေကို ခန္ဓာကိုယ်ထဲမှာ ဒီအတိုင်း ထားလို့မရပါ ဘူး။ အနည်းငယ်ကို ဂလိုက်ကိုဂျင် (Glycogen) ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ပုံပြောင်းပြီး၊ အသည်းနှင့် ကြွက်သား တွေထဲမှာ စုဆောင်းသိမ်းဆည်းထားပါတယ်။ ပိုနေတဲ့ သကြားအများအပြားကိုတော့ အဆီအဖြစ် ပြောင်းလဲပြီး စုဆောင်းထားပါတယ်။ ဒါကြောင့် သကြားစားသုံးမှုများလျှင် ခန္ဓာကိုယ်မှာ အဆီစုပြီး အဝလွန်လာနိုင်ပါတယ်။

ရှေးခေတ်ကြံစိုက်ပျိုးခြင်းနှင့် သကြားပြုလုပ်ခြင်း

          ကြံရည်ကနေ သကြားဖြစ်လာအောင် စတင်လုပ်ဆောင်ခဲ့တာဟာ အေဒီ ၃၅ဝ လောက်က အိန္ဒိယလူမျိုးတွေဖြစ်တယ်လို့ ပညာရှင်များက ယူဆကြပြီး၊ ဒီ့ထက်မက စောတယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဘီစီ ၅ ရာစုလာက်ကတည်းက ယခု အိန္ဒိယနိုင်ငံ တည်ရှိရာဒေသမှာ နေခဲ့သူတွေဟာ ကြံရည်ကို မီးနှင့်ကျို၊ ဗန်းအပြား ကြီးတွေထဲမှာ အအေးခံပြီး၊ သိမ်းဆည်းကြ၊ သယ်ဆောင်ကြပါတယ်။ သကြားပြားကြီးတွေကို အမှုန့်ကြိတ်ပြီး သုံးစွဲခဲ့ကြပါတယ်။ ဂရိနိုင်ငံဘုရင် အလက်ဇန္ဒြား (Alexander the Great) ရဲ့ စစ်သည်တော်တွေဟာ အရှေ့တိုင်းနိုင်ငံတွေကို နယ်ချဲ့စစ်ချီခဲ့ကြရာမှာ အိန္ဒိယတိုက်မှာ လူတွေ ကြံစိုက် ပျိုးပြီး သကြားခံတွေ၊ သကြားမှုန့်တွေ လုပ်ကြတာကို တွေ့ဖူးသွားကြပါတယ်။ ဂရိစစ်သည်တွေဟာ အိမ်အပြန်မှာ ကြံပင်တွေကို ပျားရည်ပယ် (Honey-bearing Reeds)တွေဆိုပြီး သယ်သွားကြပါတယ်။ သူတို့ဟာ အရသာချိုတဲ့ အစားအသောက်တွေ ပြုလုပ်ရာမှာ ပျားရည်ကိုသာ သုံးကြတာမို့ ပျားရည်ကိုပဲ သိကြပါတယ်။

စီးပွားဖြစ် သကြားပြုလုပ်ခြင်း

          ကြံနှင့်သကြားဟာ နှစ်ပေါင်းများစွာကြာတဲ့ထိ အိန္ဒိယတိုက်က လူတွေရဲ့ ကိုယ်တိုင် စိုက်ပျိုး၊ ကိုယ်တိုင်စားသုံးတဲ့ စားကုန်တစ်မျိုးသာ ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သကြားဟာ ရှားပါးပြီး ဈေးကြီးတဲ့ စားကုန်ပစ္စည်းတစ်မျိုးဖြစ်လာပြီး၊ သကြားကုန်သည်တွေဟာ ကျိကျိတက် ချမ်း သာကြွယ်ဝခဲ့ကြပါတယ်။ အီတလီမှာ ဗင်းနစ်မြို့ကောင်းစားခဲ့စဉ်က ဒီမြို့ဟာ ဥရောပရဲ့ သကြားဖြန့်ဖြူးရာ ပင်မနေ ရာဖြစ်ခဲ့ပါတယ်။

