
အချိုမှုန့် အစ ‘အာဂျီနိုမိုတို’ကလို့ ပြောနိုင်ပါတယ်။ ၁၉ဝ၈ ခုနှစ်မှာ Kikunae Ikeda ဆိုတဲ့ ဂျပန်လူမျိုး သိပံ္ပပညာရှင်တစ်ဦးက ပင်လယ်ရေညှိနှင့် ငါးပါတဲ့ ဂျပန်ရိုးရာစွပ်ပြုတ် (Soup)ရဲ့ ထူးခြားတဲ့ အနံ့အရသာဟာ စွပ်ပြုတ်မှာပါနေတဲ့ မိုနိုဆိုဒီယမ် ဂလူးတမိတ် (Mono-sodium Glutamate- MSG) ဆိုတဲ့ ဓာတ်ပေါင်းကြောင့်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ Ikeda ဟာ စွပ်ပြုတ်ထဲက MSG ကို ပုံဆောင်ခဲ (Crystal) အဖြစ် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပါတယ်။ MSG ကို ဖော်ထုတ်တွေ့ရှိပြီး နောက်နှစ်မှာပဲ Ikeda နှင့် သူ့မိတ်ဆွေ တစ်ယောက်ဟာ အာဂျီနိုမိုတိုလုပ်ငန်းကို တည်ထောင်ခဲ့ပြီး အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ် ရာမှာသုံးဖို့ အချိုမှုန့် MSG ကို စီးပွားဖြစ် စတင်ထုတ်လုပ်ခဲ့ပါတယ်။
အထူးသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယားအပြင် အမေရိကန်ပြည်ထောင်စု၊ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံတွေမှာ နှစ်ပေါင်းတစ်ရာကျော် သုံးစွဲခဲ့တဲ့ အချိုမှုန့်ထဲ MSG နဲ့ပတ်သက်ပြီး ခုခါမှာ အမျိုးမျိုး ပြောနေကြတာ ရှိပါတယ်။ အချိုမှုန့်ထဲက MSG ဟာ –
♦ လူကို တဖြည်းဖြည်းသတ်နေတဲ့ လူသတ်ကောင်လို့ ရက်ရက်စက်စက် ပြောနေသူတွေရှိသလို
♦ လူအများစုကို ဒုက္ခမပေးပါဘူး၊ MSG နဲ့ မတည့်သူ လူအနည်းငယ်မှာသာ ပြဿနာ ရှိနိုင်တာပါ လို့ လျော့လျော့ပေါ့ပေါ့ ပြောကြသူတွေ လည်း ရှိပါတယ်။
♦ MSG ဟာ အပြည့်အဝ စိတ်ချရတဲ့ပစ္စည်း (Perfectly safe)လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။ ဒီလိုအယူအဆတွေ ကွဲပြားနေတဲ့ အချိုမှုန့် MSG ရဲ့ သိကောင်းစရာ အချို့ကို တင်ပြလိုပါတယ်။
မိုနိုဆိုဒီယမ် ဂလူးတမိတ် (Monosodium Glutamate- MSG)ဆိုတာ
အချိုမှုန့်မှာပါတဲ့ ‘မိုနိုဆိုဒီယမ် ဂလူးတမိတ်’ဆိုတာ ‘ဆိုဒီယမ်’နှင့် ‘ဂလူးတမိတ်’ ဆိုတဲ့ ဓာတ်ပစ္စည်းနှစ်မျိုး ပေါင်းနေတာပါ။ ဓာတ်ပစ္စည်းနှစ်မျိုးလုံးဟာ လူတွေ နေ့စဉ်စားနေတဲ့ အစားအစာအများအပြားမှာ ပါဝင်နေပါတယ်။ ဥပမာ- အိမ်သုံးဆားမှာ ဆိုဒီယမ်ပါနေပြီး အသား၊ ငါး၊ ရေညှိရေမှော် စတဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေမှာ ‘ဂလူး တမိတ်’ပါ ဝင်ပါတယ်။ မိုနိုက ‘တစ်’လို့ အဓိပ္ပာယ်ရပါတယ်။ မိုနိုဆိုဒီယမ်ဂလူးတမိတ် (Monosodium Glutamate- MSG) ဆိုတာ ‘ဆိုဒီယမ်’တစ်ခုနှင့် ‘ဂလူးတမိတ်’ တို့ ပေါင်းနေတဲ့ ဓာတ်ပေါင်းဖြစ်ပါတယ်။
