အစိမ်းရောင်သီးရွက်စုံနှင့် ဆာလ်မွန်ငါးအသားလွှာဟင်းချို (Cleared Green Ministone Soup with Smoked Salmon)

by Chef Sunny for Food Magazine

ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးတစ်မျိုးကတော့ “အစိမ်းရောင်သီးရွက်စုံနှင့် ဆာလ်မွန်ငါးအသားလွှာဟင်းချို” လေးပါပဲဗျာ။ အီတလီ အစားအစာချက်ပြုတ်နည်းကို အခြေခံပြင်ဆင်ထားတာမို့ အနည်းငယ်လေးတော့ ထူးခြားနေမှာပါ။ မူရင်းကတော့ အမဲပြုတ်ရည်နဲ့ ချက်ရတာပါ။ ဒါပေမဲ့ လူမျိုးဘာသာမရွေး စားသုံးနိုင်အောင်လို့ ကြက်ပြုတ်ရည်လေးနဲ့ပဲ ပြင်ဆင်ထားပါတယ်။ လိခ်လို့ခေါ်တဲ့ ကြက်သွန်မြိတ်အကြီးစားတစ်မျိုးရယ်၊ ဆလရီလို့ခေါ်တဲ့ အရွက်ရိုးကြီး တစ်မျိုးရယ်ကတော့ မြန်မာပြည်မှာ စိုက်ပျိုးတယ်လို့ မသိရသေးဘူးပေါ့ဗျာ။ ပြည်ပနိုင်ငံတွေမှာတော့ အသုံးလည်းများတော့ စိုက်တဲ့တောင်သူတွေနဲ့ စိုက်ခင်းတွေလည်း ရှိကြတယ်ဗျ။ အရသာထူးခြား သလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတဲ့ ဆေးဘက် ဝင်တဲ့ အသီးအရွက်တွေဆိုပါတော့။ အစိမ်းရောင်အသီးအနှံတွေထဲကမှ  ဖရုံသခွားသီး၊ ဗိုလ်စားပဲ၊ ပန်းပွင့်စိမ်း၊ ကညွတ် စတဲ့ အရသာလည်းကောင်းပြီး အလွန်နူးညံ့တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပြင်ဆင်ထားပါတယ်။ အဆုံးသတ်ကိုတော့ ဆာလ်မွန်ငါးအသားလွှာလေးနဲ့ ပါမီဆန်ချိစ် အမှုန့်လေးပါအုပ်ပြီး ပင်စိမ်းပေါင်မုန့် မီးကင်လေးနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် အလွန်ကျေနပ်အားရစေမယ့် ဟင်းချိုတစ်မျိုးပါ။ ကဲ…ဟင်းချိုကောင်းကောင်း ကြိုက်နှစ်သက် သူများအတွက် “အစိမ်းရောင်သီးရွက်စုံနှင့် ဆာလ်မွန်ငါးအသားလွှာဟင်းချို” လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

ဆာလ်မွန်ငါးအသားလွှာ –  ၁၀ဝ  ဂရမ် (အမျှင်ပါးပါးလှီးထားပါ)

ဖရုံသခွားသီး –  ၈၀  ဂရမ် (အံစာတုံးပုံ လှီးဖြတ်ထားပါ)

လိခ် ကြက်သွန်မြိတ်ကြီး –  ၁၀ဝ  ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ပဲစိမ်းလုံးဘူး –  ၅၀ ဂရမ်

ဗိုလ်စားပဲ –  ၅၀ ဂရမ် (အတုံးငယ်လေးများလှီးထားပါ)

ပန်းပွင့်စိမ်း –  ၈၀   ဂရမ် (အပွင့်ငယ်လေးများ လှီးထားပါ)

ကြက်သားမှုန့်  –  ၂ ဇွန်း

ပါမီဆန်ချိစ်အမှုန် –  ၁ ဇွန်း

ပေါင်မုန့်ကြမ်း –  ၆ ချပ်

ကြက်ပြုတ်ရည် –  ၄၀ဝ မီလီလီတာ

ထောပတ် –  ၅၀ ဂရမ်

ရို့မယ်ရီရွက် –  ၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ )

အော်ရီဂါနိုရွက် –  ၅ ဂရမ်  (နုပ်နုပ်စဉ်းထားပါ)

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်ပြုတ်ရည် ၄၀ဝ မီလီလီတာထဲ ကြက်သားမှုန့် ၁ ဇွန်း ထည့်ပြီး ပွက်ပွက်ဆူ အောင် တည်ထားပါ။

၂။       ဒယ်အိုးထဲ ကြက်သွန်ဖြူ၊ ရို့မယ်ရီရွက်နှင့် အော်ရီဂါနိုရွက်တို့ကို ထည့်၍ ထောပတ် နှင့် အနံ့မွှေးသည်အထိ ကြော်ချက်ထားပြီး အရသာကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် ထိန်းညှိထားပါ။

၃။       ကြက်ပြုတ်ရည်ဆူလျှင် အသင့်ကြော်ချက်ထားသော အစိမ်းရောင်သီးရွက်စုံကို ထည့်ချက်ပါ။

၎။       ကြိတ်စက်ထဲ ပင်စိမ်းရွက်၊ ကြက်သွန်ဖြူ၊ သီဟိုဠ်စေ့လှော်၊ သံလွင်ဆီနှင့် ပါမီဆန် ချိစ်တို့ကို ရောကြိတ်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ အရသာဖြင့် ထိန်းညှိထားပါ။

၅။       ပင်စိမ်းအနှစ်ရလျှင် ပေါင်မုန့်ကြမ်းမှာ အနည်းငယ်သုတ်လိမ်းပြီး မီးကင်ထားပါ။

၆။       အသင့်ကျက်ပြီးသော အစိမ်းရောင်သီးရွက်စုံဟင်းချိုကို ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် အရသာထိန်းညှိပြီး ဆာလ်မွန်ငါးအသားလွှာအငန်ကို အနည်းငယ်အုပ်၍ အသင့်မီကင်ထားသော ပင်စိမ်းပေါင်မုန့်နှင့် တွဲဖက်တည်ခင်း နိုင်တယ်။

ပင်စိမ်းအနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းမျာ

ပင်စိမ်းရွက် –  ၅၀ ဂရမ်

သီဟိုဠ်စေ့လှော် –  ၅၀ ဂရမ်

ကြက်သွန်ဖြူ –  ၂၅  ဂရမ်

သံလွင်ဆီ –  ၅ ဇွန်း

ဆား ၊ ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပါမီဆန်ချိစ်အမှုန့် –  ၁  ဇွန်း

 

ပင်စိမ်းအနှစ် ပြုလုပ်နည်း

၁။       ပင်စိမ်းအနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများအားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ကြေညက်အောင် ကြိတ်ထားပါ။

Facebook Comments