          စပိန်တွေဟာ သူတို့ရဲ့ ကိုလိုနီဖြစ်တဲ့ အနောက်အင်ဒီးစ် (West Indies) မှာ ကြံစိုက်ပျိုးမှုကို ၁၅ဝ၆ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး၊ ဘရာဇီးမှာတော့ ၁၅၂၃ ခုနှစ်မှာ စတင် ပြုလုပ်ခဲ့ပါတယ်။ သကြားဟာ ၁၈ ရာစုနှစ်ထိ ကြွယ်ဝချမ်းသာသူတွေသာ စားသုံးနိုင်တဲ့ စားကုန်တစ်မျိုးဖြစ်ခဲ့ပါတယ်။ ၁၈ ရာစုနှစ်အတွင်းမှာ ဥရောပတစ်ဝန်း သကြားစားသုံးမှု တိုးတက်လာခဲ့ပြီး ၁၉ ရာစုနှစ်တွေ ရောက်တဲ့အခါမှာတော့ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားကုန်ဖြစ်လာပါတော့တယ်။

          ကြံစိုက်ပြီး သကြားထုတ်လုပ်ရောင်းချခြင်းဟာ ကြီးမားတဲ့ စီးပွားရေးအခွင့်အလမ်းကြီးဖြစ်ခဲ့ပါတယ်။ အပူပိုင်းဒေသနိုင်ငံတွေ၊ ကျွန်းတွေကို ဥရောပနိုင်ငံတွေက ကိုလိုနီ ပြုလုပ်ခဲ့ရာမှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ကြံစိုက်ပျိုးပြီး သကြားထုတ်လုပ် ရောင်းချနိုင်ရေးဟာ အရေးကြီးတဲ့ တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ပူအိုက်စွတ် စိုတဲ့ ရာသီဥတုမှာသာ ဖြစ်ထွန်းတဲ့ ကြံစိုက်ပျိုးရေးလုပ်ငန်း နှင့် အပူချိန် ပြင်းထန်လှတဲ့ ပတ်ဝန်းကျင်မှာ သကြားထုတ်လုပ်ရတဲ့ လုပ်ငန်းတွေဟာ အလွန်ပင်ပန်းဆင်းရဲတဲ့ လုပ်ငန်းတွေ ဖြစ်ခဲ့ပါတယ်။ ပင်ပန်းဆင်းရဲတဲ့ အလုပ်ကို အခကြေးငွေ မဖြစ်စလောက်နဲ့ လုပ်နိုင်မည့် လူတွေကို ရှာဖွေခြင်းဟာ အာဖရိကမှ လူတွေကို ကျေးကျွန်တွေအဖြစ် လူကုန်ကူးခဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ခေတ်မီသကြားစက်ရုံများနှင့် သကြားထုတ်လုပ်စားသုံးမှု

          ၁၈ ရာစုရဲ့ နှောင်းပိုင်းနှစ်တွေအတွင်းမှာ သကြားထုတ်လုပ်မှုအတွက် စက်ယန္တားတွေ စတင်အသုံးပြုခဲ့ပါတယ်။ ဂျမေကာမှာ ရေနွေးငွေ့အင်ဂျင်နဲ့ ကြံသကြားစက်ကို ၁၇၆၈ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒီနေ့ဆိုရင် စက်ရုံကြီးတစ်ရုံကို လုပ်သား ၁၅ဝ လောက် နဲ့ ၂၄ နာရီ လည်ပတ်ပြီး တစ်ရက်မှာ သကြားတန်ချိန် ၁၅ဝဝ လောက် ထုတ်လုပ်နိုင်တဲ့ထိ ကြံသကြားထုတ်လုပ်မှုလုပ်ငန်းဟာ ကြီးကျယ်နေပါပြီ။ ၂ဝ၁၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်တဲ့ စုစုပေါင်း သကြားပမာဏဟာ တန်ချိန် ၁၇၅ သန်းလောက် ရှိပါတယ်။

