
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပဲခူးတိုင်းဒေသကြီးအတွင်းက ရွာတစ်ရွာမှာ အလှူမှာကျွေးတဲ့ ထမင်းနှင့် မုန့်တွေစားပြီး လူအများအပြား ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။ ဒီလိုသတင်းမျိုး ဖတ်လိုက်ရတယ်ဆိုရင် အစာအဆိပ်သင့်တာပဲဆိုတာ လူတိုင်းခန့်မှန်းမိပါတယ်။
အစာအဆိပ်သင့်တယ်ဆိုတာ
မွေးနေ့ပွဲ၊ အလှူ၊ မင်္ဂလာဆောင်နှင့် အခြားသာရေး နာရေးကိစ္စတွေမှာ ကျွေးတဲ့အစားအစာတွေကို စားပြီး၊ လူတွေ အစုလိုက် အပြုံလိုက် အော့တာအန်တာ ဝမ်းပျက်တာမျိုးကို အစာအဆိပ်သင့် တယ်လို့ ပြောတာမှန်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ကရောင်းတဲ့ အစားအသောက် တစ်မျိုးကို စားမိတဲ့လူအများအပြား ဝမ်းပျက်အော့အန် ဗိုက်နာကြပြီး ဆေးရုံရောက်သွားကြတာကို အစာအဆိပ် သင့်တယ်လို့ နားလည်ကြတာလည်း မှန်ပါတယ်။ ဒါတွေက အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်တာမျိုးဖြစ်ပါတယ်။
တကယ်တော့ အစားအသောက်တစ်ခုခုကို စား ပြီးတဲ့နောက် အဲဒီအစားအသောက်ကြောင့် နေမကောင်း ထိုင်မသာ ဖြစ်တာမျိုးကို လူတိုင်းလိုလို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံဖူးမှာပါ။ နေမကောင်းထိုင်မသာ ဖြစ်တယ်ဆိုတာ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့ ခြင်း၊ အန် ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေ တစ်ခု ဒါမှမဟုတ် တစ်ခုမက ဖြစ်တာကို ဆိုလိုပါတယ်။ ဒီလို ဖြစ်တာမှန်သမျှကို အစာအဆိပ်သင့်တာလို့ ပြောနိုင်ပါ တယ်။ အစာအဆိပ်သင့်တာဟာ လူတစ်ယောက်ချင်း လည်းဖြစ်နိုင်ပါတယ်။ မိသားစုတစ်စုလည်း ဖြစ်နိုင်ပါတယ်။ မိသားတစ်စုမှာ လူတစ်ယောက်နှစ်ယောက်ပဲ ကွက်ပြီး ဖြစ်တာလည်းရှိပါတယ်။ ဆေးရုံရောက်သွားလောက်အောင်ဖြစ်မှ အစာအဆိပ်သင့်တာ မဟုတ်ပါဘူး။ အိမ်မှာတင် ပျောက်သွားတာ၊ ဆေးခန်းမှာတင် ပျောက်သွားတာ မျိုးလည်း အများကြီးရှိပါတယ်။
နိုင်ငံတကာမှာ
အစာအဆိပ်သင့်တယ်ဆိုတာ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံးမှာ တစ်ဦးတစ်ယောက်ချင်းရော၊ အစုလိုက် အပြုံ လိုက်ပါ ဖြစ်တတ်ပါတယ်။ နေအိမ်တွေမှာရော၊ စားသောက်ဆိုင်တွေမှာရော၊ သာရေး၊ နာရေး အခမ်းအနားတွေမှာရော၊ ပွဲလမ်းသဘင်တွေမှာပါ ဖြစ်နိုင်ပါတယ်။ လေယာဉ်ပျံပေါ်မှာ၊ သင်္ဘောပေါ်မှာ၊ ခရီးသွားနေစဉ် လမ်းခရီးမှာလည်း ဖြစ်တတ်ပါတယ်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ လူတွေသန်းနှင့်ချီပြီး အစာအဆိပ်သင့်ခြင်းကို ခံစားကြရပါတယ်။ မင်္ဂလာဆောင်ကို လာတဲ့လူတွေ အစာအဆိပ်သင့်ကြတယ်ဆိုတာ ချမ်းသာပါတယ်၊ သန့်ရှင်းလှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ စာသင်ကျောင်းမှာ ရောင်းတဲ့/ကျွေးတဲ့ အစားအသောက်တွေကြောင့် ကျောင်းသူ ကျောင်းသားလေးတွေ အစာအဆိပ်သင့်ကြတာမျိုးလည်း အခြားနိုင်ငံတွေမှာ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ အစား အသောက် ပြင်ဆင်ချက်ပြုတ်တာနဲ့ ပတ်သက်ရင် စည်းကမ်းအလွန်ကြီးပါတယ်ဆိုတဲ့ ဟော်တယ်ကြီးတွေ၊ အစားအသောက်ခန်းမကြီးတွေမှာတောင် ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးနှင့် တတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ကွင်းစလန်ပြည်နယ်ရဲ့ မြို့တော် ဘရစ်စဘိန်းမြို့က ကွန်ဗန်းရှင်း စင်တာတစ်ခုမှာ ကွန်ဖရင့်ကို တက်ရောက်လာတဲ့ ကျောင်းအုပ်ကြီးတွေအပါအဝင် လူတွေအစုလိုက်အပြုံလိုက် အစာအဆိပ်သင့်တာ ဖြစ်ခဲ့ပါတယ်။ လူ ၁၇၅ ယောက် ရောဂါလက္ခဏာတွေခံစားရပြီး၊ ၂၄ ယောက် ဆေးရုံတင်ကုသ ခဲ့ရပါတယ်။ တကယ်တော့ ဒီစင်တာဟာ နှစ်စဉ် အခမ်းအနားပေါင်း ၁၃ဝဝ လောက်ကို လက်ခံပြီး နေရာထိုင်ခင်းရော၊ အကျွေးအမွေးပါ ပြုလုပ်ပေးနေတဲ့ နာမည်ကြီးနေရာ တစ်ခုဖြစ်ပါတယ်။ အစားအသောက်သန့်ရှင်းရေး၊ ဥပဒ်ကင်းရေးတို့နဲ့ ပတ်သက်ပြီး အလွန်စည်းကမ်းကြီးတဲ့ နေရာဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ အသားတွေ ကြက်ဥ၊ ဘဲဥတွေကို မကျက်တကျက် စားတဲ့ဓလေ့ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ကွင်းစလန်ပြည်နယ် တစ်ခုတည်းမှာ တစ်နှစ်တစ်နှစ် အစာအဆိပ်သင့်တဲ့ လူလေးထောင်လောက်ရှိတယ်လို့ သိရပါတယ်။
ဘာတွေပါနေလို့ အစာအဆိပ်သင့်တာ ဖြစ်ရတာလဲ
အစာအဆိပ်သင့်တာဟာ အစားအသောက်တွေမှာ မပါသင့်ဘဲ ပါနေတဲ့ ဗက်တီးရီးယား ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျတော့ အစားအသောက်ထဲမှာ ဗက်တီးရီးယားပိုးတွေ အကောင်လိုက် ပါမနေပေမယ့် သူတို့ကထုတ်လိုက်တဲ့ Toxin ဆိုတဲ့ အဆိပ်တွေပါနေရင်လည်း ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေပါနေလို့ ဖြစ်တာလည်းရှိပါတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ အကောင်တွေကြောင့် မဟုတ်ဘဲ ဓာတုပစ္စည်းတွေ၊ ခဲ (Lead) အစရှိတဲ့ သတ္ထုတွေကြောင့် အစာအဆိပ်သင့်တာလည်း ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်တာကတော့ ဗက် တီးရီးယားပိုးတွေကြောင့်ဖြစ်ပါ တယ်။ ဒီဆောင်းပါးမှာ ဗက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်း အကြောင်းကိုပဲ အဓိက တင်ပြသွားပါမယ်။ အစားအသောက်တစ်ခုရဲ့ အနံ့မကောင်းခြင်း၊ အရသာပျက် နေခြင်း၊ အရောင် ပြောင်းနေခြင်း၊ အပျော့အမာပြောင်းနေခြင်းတို့ဟာ အဲဒီ အစားအသောက်ရဲ့ အန္တရာယ်ပေးနိုင်စွမ်းကို ညွှန်ပြနေတာဖြစ်ပေမယ့် မျက်စိနှင့်ကြည့်တဲ့အခါ နှာခေါင်းနှင့် အနံ့ခံကြည့်တဲ့အခါ၊ လျှာနှင့်အရသာကို မြည်းကြည့်တဲ့အခါ ဘာမှမထူးခြားဘဲ စားမိတော့မှ အဆိပ်သင့်စေနိုင်တာမျိုးတွေရှိတယ်လို့ ဆိုလိုတာပါ။
ဗက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ရောဂါတွေ
အစာအဆိပ်သင့်စေတဲ့ ဗက်တီးရီးယားအကြောင်း ပြောမယ်ဆိုရင် (Salmonella) ဆယ်လ်မွန်နဲလားဆိုတဲ့ အုပ်စုက စပြီးပြောချင်ပါတယ်။ ဒီဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ရောဂါရစေနိုင်တဲ့ အစားအစာတွေကတော့ ကျက်အောင်ချက်မထားတဲ့ ကြက်သား၊ ဘဲသား၊ ငန်းသား၊ အမဲသား၊ ဝက်သား၊ ငါးနှင့် ပင်လယ်စာအမျိုးမျိုး၊ ကျက်အောင်ပြုတ်မထား၊ ကြော်မထားတဲ့ ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုး၊ မီးနှင့်ကျိုမထား၊ ပိုးသတ် (Pasteurized လုပ်) မထားတဲ့ နွားနို့၊ ကျွဲနို့ စတဲ့ တိရစ္ဆာန်နို့အမျိုးမျိုးနှင့် ပျက်စီးနေတဲ့ အသီးအရွက်တွေ ဖြစ်ပါတယ်။ ဆယ်လ်မွန်နဲလား ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်တဲ့အခါ ဗက်တီးရီးယားပါလာတဲ့ အစာ ကိုစားပြီး ၁၂ နာရီမှ ၇၂ နာရီအတွင်း ဝမ်းပျက်ခြင်း၊ အော့အန် ခြင်း၊ ဗိုက်နာခြင်း၊ ဖျားခြင်းတို့ ဖြစ်တတ်ပါတယ်။ ၄ ရက်က နေ ၇ ရက်လောက်ခံရပါတယ်။ ဓာတ်ဆားရည်သောက်၊ အဖျားကျဆေးသောက်၊ ဗိုက်နာပျောက်ဆေးသောက် စတဲ့ ကုသမှုတွေနှင့် လူရဲ့ ကိုယ်ခံ စွမ်းအားကြောင့်ပဲ သက်သာသွားတတ်ပါတယ်။ ရေဓာတ် ခန်းခြောက်မှုများရင် တော့ ဆေးရုံမှာ သွေးကြောကနေ ဆားရည်သွင်းတာမျိုး လုပ်ရပါတယ်။ ပြင်းထန်တဲ့ ဆယ်လ်မွန်နဲလားရောဂါဟာ သွေးထဲကတစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားရင်တော့ တိုက် ဖိုက်ဆိုတဲ့ အူရောင်ငန်းဖျားရောဂါရနိုင်ပါတယ်။ သင့်လျော်တဲ့ ပဋိဇီဝဆေးတွေနှင့် ထိထရောက်ရောက် မကုသရင် အသက်အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ ကိုယ်ခံစွမ်းအားနည်းသူတွေအတွက် ပိုပြီးအန္တရာယ်ကြီးပါတယ်။ လိပ်၊ ဖွတ်၊ ပဒတ်၊ မြွေ စတဲ့ သတ္တဝါတွေရဲ့အူထဲမှာ ဆယ်လ်မွန်နဲလား ဗက်တီးရီးယားတွေ ရှိနေနိုင်တာကြောင့် ဒီအသားတွေကို သေသေ ချာချာ ကျက်အောင်ချက်မစားရင်လည်း အစာအဆိပ်သင့်ရောဂါ ဖြစ်နိုင်ပါတယ်။
Staphylococcus ဗက်တီးရီးယား
လူ ၁ဝဝ မှာ ၂၅ ယောက်ရဲ့ နှာခေါင်းနှင့် အရေပြားမှာ ဒီဗက်တီးရီးယားမျိုးတွေ ရှိနေတတ်ပါတယ်။ သွေးစုနာ မျက်စိစွံတာနှင့် ပြည်တည်နေတဲ့ ဝက်ခြံတွေထဲမှာတော့ ဒီဗက်တီးရီးယားမျိုးတွေ အများအပြားရှိနေပါတယ်။ အစားအသောက်ပြုလုပ်သူ၊ ပြင်ဆင်သူ၊ ကိုင်တွယ်သူကနေ အစားအစာတွေထဲ ရောက်သွားနိုင်ပါတယ်။ ဒီဗက်တီးရီးယားက အဆိပ် ၇ မျိုးလောက် ထုတ်လုပ်နိုင်ပါတယ်။ အစားအစာကို မီးနှင့်အပူပေးလိုက်ရင် ဗက်တီးရီးယားတွေသာ သေသွားမယ်။ အဆိပ်တွေ ပျက်မသွားပါဘူး။ သာရေး၊ နာရေး ကိစ္စတွေမှာ ချက်ပြုတ်တဲ့အဖွဲ့မှာ အစားအသောက် ပြင်ဆင်တဲ့အဖွဲ့မှာ လက်မှာ အနာပေါက်နေသူတစ်ယောက် ပါနေတယ်ဆိုရင် အလွန်အန္တရာယ်များပါတယ်။
အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်နေတုန်း နှပ်ညှစ်တာ၊ နှာခြေတာ၊ ချောင်းဆိုးတာတွေကြောင့် အစားအသောက်တွေကို ဗက်တီးရီးယားတွေနှင့် ဖြန်းပက် လိုက် သလို ဖြစ်သွားနိုင်ပါတယ်။ အစားအစာပြင်ဆင်နေ တုန်း အရေပြားကို ယားလို့ကုပ်မိတာ၊ ဝက်ခြံ ဒါမှမဟုတ် အနာကို ကိုင်မိတာ၊ ဆံပင်ကိုသပ်ပြီး တင်လိုက်တာ၊ နားထဲ နှာခေါင်းထဲ ကို လက်နှင့်နှိုက်မိတာတွေကြောင့် ပိုးတွေ ဟာ လက်ကနေ အစားအစာကို ရောက်သွားနိုင်ပါတယ်။
အချို့သောသူတွေဟာ အစာကိုလက်နှင့်တို့ပြီး လျှာ နှင့်လျက်တဲ့ အကျင့်၊ ပါးစပ်နှင့်စုပ်တဲ့အကျင့်ရှိပါတယ်။ အဲသလိုလျှာနှင့် လျက်လိုက် ပါးစပ်နှင့် စုပ်လိုက်တဲ့အခါ လက်ကို တံတွေးပေသွားပါတယ်။ လျှာနှင့်လျက်ထား၊ ပါးစပ်နှင့်စုပ်ထားတဲ့လက်ကို စင်အောင်မဆေးဘဲ အစားအစာကို ကိုင်မယ်ဆိုရင် လက်မှာရှိနေတဲ့ ဗက်တီးရီးယား တွေဟာ အစားအသောက်ထဲကို ဝင်သွားနိုင်ပါတယ်။ Staphylococcus အစာအဆိပ်သင့်မှု