ဂလူးတမိတ်
အချိုမှုန့် (မိုနိုဆိုဒီယမ် ဂလူးတမိတ်)မှာပါတဲ့ ‘ဂလူးတမိတ်’ဟာ ‘ဂလူးတမိတ် အက်ဆစ်’ (Glutamic Acid)လို့ အမည်ရတဲ့ အမိုင်နိုအက်ဆစ် (Amino acid) က ဖြစ်လာ တာပါ။ တိုက်အိမ်တစ်လုံးကို အုတ်ချပ်တွေနှင့် တည်ဆောက်ရသလို ပရိုတင်း (Protein) ဆိုတဲ့ အာဟာရဓာတ်ကို အမိုင်နိုအက်ဆစ်တွေနဲ့ တည်ဆောက်ရပါတယ်။ ‘ဂလူးတ မိတ်အက်ဆစ်’ဟာ ပရိုတင်းတွေ တည်ဆောက်ရာမှာ ပါဝင်ရတဲ့ အမိုင်နိုအက်ဆစ် ၂ဝ ကျော်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ‘ဂလူးတမိတ်’ဟာ ပရိုတင်းကြွယ်ဝတဲ့ အသား၊ ငါး စတဲ့ တိရစ္ဆာန်ထွက် အစားအစာတွေနှင့် အပင်ထွက်အစားအစာအများအပြားမှာ ပါဝင်နေပါတယ်။ ဂလူးတမိတ်ကို မစားမိအောင်ရှောင်ဖို့ မလွယ်ပါဘူး။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဂလူးတမိတ် မပါဘူးဆိုရင်တောင် လူ့ခန္ဓာကိုယ်ထဲမှာ ဂလူးတမိတ်ကို ထုတ်လုပ်နိုင်ပါတယ်။
တရုတ်စားသောက်ဆိုင် ရောဂါလက္ခဏာစု (Chinese Restaurant Syndrome)
အချိုမှုန့်ကို ကမ္ဘာတစ်ဝန်းနိုင်ငံအများအပြားမှာ လူသုံးအလွန်များခဲ့ရာက နှစ်ပေါင်း ၆ဝ အကြာ ၁၉၆၈ Dr. Robert Ho Man Kwok ဆိုသူကြောင့် MSG စားသုံးဖို့ရာ လူတွေမှာ စိုးရွံ့စရာဖြစ်လာရပါတယ်။ the New England Journal of Medicine ကို ပေးခဲ့တဲ့ စာထဲမှာ Dr.Kwok က သူဟာ တရုတ်စားသောက်ဆိုင်က အစား အသောက်တွေကိုစားပြီး အရေပြားမှာ ထုံခြင်း၊ ကျဉ်ခြင်း၊ ပူရှိန်းရှိန်းဖြစ်လာခြင်း၊ အသက်ရှူ ကြပ်ခြင်းတို့ကို ခံစားခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒီလိုဖြစ်တာတွေဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး တရုတ်အစားအစာတွေထဲမှာ ထည့်လေ့ရှိတဲ့ MSG ကို ခန္ဓာကိုယ်က ထူးထူးခြားခြား တုန့်ပြန်မှု (Sensitive ဖြစ်မှု)ကြောင့် လည်း ဖြစ်နိုင်ကြောင်း ရေးထားပါတယ်။ ဒါကို Chinese Restaurant Syndrome (တရုတ်စားသောက်ဆိုင် ရောဂါလက္ခဏာစု)လို့ အမည်ပေးခဲ့ပါတယ်။ ခုခါမှာတော့ MSG Symptom Complex ဆိုတဲ့ စကားလုံးကို ပိုပြီးသုံးကြပါတယ်။
MSG ဘက်မှ ချေပပုံ
Dr.Kwok ရေးတဲ့ စာရဲ့နောက်မှာ MSG နှင့်ပတ်သက်တဲ့စာတွေ အမြောက်အများ ရေးလာကြသူတွေ ရှိခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ အစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA)နှင့် Center for Food Safety and Applied Nutrition တို့က MSG နဲ့ပတ်သက်ပြီး သိပံ္ပနည်းကျ လွတ်လပ်စွာလေ့လာသုံးသပ်မှုကို စတင်ခဲ့ပါတယ် တဲ့။ လေ့လာမှုကို လက်တွေ့ ပြုလုပ်ခဲ့တဲ့ The Federation of American Societies for Experimental Biology (FASEB)ရဲ့ အစီရင်ခံချက်ကို ၁၉၉၅ ခုနှစ် The Journal of Nutritionမှာ ဖော်ပြထားတာက ” The FASEB report did identify temporary and generally mild symptoms that may occur in some individuals after consuming 3 grams of MSG without food.” ဖြစ်ပါတယ်တဲ့။ MSG ကို အစားအသောက်ထဲမှာ ထည့်တာမဟုတ်ဘဲ သူ့ချည်းသက်သက် ၃-ဂရမ်လောက် စားမယ်ဆိုရင် အချို့သောသူများမှာ အသေးအဖွဲဝေဒနာလေးတွေကို ယာယီခံစားရတတ်တာကို တွေ့ရပါတယ်တဲ့။ လက်တွေ့မှာ MSG ကို အစားအစာမပါဘဲ စားသူမရှိပါဘူးတဲ့။ ခုထိ MSG ကို အစားအသောက်ထဲမှာထည့်ပြီး စားတဲ့အကြိမ်တိုင်း (တစ်ခါတလေမဟုတ်) ဒီလိုမျိုးတွေဖြစ်တယ်ဆိုတာလည်း သက်သေမပြနိုင်သေးပါဘူးတဲ့။ MSG ၃ ဂရမ်ဆိုတာလည်း လူတစ်ယောက်ပျမ်းမျှစားသုံးလေ့ရှိတဲ့ ပမာဏရဲ့ ၅ ဆ၊ ၆ ဆ လောက် ရှိပါတယ်တဲ့။
နောက်ထပ်ပြုလုပ်တဲ့ သုတေသနတစ်ခုမှာဆိုရင် နေရာဒေသအများအပြားက လူအမြောက်အမြား ပါဝင်ပါသတဲ့ (Iarge, Multicenter)။ လူတစ်အုပ်စုကို အချိုမှုန့်စားစေ ပြီး နောက်တစ်အုပ်စုကို အချိုမှုန့်နှင့် ခွဲလို့မရအောင်တူပေမဲ့ MSG အာနိသင်မရှိတဲ့ ပစ္စည်းတစ်ခုကို စားစေပါတယ်တဲ့ (Placebo-controlled)။ ဘယ်သူက MSG စားပြီး ဘယ်သူက MSG မဟုတ်တဲ့ပစ္စည်းကို စားတယ်ဆိုတာ စားသူတွေရော၊ သုတေသနပညာရှင်တွေပါ မသိကြပါဘူးတဲ့ (Double-blind)။ Large, Multicenter, Placebo-controlled, Double-blind ဆိုတာတွေက သုတေသနတွေ့ရှိချက်တွေ ခိုင်မာတယ်ဆိုတာပြတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ ကောက်ချက်က ‘Neither persistent, nor serious effects from MSG ingestion are observed, and the responses were not consistent on retesting’ ဖြစ်ပါတယ်တဲ့။ MSG စားသုံးခြင်းကြောင့် တာရှည်ခံစားရနိုင်တဲ့ ကြီးကြီးမားမား ဆိုးကျိုးမတွေ့ရပါဘူး။ ပထမအကြိမ်မှာ တွေ့ရတာတွေကလည်း နောက်တစ်ကြိမ် ပြန်ပြီးစမ်းကြည့်တော့ မတွေ့ရပြန်ပါဘူးတဲ့။
အချိုမှုန့်ထဲက ဆိုဒီယမ် (Sodium)
မိုနိုဆိုဒီယမ်ဂလူးတမိတ် (MSG)မှာ ‘ဆိုဒီယမ်’ပါတာကြောင့် အချိုမှုန့်စားသုံးခြင်းကို သွေးပေါင်ချိန်တက်ခြင်းနဲ့ ဆက်စပ်ပြောဆိုကြသူတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး (MSG) ဘက်က ဒီလိုချေပပါတယ်။
ဆိုဒီယမ်ကို အစားအသောက်အမျိုးမျိုးက ရနိုင်ပြီး အိမ်သုံးဆားဟာ လူတွေအတွက် ဆိုဒီယမ်ရရှိနိုင်တဲ့ အဓိကအစားအစာဖြစ်ပါတယ်။ အချိုမှုန့်မှာပါတဲ့ ဆိုဒီယမ်ပမာဏကို အိမ်သုံးဆားမှာပါတဲ့ ဆိုဒီယမ်ပမာဏနှင့် နှိုင်းယှဉ်ကြည့်ပါတဲ့။ အိမ်သုံးဆား ၁ဝ ဂရမ် မှာ ဆိုဒီယမ် ၃.၉ ဂရမ်၊ ကလိုရိုက် ၆ ဂရမ်လောက်နှင့် ဖယ်ရှားမရတဲ့ပစ္စည်း (Impurity) အနည်းငယ်ပါဝင်ပါတယ်တဲ့။ အချိုမှုန့် ၁ဝ ဂရမ်မှာတော့ ဆိုဒီယမ် ၁.၂ ဂရမ်သာပါပြီး ကျန်တာက ဂလူးတမိတ်နှင့် ဖယ်ရှားမရတဲ့ပစ္စည်း စိုးစဉ်းမျှ ဖြစ်ပါတယ်တဲ့။ အချိုမှုန့် (MSG)ထဲက ဆိုဒီယမ်ပမာဏဟာ အိမ်သုံးဆားထဲက ဆိုဒီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံပင် မပြည့်ပါဘူးတဲ့။ စားသုံးတဲ့ပမာဏချင်းတူတယ်ဆိုရင် အချိုမှုန့် (ထဲက ဆိုဒီယမ်) ကြောင့် သွေးတိုးနိုင်တဲ့ အန္တရာယ်ဟာ အိမ်သုံးဆား (ထဲက ဆိုဒီယမ်)ကြောင့် သွေးတိုးနိုင်တဲ့ အန္တရာယ်ရဲ့သုံးပုံတစ်ပုံလောက်သာ ရှိပါတယ်တဲ့။ ဒါကြောင့် သွေးပေါင် ချိန်ထိန်းဖို့ အိမ်သုံးဆားကိုလျှော့ပြီး အချိုမှုန့်ကို အစားထိုးသုံးစွဲနိုင်ပါတယ်လို့ ချေပပါတယ်။
အချိုမှုန့်ထဲက ဂလူးတမိတ် (Glutamate)
MSG ထဲက ဂလူးတမိတ်အကြောင်း မကောင်းသတင်းတွေဟာ ဘယ်မှာအခြေခံသလဲဆိုတာ လေ့လာကြည့်လိုက်တော့ တစ်ခုက ၁၉၉၆ ခုနှစ်မှာထုတ်တဲ့ Dr. Russell L.Blaylock ရဲ့ Excitotoxins : The Taste That Kills ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ MSG ကို မွေးကင်းစကြွက်ငယ်လေးတွေရဲ့ အရေပြားအောက်ကို ဆေးထိုးသလို ထိုးသွင်း ပြီး လေ့လာရာမှာ မွေးကင်းစ ကြွက်ငယ်လေးတွေရဲ့ ဦးနှောက်ထဲက အာရုံကြောခံကလပ်စည်း (Nerve Cells) တွေဟာ Neurotransmitters ဆိုတဲ့ ဓာတုပစ္စည်းတွေရဲ့ လှုံ့ဆော်ခံရမှုများလွန်းတာကြောင့် ပျက်စီးသွားတာတွေ့ရကြောင်း၊ ဂလူးတမိုက်ဟာ လှုံ့ဆော်မှုများတဲ့ Neurotransmitters တစ်မျိုးဖြစ်ကြောင်း ရေးထားပါတယ်။
ဒါကို သဘောမတူသူတွေက ကြွက်ပေါက်စလေးရဲ့ ခန္ဓာကိုယ်အရေပြားအောက်ကို MSG တွေ တိုက်ရိုက်ထိုးထည့်လို့ ဖြစ်လာတာမျိုးတွေဟာ အဆများစွာ အရွယ် အစားကြီးတဲ့ လူတစ်ယောက်မှာလည်း တစ်ရက် MSG ပျမ်းမျှ ဝ.၅-ဂရမ်လောက် ပါးစပ်က စားရုံနဲ့ ဖြစ်လာနိုင်တယ်လို့ ယူဆတာ မသင့်လျော်ပါဘူးလို့ ပြောပါတယ်။ အရေ ပြားအောက်ကို တိုက်ရိုက်ထိုးထည့်တဲ့ ဂလူးတမိုက်ဟာ သွေးထဲကို အများကြီးဝင်သွားနိုင်ပေမယ့် ပါးစပ်ကစားတဲ့ ဂလူးတမိုက်ကတော့ အားလုံးနီးပါး (၉၅ %လောက်) ဟာ အစာလမ်းကြောင်းထဲမှာတင် သုံးလို့ကုန်သွားပြီး အနည်းငယ်မျှသာ သွေးထဲရောက်ပါတယ်လို့ ချေပတာလည်းရှိပါတယ်။ တစ်ဖက်ကလည်း လူဟာ ဂလူးတမိတ်ကို ကြွက် ထက် ၆ ဆလောက် ပိုပြီး Sensitive ဖြစ်တယ်လို့ ပြောပါတယ်။
ပိုပြီး ရှင်းပြရခက်တာတွေ ရှိပါသေးတယ်။ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဂလူးတမိတ်အများစုဟာ ပရိုတင်းတွေထဲမှာရှိ (Protein-bound ဖြစ်)နေတာ ဖြစ်ပြီး သီးသန့်လွတ်နေတဲ့ ဂလူးတမိတ် (Free Glutamate)က နည်းပါတယ်။ ဦးနှောက်ကို ဒုက္ခပေးနိုင်တာက သီးသန့်လွတ်နေတဲ့ ဂလူးတမိတ် ဖြစ်ပါတယ်။ အချိုမှုန့်ထဲက MSG ဟာ သီးသန့် လွတ်နေ တဲ့ ဂလူးတမိတ် ဖြစ်ပါတယ်ဆိုတဲ့ ပြောဆိုချက်ရှိပါတယ်။ လူရဲ့ပါးစပ်ကစားတဲ့ ဂလူးတမိုက်အများအပြား (၉၅ % လောက်)ဟာ အစာလမ်းကြောင်းထဲမှာတင်သုံးလို့ ကုန်သွား ပါတယ်။ အနည်းငယ်မျှသာ သွေးထဲရောက်ပါတယ်။ သွေးထဲရောက်သည့်တိုင် Blood Brain Barrier ဆိုတဲ့ သဘာဝအတားအဆီးရှိနေတာကြောင့် ဦးနှောက်ထဲကိုဝင်ဖို့ မလွယ်ပါဘူးလို့ ချေပတာလည်း ရှိပါတယ်။
MSG နှင့် ပန်းနာရင်ကြပ်ရောဂါ