          ဥရောပမှာလည်း ကြံမဟုတ်တဲ့ အပင်တွေကနေ သကြားထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။ သကြားမုန်လာမှာ ဆူးခရို့စ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကို Andreas Marggraf ဆိုသူက တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ Franz Achard ဆိုသူက ပိုလန်နိုင်ငံမှာ သကြားမုန်လာကနေ သကြားရအောင် ကြိတ်နိုင်တဲ့ စက်ရုံတစ်ရုံကို တည်ထောင်ခဲ့ပါတယ်။ သကြားမုန်လာကနေ သကြားထုတ်လုပ်မှုဟာလည်း ၂ဝ၁ဝ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝန်း စုစုပေါင်း သကြားထုတ်လုပ်မှုရဲ့ ၂ဝ% ထိ တိုးတက်လာခဲ့ပါတယ်။ သကြား ထုတ်လို့ရတဲ့ အခြားအပင်တွေကတော့ စွံပလွန် (Date Paim Phoenix Dactylifera)၊ နှံစားပြောင်းတစ်မျိုး (Sorghum Vulgare) နှင့် သကြားမေပယ်လ် Sugar Maple (Acer Saccharum) တို့ ဖြစ်ပါတယ်။

          ၂ဝ၁ဝ ပြည့်နှစ်မှာ သကြားအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေက ဘရာဇီး၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ၊ တရုတ်၊ ထိုင်းနှင့်၊ အမေရိကန် ပြည်ထောင်စုတို့ဖြစ်ပါ တယ်။ ၂ဝ၁၃ ခုနှစ်မှာ သကြားအများဆုံးထုတ်လုပ်ခဲ့တာ ဘရာဇီး (တန်ချိန် သန်း ၄ဝ)၊ အိန္ဒိယ (တန် ၂၅ သန်း)၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံ (တန်ချိန် ၁၆ သန်း)၊ တရုတ် (တန်ချိန် ၁၄ သန်း)၊ ထိုင်း (တန်ချိန် ၁ဝ သန်း) နှင့် အမေ ရိကန်ပြည်ထောင်စု (တန်ချိန် ၇ သန်း) ဖြစ်ပါတယ်။ ဒေသ အလိုက် ကြံသကြား ထုတ်လုပ်မှုမှာ အာရှဒေသဟာ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံတွေက အနည်းငယ် စီ ထွက်သမျှ စုစုပေါင်းလိုက် ရင် ၂ဝဝ၆ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ ၄ဝ % နဲ့ ဗိုလ်စွဲပါတယ်။ တောင်အမေရိကနိုင်ငံတွေက ၃၂%၊ အာဖရိကနှင့်ဗဟို အမေရိကန်နိုင်ငံတွေက ၈% နှင့် သြစတြေးလျနိုင်ငံက ၅% ဖြစ်ပါ တယ်။ အမေရိကန်ပြည် ထောင်စု၊ ကရစ်ဗီယံဒေသ၊ ဥရောပနိုင်ငံတွေက အကြမ်းဖျင်း ၃% စီလောက် ထွက်ပါတယ်။ မုန်လာသကြားကတော့ ဥရောပအနောက်မြောက်နှင့် အရှေ့ပိုင်းနိုင်ငံတွေ၊ ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် ကယ်လီဖိုးနီးယားအပါအဝင် အမေရိကန် ပြည် ထောင်စု ဒေသအချို့ အအေးပိုင်းနိုင်ငံတွေမှာ ထွက်ပါ တယ်။

          ပြည်ပကို သကြားတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဟာ ဘရာဇီးဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ တန်ချိန် ၂၉ သန်း တင် ပို့ခဲ့ပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဒုတိယနေရာ လိုက်နေပါပြီ။

          သကြားစားသုံးမှုပမာဏ အများဆုံးနိုင်ငံက အိန္ဒိယ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ တန်ချိန် ၂၆ သန်းလောက် စားသုံးပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက တန်ချိန် ၁၈ သန်း စားသုံးပြီး၊ ဒုတိယနေရာလိုက်ပါတယ်။ တရုတ်က တန်ချိန် ၁၆ သန်းနှင့် တတိယနေရာမှာ ရှိပါတယ်။

အပိုဆောင်းသကြားစားသုံးမှု

          အပိုဆောင်း သကြားစားသုံးမှု များလွန်ခြင်းဟာ နှလုံးရောဂါနဲ့ သေဆုံးနိုင်တဲ့ အလားအလာကို များစေပါတယ်။ ဒီထဲမှာ အဝလွန်မနေတဲ့ လူတွေလည်း ပါဝင်ပါတယ်။ အဝလွန်နေသူတွေဆိုရင်တော့ ပြောစရာမလိုတော့ပါဘူး။ အမေရိကန်တွေဟာ ပျမ်းမျှအားဖြင့် သူတို့နေ့စဉ်စားသုံးတဲ့ အင်အား (ကယ်လိုရီ)စုစုပေါင်းရဲ့ ၁ဝ% လောက်ကို အပိုဆောင်းသကြားကနေ ရနေတယ်လို့ လေ့လာတွေ့ရှိ ထားပါတယ်။ ဒါက ပျမ်းမျှသဘောပြောတာ ပါ။ ၁ဝ% ထက် လျော့ပြီး စားတဲ့သူရှိသလို ဒီ့ထက်ပိုပြီးစားတဲ့ သူတွေလည်း ရှိပါတယ်။ လူဆယ်ယောက်မှာ တစ်ယောက်လောက်ဟာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၂၅% လောက်ထိ အပိုဆောင်းသကြားကနေ ရနေတယ်လို့ ဆိုပါတယ်။ ၁၅ နှစ်လောက်ကြာတဲ့ လေ့လာမှုတစ်ခုမှာ ကယ်လိုရီစုစုပေါင်း ရဲ့ ၂၅% လောက်ထိ အပိုဆောင်းသကြားကနေရအောင် စားသူတွေဟာ ကယ်လိုရီစုစုပေါင်းရဲ့ ၁ဝ%အောက် လျော့နည်းအောင် စားသုံးသူအတွက် နှလုံးရောဂါနဲ့ သေဆုံးနိုင်တဲ့ အလားအလာနှစ်ဆလောက် များတာကို တွေ့ရပါတယ်။ သကြားစားသုံးမှုများခြင်းနှင့် အတူ နှလုံးရောဂါကြောင့် သေဆုံးနိုင်တဲ့ အလားအလာဟာလည်း အချိုးကျကျ တက်လာတာကို တွေ့ရပါတယ်။ လူတစ်ယောက်ဟာ အသက်ငယ် သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ၊ သကြားစားသုံးမှုများ လျှင် နှလုံးရောဂါကြောင့် သေဆုံးနိုင်တဲ့ အလားအလာများမှာပဲဆိုတာ တွေ့ရပါတယ်။

          အမေရိကန်တွေဟာ အပိုဆောင်းသကြားတွေကို အချိုရည် (Soda)၊ အားဖြည့်အချိုရည် (Energy Drink)၊ အားကစားအချိုရည် (Sports Drink) စတဲ့ အမည်အမျိုးမျိုးနဲ့ ရောင်းချနေတဲ့ အချိုရည်တွေကနေ အများဆုံး ရရှိနေကြပါတယ်။ အချိုရည်အမျိုးမျိုးထဲမှာပါတဲ့ သကြားဟာ အမေရိကန်တွေ စားသုံးတဲ့ အပိုဆောင်းသကြား စုစုပေါင်း ပမာဏရဲ့ သုံးပုံတစ်ပုံလောက်ပင် ရှိပါတယ်။ သူတို့စားတဲ့ထဲမှာ အပိုဆောင်းသကြား များများပါတဲ့ အခြားအစားအစာတွေက ကွတ်ကီ (ဘီစကစ်)တွေ၊ ကိတ်မုန့်အမျိုးမျိုး၊ သစ်သီးဖျော်ရည် အမျိုးမျိုး၊ ရေခဲမုန့်၊ ဒိန်ချဉ် (Frozen Yogurt)၊ သကြားလုံးတို့ဖြစ်ပါတယ်။