ရောဂါလက္ခဏာတွေကလည်း ဝမ်းပျက်တယ်။ အော့အန်တယ်၊ ဗိုက်နာတယ်။ ဒါတွေပါပဲ။ အမေရိကန်ပြည်ထောင်စု အစာနှင့်ဆေး ဝါးကွပ်ကဲရေးအဖွဲ့ကတော့ သူတို့ဆီမှာ Staphylococcus အစာအဆိပ်သင့်မှုကြောင့် သေတယ်ဆိုတာ ရှားပါတယ်တဲ့။ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံစွမ်း အားကျနေသူတွေသာ အန္တရာယ်များပါသတဲ့။
အသီးအရွက်စတဲ့ အပင်ထွက်အစားအစာတွေကြောင့် အစာအဆိပ်သင့်ခြင်း
အပင်ထွက် အစားအစာတွေကြောင့်လည်း အစာအဆိပ်သင့်တာ ဖြစ်နိုင်ပါတယ်။ ယင်နားထားတဲ့ အသီး၊ အမှည့်လွန်ပျက်စီးနေတဲ့ အသီး၊ ပုပ်နေတဲ့ အသီးအရွက်တွေစားရင် ဝမ်းပျက်မယ်၊ ဗိုက်နာမယ်၊ အော့အန်မယ်ဆိုတာ လူတိုင်းသိပါတယ်။
လူတိုင်းမသိသေးတာက အသားငါးတွေဆီက ရောဂါပိုးတွေက အသီးအရွက်တွေဆီ ရောက်လာနိုင်တယ်ဆိုတာပါပဲ။ ဈေးက အပြန်မှာ အသားငါးတွေနှင့် ဟင်းသီးဟင်းရွက်တွေကို လုံအောင်မထုပ်ပိုးဘဲ ဈေးခြင်းတောင်းထဲမှာ အတူထားရင် အသားငါးတွေထဲက ဗက်တီးရီးယားတွေဟာ အသီးအရွက်တွေထဲကို ရောက်သွားနိုင်ပါတယ်။ အိမ်ရောက်တော့လည်း ကြောင်အိမ်ထဲမှာ၊ ရေခဲသေတ္တာထဲမှာ အပေါ်ထပ်မှာ အသားငါးတွေ၊ အောက်ထပ်မှာ အသီးအရွက်တွေထားလျှင် အပေါ်ထပ်မှာရှိတဲ့ အသားငါးတွေထဲက အရည်တွေဟာ အောက်ထပ်က အသီးအရွက်တွေပေါ်ကျပြီး ရောဂါပိုးတွေ ရောက်သွားနိုင်ပါတယ်။
အသားငါးတွေကို ခုတ်ထစ်ထားတဲ့ ဓား၊ စဉ်းတီတုံးတွေ ကို မဆေးကြောဘဲ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်ရင်လည်း အသားငါးတွေက ရောဂါပိုးတွေဟာ အသီးအရွက်တွေဆီ ရောက်သွားနိုင်ပါတယ်။ အသားငါးတွေ ခုတ်ထစ်ဖို့ ဓားနှင့်စဉ်းတီတုံးသပ်သပ်၊ ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်ဖို့ ဓားနှင့်စဉ်းတီတုံး သပ်သပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် အတော်များများကို အစိမ်းစားတာ၊ ကျက်အောင်မချက်ဘဲ စားတာဆိုတော့ ဒီနည်းတွေနဲ့ အသီးအရွက်တွေက အစာအဆိပ်သင့်စေနိုင်ပါတယ်။
ပဲပင်ပေါက်
လတ်လတ်ဆက်ဆက် အစိမ်းဒါမှမဟုတ် မကျက်တကျက်စားမှ အရသာပိုရှိတဲ့ ပဲပင်ပေါက်မှာ အစာအဆိပ်သင့်ရောဂါ ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေ ပါနိုင်ပါတယ်။ ပဲစေ့တွေကနေ အညှောက်ပေါက်ဖို့ နွေးပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်။ နွေးခြင်း၊ စိုထိုင်းခြင်းတို့ကို ဗက်တီးရီးယားတွေကလည်း ကြိုက်ကြပါတယ်။ ပဲစေ့ကလေးတွေ အညှောက်ပေါက်အောင် လုပ်ပေးထားတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အစာအဆိပ်သင့်ရောဂါ ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေလည်း ရှင်သန်ပေါက်ဖွားပွားများ နိုင်ပါတယ်။