အချိုမှုန့်ကြောင့် ပန်းနာရင်ကြပ်လိုဝေဒနာ ခံစားရတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိခဲ့ပါတယ်။ ဒီဆက်နွှယ်မှုကို ဖော်ထုတ်ဖို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ MSG ပါတဲ့ ဆေးပြားလေးတွေ သောက်သူ ၃၂ ယောက်အနက် ၁၃ ယောက်မှာ ပန်းနာရင်ကြပ်လို ဝေဒနာဖြစ်ပေါ်ခံစားရတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ချေပသူကလည်း လေ့လာမှုမှာ သောက်ခိုင်းတဲ့ ဆေးပြားတစ်ပြားမှာ MSG ၅ ဂရမ် ပါနေတာဟာ လူတစ်ယောက် တစ်နေ့တာစားသုံးတဲ့ အစားအသောက်ထဲမှာပါနိုင်တဲ့ ဝ.၅ ဂရမ်ထက် ၁ဝ ဆလောက်များနေပါတယ်။ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ MSG နှင့် ပန်းနာရင်ကြပ်ရောဂါတို့ရဲ့ ဆက်နွှယ်မှုကို စွဲစွဲမြဲမြဲ (Consis-tently) ပြနိုင်တာမရှိဘူးလို့ ဆိုပါတယ်။
MSG နှင့် မိုက်ဂရိန်း (Migrane) ခေါင်းကိုက်ဝေဒနာ
အချိုမှုန့်ကြောင့် မိုက်ဂရိန်း (Migrane) ခေါင်းကိုက် ဝေဒနာ ခံစားရပါတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။ Chinese Restaurant လက္ခဏာစုထဲမှာမပါတဲ့ မိုက် ဂရိန်း ခေါင်းကိုက်ဝေဒနာနှင့် အချိုမှုန့်တို့ရဲ့ ဆက်နွှယ်မှုကို သီးသန့်လေ့လာရမယ့်သဘော ရှိပါတယ်။ MSG နဲ့ပတ် သက်ပြီး Appetite ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေကို ခြုံငုံသုံးသပ်ကြည့်တော့လည်း ဆေး ပညာရပ်ဆိုင်ရာ အချက်အလက် (Clinical Data) မပြည့်စုံဘဲ ဒီဆက်နွှယ်မှုကို ကောက်ချက်ချဖို့ ခက်ပါကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုသေးကြောင်းသာ ရေးသားထားတာ တွေ့ရတယ်လို့ ချေပပါတယ်။
ပဉ္စမအရသာ Umami
MSG ကို ညွှန်းသူတွေက MSG ရဲ့ အရသာကို Umami လို့ အမည်ပေးခဲ့ပါတယ်။ ချို၊ ချဉ်၊ ငန်၊ ခါးဆိုတဲ့ အခြေခံအရသာ ၄ မျိုးမှာမပါတဲ့ Umami ဆိုတဲ့ ပဉ္စမအရသာကို ဘာသာပြန်ဖို့ မလွယ်ပါဘူး။ Umami ကို ဖော်ပြဖို့ အနီးစပ်ဆုံးသုံးနိုင်တဲ့ စကားလုံးတွေက Meaty, Mouth-filling, Richly Savory Taste ဆိုတာတွေပဲ ဖြစ်ပါတယ်တဲ့။ Umami က အစားအစာတွေရဲ့ နဂိုအရသာကို ပိုပြီးကောင်းအောင် လုပ်ပေးနိုင်စွမ်းလည်း ရှိပါသတဲ့။ လူတစ်ယောက်ရဲ့ လျှာမှာ ချို ချဉ် ငန် ခါး ဆိုတဲ့ အခြေခံ အရသာလေးမျိုး အတွက် အာရုံခံအဖူး (Taste Buds)လေးတွေ သူ့နေရာနဲ့သူ ရှိပါတယ်။ လျှာဖျားက အဖူးလေးတွေက အချိုအရသာကို အာရုံခံနိုင်ပါတယ်။ လျှာအရင်းက အဖူးလေးတွေက အခါး အရသာ၊ လျှာရဲ့ဘေးဘက် ရှေ့နားက အဖူးလေးတွေက အငန်အရသာ၊ လျှာရဲ့ဘေးဘက် နောက်နားက အဖူးလေး တွေက အချဉ်အရသာကို အသီးသီး အာရုံခံနိုင်ပါ တယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီတက္ကသိုလ်၊ ဆေးကျောင်း University of Miami, School of Medicine က သုတေသန ပညာရှင်တွေ ဟာ လူရဲ့လျှာပေါ်မှာ Umami ဆိုတဲ့ ပဉ္စမအရသာအတွက် သီးသန့်အာရုံခံအဖူးလေးတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါသတဲ့။
အမေရိကန်ပြည်ထောင်စု၊ အစာနှင့် ဆေးဝါးကွပ်ကဲ ရေးအဖွဲ့ (FDA)က MSG ကို Generally Recognized as Safe (GRAS)အဆင့် သတ်မှတ်ထားပါတယ်။ ‘ဥပါဒ်ကင်း၍ စိတ်ချစွာစားသုံးနိုင်သည်ဟု ယေဘုယျ အသိအမှတ်ပြု ပါတယ်။’ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ GRAS အဆင့်ကို ၁၉၅၈ ခုနှစ်ကတည်းက ရရှိခဲ့တာ ဖြစ်ပေမယ့် MSG ဟာ စားသုံးသူတွေကို ဥပါဒ်ပေးလေမလားဆိုတဲ့ လူအများရဲ့ သံသယနှင့် စိုးရွံ့မှုကို ခံနေရတဲ့ အခြေအနေက မကင်းသေးပါဘူး။ အစားအသောက်တွေမှာ MSG လုံးဝ မပါဝင်ပါ (No MSG)၊ MSG ထပ်ဖြည့်မထားပါ (No added MSG) ဆိုတဲ့ ကြော်ငြာတွေကလည်း ရှိနေလျက်ပါပဲ။
ပုစွန်ခြောက်ချိုချိုလေး၊ အသားငါး လတ်လတ်ဆတ်ဆတ်လေး၊ မြေပဲဆံသန့်သန့်လေးနဲ့သာဆိုရင် အချိုမှုန့်မပါလည်း အရသာရှိအောင် ပြင်ဆင်ချက်ပြုတ်လို့ ရတာပါပဲ လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဆေးဆိုးထားတဲ့ ပုစွန်ခြောက်ရဲ့ အန္တရာယ်က မသေးလှပါဘူး။ အခုအခါမှာ ဆေးဆိုးမထားတဲ့ ပုစွန်ခြောက် ဝယ်လို့ရဖို့၊ ဝယ်စားနိုင်ဖို့ကလည်း လူအများအတွက် ခက်ပါတယ်။ မှိုတက်နေတဲ့ မြေပဲဆံရဲ့ အန္တရာယ်ကလည်း မသေးတဲ့အတွက် မှိုမတက်တဲ့ မြေပဲဆံဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အစားအသောက်တွေရဲ့ အရသာဆိုတာ လျှာပေါ်မှာရှိတုန်း ခဏပါပဲ။ လည်ချောင်းထဲဝင်သွားတော့လည်း အတူတူပါပဲ ဆိုသူတွေအတွက် ပြဿ နာမရှိပေမယ့် လူ့သဘာဝအတိုင်း အရသာကောင်းကောင်းလေး စားချင်သူတွေအတွက်တော့ အချိုမှုန့် ကောင်း၊ မကောင်းဆို တဲ့ ပြဿ နာက ရှိနေဦးမှာပါပဲ။ ‘လွန်လျှင်ဘေး’ဆိုတဲ့ မြန်မာစကား ကတော့ နေရာတိုင်းမှာ မှန်ကန်တဲ့စကားလို့ ပြောချင်ပါတယ်။
—————————-
♦ ဒေါက်တာလှကြည် ♦
—————————-