အပိုဆောင်းဖရပ်တို့စ် (Fructose) သကြား

          အချိုရည်တွေ၊ အရသာချိုတဲ့မုန့်တွေ ပြုလုပ်ရာမှာ ယခင်က အိမ်သုံး (ကြံ) သကြားကို အများဆုံး အသုံးပြုခဲ့ပါတယ်။ ခုခါမှာတော့ အချိုရည်တွေ အရသာချိုတဲ့ မုန့်တွေ လုပ် တဲ့အခါ ပြောင်းဖူးမှ ထုတ်လုပ်တဲ့ သကာရည် (Corn Syrup) တစ်မျိုးကို တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ပြောင်းဖူးသကာရည်ထဲမှာ ဖရပ်တို့စ်သကြားတွေများအောင် လူတွေက ဓာတုဗေဒနည်းနဲ့ ဖန်တီးကြပါတယ်။ ဖရပ်တို့စ်သကြားများတဲ့ ပြောင်းသကာရည်ကို (High Fructose Corn Syrup-HFCS) လို့ခေါ်ပါတယ်။ ဖရပ်တို့စ်ဟာ အချိုအရသာ အပြင်းဆုံးသကြားဖြစ်တဲ့အတွက်၊ နည်းနည်းလေး ထည့်ရုံနဲ့ အစားအသောက်တွေကို ချိုစေပါတယ်။ သုံးစွဲရတာ စီးပွားရေးအရ အလွန်တွက်ခြေကိုက်ပါတယ်။ ဖရပ်တို့စ် ၅၅% ပါတဲ့ ပြောင်းသကာရည်ကို မုန့်အချို တွေလုပ်ရာမှာ သုံးပြီး ဖရပ်တို့စ် ၄၂% ပါတဲ့ ပြောင်းသကာရည်ကို အချိုရည်တွေလုပ်ရာမှာ အသုံးပြုပါတယ်။

          သစ်သီးတွေထဲမှာ သဘာဝအတိုင်းပါနေတဲ့ ဖရပ်တို့စ် သကြားဟာ ပမာဏအားဖြင့် များပါဘူး။ ကြောက်စရာမလို ပါဘူး။ ပြောင်းသကာရည်ထဲက ဖရပ်တို့စ်သကြား ကတော့ အပိုဆောင်းသကြားဖြစ်ပါတယ်။ ပါဝင်နေတဲ့ ပမာဏလည်း များပါတယ်။ အပိုဆောင်းဖရပ်တို့စ်သကြား စားသုံးမှုများလျှင် သွေးထဲမှာ ထရိုင်ဂလစ်စရိုက် (Triglyceride) အဆီဓာတ်များပြီး၊ နှလုံးသွေးကြောရောဂါဖြစ်နိုင်တဲ့ အလားအလာကို များစေပါတယ်။ အသည်း ကို ဝန်ပိုစေနိုင်ပါတယ်။ သွေးချိုထိန်းပေးတဲ့ အင်ဆူလင် (insulin) ဟော်မုန်းအသုံးပြုနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

မြန်မာတွေသုံးတဲ့ အပိုဆောင်းသကြား

          လက်ဖက်ရည်ကော်ဖီဆိုင်ရင် ချိုချိုမှ သောက်တတ်တဲ့ မြန်မာတွေရှိသလို တစ်ရက်မှာ လက်ဖက်ရည်အချို သုံးလေးခွက် သောက်သူလည်းရှိပါတယ်။ ဒါပေမဲ့ အများစုဖြစ် တဲ့ ကျေးလက်နေ ပြည်သူတွေဟာ သကြားကို အများအပြားဝယ်ထားပြီး၊ လွန်လွန်ကဲကဲ မစားကြပါဘူး။ မြန်မာ တွေများများ စားတာက ထညက် (ထန်းလျက်) ဖြစ်ပါတယ်။ ထန်းလျက် ကို သရေစာအဖြစ် စားကြပါတယ်။ ဧည့်သည် ကို ရေနွေးကြမ်း၊ ထန်လျက်နှင့် ဧည့်ခံတတ်ပါတယ်။ ရိုးရိုး ထန်းလျက်အပြင် ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ မန် ကျည်းထန်းလျက်၊ ထန်းလျက်ဖြူဆုပ်စသဖြင့် အမျိုးမျိုး စားကြပါတယ်။ မြန်မာထမင်းဆိုင်တွေမှာ ထမင်းစားပြီး တဲ့အခါ အချိုတည်းဖို့ ထန်းလျက်ခဲဖြူဖြူလေးတွေ ချပေးတတ်ကြပါတယ်။ ထန်းလျက်မှာပါတဲ့ အာဟာရဟာ သကြားမှာလိုပဲ ကာဗိုဟိုက်ဒရိတ် သက်သက်ဖြစ်ပါတယ်။ ကယ်လိုရီရရှိမှုမှာလည်း သကြားနဲ့ အတူတူပါပဲ။