နှစ်သုံးဆယ်အတွင်းမှာ ကမ္ဘာတစ်ဝန်း ပဲပင်ပေါက်စားပြီး အစာအဆိပ်သင့်ရောဂါဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှတ်တမ်းတွေ ၃ဝ လောက်ရှိပါတယ်။ ပဲပင်ပေါက်ကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ရောဂါတွေဟာ များသောအားဖြင့် ဆယ်လ်မွန်နဲလား Salmonella နှင့် အီးကိုလိုင်E.coli ဗက်တီးရီးယားတွေကြောင့် ဖြစ်တာပါ။ ပိုးတွေဟာ ပဲစေ့တွေပေါ်မှာ ရှိနေတာပါ။ ပဲစေ့တွေကို ရေနှင့်ဆေးလိုက်ရုံနှင့် ဗက်တီးရီးယားတွေကို အကုန်အစင် ဖယ်မပစ်နိုင်ပါဘူး။ အပင်ပေါက်နိုင်တဲ့ သတ္တိလျော့မသွားစေဘဲ ပဲတွေပေါ်က ဗက်တီးရီးယား တွေကို ကုန်စင်အောင်ဖယ်ရှားဖို့ စိတ်ချရတဲ့ နည်းရယ်လို့လည်း မရှိပါဘူးလို့ ဆိုပါတယ်။ ပဲကို စီးပွားဖြစ် အပင်ဖောက်ပြီးရောင်းတဲ့ လုပ်ငန်းတွေမှာဖြစ်ဖြစ်၊ မိမိအိမ်မှာတင် အပင်ဖောက်တာပဲဖြစ်ဖြစ်၊ ရာနှုန်းပြည့် စိတ်ချရတယ်လို့ မရှိပါဘူးတဲ့။ ဘယ်လောက်ပင် သန့်သန့် ရှင်းရှင်းလုပ်သည့်တိုင်အောင် ပဲစေ့ကို အပင်ပေါက်အောင် လုပ်ပေးထားတဲ့အချိန်မှာပဲ ရှိနေတဲ့ ဗက်တီးရီးယား အကောင်အနည်းငယ်ကနေ အရေအတွက် အများကြီးဖြစ်လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပဲပင်ပေါက်ကနေ အစာအဆိပ်သင့်ရောဂါ ဖြစ်ပွားမှု လျော့နည်းအောင် ပဲပင်ပေါက် လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာရမည့် လမ်းညွှန်စည်းမျဉ်းတွေကို ၁၉၉၉ ခုနှစ်မှာ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကိုယ်ခံစွမ်းအားကျနေသူတွေဟာ ပဲပင်ပေါက်နှင့် ဝါစေ့ ပင်ပေါက်၊ မုန်လာစေ့အပင်ပေါက်စတဲ့ အပင်ပေါက်တွေကို အစိမ်းမစားဖို့၊ ပဲပင်ပေါက် အပါအဝင်၊ အခြားစားလို့ရတဲ့ အပင်ပေါက်တွေကို ကောင်းကောင်းအပူပေး၊ ချက်ပြုတ်ပြီးမှ ကြော်ပြီးမှ စားဖို့၊ ဆိုင်မှာ ထမင်းစားတဲ့အခါ အသုပ်ထဲမှာ၊ တို့စရာထဲမှာ ပဲပင်ပေါက် အစိမ်းထည့်မပေးဖို့ ကြိုပြီးပြောထားပါဆိုတာတွေလည်း ပါဝင်ပါတယ်။
ပျားရည်ကြောင့် အဆိပ်သင့်ခြင်း