          မြန်မာ့ရိုးရာမုန့်ပဲ သရေစာတွေဟာ ဆန်၊ ကောက်ညှင်းတို့ကို ထန်းလျက် ဒါမဟုတ် သကြားနှင့် လုပ်တာများပါတယ်။ မုန့်စိမ်းပေါင်း၊ ဘိန်းမုန့်၊ မုန့်ကျွဲသဲ၊ ခေါက်မုန့်စတဲ့ ရိုးရာမုန့်တွေကို ထန်းလျက်နဲ့ လုပ်ကြပါတယ်။ ထညက်များပြီး အရသာချိုတဲ့ မြန်မာမုန့်တွေရဲ့ ကယ်လိုရီများပုံကို ထင်းနှင့် နှိုင်းယှဉ်ပြပါမယ်။ ထမင်း ၁ဝဝ ဂရမ် (ဟင်းခပ်ဇွန်းနှင့် ၆ ဇွန်း)ကနေ ကယ်လိုရီ ၁၅ဝ လောက်ရနိုင်ပါတယ်။ ရွှေ ထမင်း (၁ဝဝ ဂရမ်) ကနေ ကယ်လိုရီ ၂၁၅၊ မုန့်စိမ်းပေါင်းမှ ကယ်လိုရီ ၂၃ဝ၊ ဘိန်းမုန့်မှ ကယ်လိုရီ ၂၃ဝ၊ ခေါက်မုန့်မှ ကယ်လိုရီ ၂၆ဝ လောက်ရနိုင်ပါတယ်။ ထန်းလျက်ပါတဲ့မုန့်တွေဟာ ကယ်လိုရီ သိသိသာသာ များပါတယ်။ ထန်းလျက်/ သကြားများ တဲ့အပြင် ဆီလည်းများတဲ့ မြန်မာ့ရိုးရာမုန့် အချို့ဟာ ကယ်လိုရီအလွန် များပါတယ်။ ဥပမာ ဆနွင်းမကင်း ၁ဝဝ ဂရမ်မှာ ကယ်လိုရီ ၃၂ဝ လောက်ထိ ပါဝင်နိုင်ပါတယ်။ မြန်မာမုန့်တွေမှာ တတ်နိုင်သမျှ အချိုလျှော့ဖို့ ကောင်းပါတယ်။

          ထန်းလျက်သကြားတို့နဲ့ ယိုထိုးထားတဲ့ မြန်မာအစားအစာ ရှိပါသေးတယ်။ နာနတ်ယို၊ ဒူးရင်းယို၊ ဇီးယိုစတဲ့ သစ်သီးယိုတွေ၊ မြေပဲယို နှမ်းပျစ်စတဲ့ မုန့်တွေဖြစ်ပါတယ်။ မြေပဲယို နှင့် နှမ်းပျစ်ဟာ ထန်းလျက်များတဲ့အပြင်၊ မြေပဲနှင့် နှမ်းမှာပါနေတဲ့ ဆီကြောင့် ကယ်လိုရီ အလွန်များပါတယ်။ မြေပဲယိုနှင့် နှမ်းပျစ် ၁ဝဝ ဂရမ်စီကနေ ရနိုင်တဲ့ ကယ်လိုရီဟာ ၅ဝဝ ကျော်ပါတယ်။ ဒါတွေအားလုံးဟာ ဆင်ဆင်ခြင်ခြင် စားသင့်တဲ့ အစာမျိုးတွေဖြစ်ပါတယ်။

          ထန်းလျက်ရည်နှင့် စားရတဲ့ မြန်မာ့ရိုးရာ မုန့်တွေလည်း ရှိပါတယ်။ မုန့်လက်ကောက် ၁ဝဝ ဂရမ်စားလျှင် ကယ်လိုရီ ၂၈ဝ ခန့်ရနိုင်ပါတယ်။ ထန်းလျက်ရည်ဆမ်းထား တဲ့ ကောက်ညှင်းခွက်ကြော် ၁ဝဝ ဂရမ်မှာ ကယ်လိုရီ ၄၃ဝ ထိ များနိုင်ပါတယ်။ ထန်းလျက်ကြောင့် ကယ်လိုရီများတာအပြင် ဆီနှင့် ကြော်ထားတာကြောင့် ပိုပြီးများသွား တာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အချိုများတဲ့ မုန့်တွေဟာ အဆီလည်း များတတ်ပါတယ်လို့ ပညာရှင်တွေဟာ သတိပေးကြပါတယ်။ မြန်မာ့ရိုးရာမုန့်တွေလည်း အချိုရောအဆီပါများတဲ့ မုန့်တွေရှိတယ်ဆိုတာ သိထားသင့်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထောက်ခံလမ်းညွှန်ချက်

          သကြားစားသုံးမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ၂ဝ၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်အကြံပြုချက်ကတော့ လူကြီးတွေရော ကလေး တွေပါ သကြားစားသုံးမှုကို လျှော့ကြဖို့ဖြစ်ပါတယ်။ ဒီထုတ် ပြန်ချက်အရ နေ့စဉ်လူတစ်ယောက် အတွက် အပိုဆောင်း သကြားကနေ ရရှိနိုင်တဲ့ ကယ်လိုရီဟာ တစ်နေ့တာ စား သုံးတဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၁ဝ%ထက် မများသင့်ပါဘူး။ ၅%ထိ လျှော့ပြီး စားနိုင်မယ်ဆိုရင် ပိုပြီး တော့ပင် အကျိုး ဖြစ်ထွန်းနိုင်ပါတယ်လို့လည်း ဆိုထားပါတယ်။ အသင့်အ တင့် လှုပ်ရှားသူ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ တာ စားသုံးသင့်တဲ့ ကယ်လိုရီစုစုပေါင်းဟာ ၂ဝဝဝ လောက် ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုလမ်းညွှန် ချက်အရ တစ်နေ့တာ စားသုံးသင့်တဲ့ ကယ်လိုရီ ၂ဝဝဝ ရဲ့ ၁ဝ%ဖြစ်တဲ့ ကယ်လိုရီ ၂ဝဝ ကို ရရှိဖို့ စားသုံးနိုင်တဲ့ သကြား ပမာဏဟာ ၅ဝ ဂရမ် (၃ ကျပ်သားခန့်)သာ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး မစားသင့်ပါဘူး။ စုစုပေါင်း ကယ်လိုရီရဲ့ ၅%ထိ လျှော့ဖို့ဆိုရင် နေ့စဉ် စားသုံးသင့်တဲ့ သကြား ပမာဏဟာ ၂၅ ဂရမ် (တစ်ကျပ်ခွဲသားခန့်)သာ ဖြစ်ပါတယ်။ သကြား ၂၅ ဂရမ်ဟာ စားပွဲ ဇွန်း (ထမင်းစားဇွန်း)၆ဇွန်းနှင့် ညီမျှပါ တယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ မုန့်ပဲသွား ရည်စာ အပါအဝင် စားသုံးသမျှ အစားအသောက်အားလုံးမှာပါတဲ့ သကြား (ထန်းလျက်) ပမာဏကို ဆိုလိုပါတယ်။

          အပိုဆောင်းသကြားများများစားတာကို အာဟာရ ပညာရှင်တွေ မကြိုက်တာက ကိုယ်အလေးချိန်တက်ပြီး အဝလွန်ခြင်းနှင့် နှလုံးသွေးကြောရောဂါစတဲ့ နာတာရှည်ရောဂါတွေဖြစ်နိုင်တဲ့ အလားအလာများခြင်း၊ သွားပိုးစား ခြင်း၊ သကြားမှာ ကယ်လိုရီကလွဲလို့ အခြား (ဗီတာမင်၊ သတ္တုစတဲ့) အာဟာရဓာတ်တွေမပါခြင်း၊ ကျန်းမာရေးကို အထောက် အကူပြုတဲ့ အစာမျှင် မပါခြင်းတို့ကြောင့်ဖြစ်ပါတယ်။

———————————-

♦   ဒေါက်တာလှကြည်   ♦

——————————–

Facebook Comments