ကမ္ဘာပေါ်မှာ လူမျိုးအများအပြားက ခေတ်အဆက်ဆက် ဆေးဖက်ဝင်ပါတယ် လို့ ယုံကြည်နေတဲ့ ပျားရည်ဟာ လူကြီးတွေအတွက် အန္တရာယ်ကင်းပေမယ့် ကလေးပေါက်စလေးတွေမှာတော့ Botulism ဆိုတဲ့ အစာအဆိပ်သင့်ရောဂါ ဖြစ်စေနိုင်တာမို့ အသက်တစ်နှစ်အောက်ကလေးတွေကို ပျားရည်မခွံ့ဖို့ ဒီမဂ္ဂဇင်းမှာပဲ ‘ပျားရည်’ဆိုတဲ့ ခေါင်းစဉ်နှင့် ရေးခဲ့ပြီးပါပြီ။ မဖတ်ရသေးသူတွေအတွက် ထပ်မံဖော်ပြလိုက်ပါတယ်။ ကိုယ်အလေးချိန် ၁၁ ပေါင်ခန့်ရှိတဲ့ ကလေးကို botulism အဆိပ် 0.0000005 မီလီဂရမ်က အသက်သေစေနိုင်တဲ့ထိ ပြင်းထန်ပါတယ်။ ချိုလိမ်မှာ ပျားရည်သုတ်ပေးထားရုံနဲ့ နို့စို့ကလေးမှာ အစာအဆိပ်သင့်ရောဂါ ရနိုင်ပါတယ်။ လူကြီးတွေဟာ အဆိပ်ကို ခုခံချေ ဖျက်နိုင်စွမ်းရှိပေမဲ့ တစ်နှစ်အောက် ကလေးတွေမှာတော့ ခုခံချေဖျက်နိုင်စွမ်း မပြည့်ဝသေးတဲ့အတွက် ရောဂါကို ခံစားရတာဖြစ်ပါတယ်။
Botulism အဆိပ်သင့်ရောဂါ လက္ခဏာတွေက အခြားအစာဆိပ်သင့်တာတွေကို ဝမ်းလျှောတာ၊ အန်တာတွေ မဟုတ်ပါဘူး။ ကလေးကို ချီလိုက်၊ ပိုးလိုက်ရင် ပျော့တီးပျော့ဖပ်ဖြစ်နေခြင်း၊ ဇက်မခိုင်ခြင်း၊ မျက်ခွံတွေ တွဲကျနေခြင်း၊ ဝမ်းချုပ်ခြင်း၊ နို့မစို့နိုင်ခြင်း၊ အားရှိပါးရှိမငိုနိုင်ခြင်းစတဲ့ ကြွက်သားအားနည်းတဲ့ လက္ခဏာတွေ ထင်ရှားပါတယ်။ နောက်ဆုံးမှာ အသက်ရှူတဲ့ ကြွက်သားတွေ အားနည်းလာရာက အသက်ရှူရပ်သွားပြီး သေဆုံးနိုင်ပါတယ်။ ပျားရည်ကြောင့် Botulism အစာအဆိပ်သင့်ရောဂါဖြစ်ပြီး ကလေးတွေ သေတယ်ဆိုတာ အရေအတွက်အားဖြင့် ဘာမှမပြာပလောက်ဘူးဆိုပေမယ့် အသက်အန္တရာယ် တကယ်ရှိတာကြောင့် လသားအရွယ်ကလေးတွေကို ပျားရည်ခွံ့တာတော့ မလုပ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ ကလေးပေါက် စလေးတွေကို ပျားရည်ခွံ့တဲ့ အကျင့်ရှိပါတယ်။ ပျားရည်ကြောင့် အစာအဆိပ်သင့်တယ်ဆိုတာ အင်္ဂလန်တို့ အမေရိကန်တို့မှာသာ ဖြစ်တာပါ။ ငါတို့ဆီမှာ မကြာဖူးပါဘူးလို့ ဇွတ်မငြင်းသင့်ပါဘူး။ ရှိလျက်နဲ့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လသားအရွယ်ကလေးတွေ သေသွားရင် ‘သူငယ်နာ’ ဆိုတာကလွဲပြီး ရောဂါအတိအကျ မဖော်ထုတ်နိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ ပျားရည်ကို မဖြစ်မနေ ခွံ့ချင်တယ်ဆိုရင် ကလေးရဲ့အသက် တစ်နှစ်ပြည့်ပြီးတဲ့အထိတော့ စောင့်သင့်ပါတယ်။
ဒေါက်တာလှကြည်