ကောက်ညှင်းဆီထမင်း

မြန်မာရိုးရာ အစားအစာနှင့် အာဟာရ ကောက်ညှင်းဆီထမင်း

——————————————————————–

ချစ်စွာသောစာရှုသူများရှင်-

     မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရအခန်းကနေ ရာသီအလိုက်ပေါ်ထွက်လာတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ မြန်မာ့မုန့်ပဲသရေစာများအကြောင်းကို တစ်လနဲ့တစ်ပတ် မအီမထပ်ရလေအောင် ရေးသား တင်ပြပေးနေတာဖြစ်ပါတယ်။

     အခုလအတွက်တော့ မြန်မာ့ရိုးရာသရေစာမုန့် များစွာရှိတဲ့အထဲက ‘ကောက်ညှင်းဆီထမင်း’ ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

     ကောက်ညှင်းဆီထမင်းကိုတော့ စာရှုသူများအား လုံး ရင်းနှီးပြီးသားရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဆီထမင်းလုပ်မယ်ဆိုရင်တော့ . . .

♦    ကောက်ညှင်းဆန်ကောင်းကောင်း     –     ၁ ပြည်

♦    ဆီ    –     တစ်ဆယ်သား

♦    ပုစွန်ခြောက်    –    ငါးကျပ်သား

♦    ကြက်သွန်နီ    –    တစ်ဆယ်သား

♦    ဆား    –    သင့်တော်ရုံ

♦    နနွင်း    –      အနည်းငယ်တို့ လိုအပ်ပါတယ်။

     လိုအပ်တဲ့အဆာတွေအားလုံး စုံပြီဆိုရင်တော့ ပထမဆုံး ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး ဆန်ဆေးတောင်းနဲ့ ရေစစ်ထားရပါမယ်။ ကြက်သွန်နီတွေကိုလည်း အခွံနွှာပြီး ပါးပါးလှီးထားရပါမယ်။ ပုစွန်ခြောက်တွေကိုတော့ ငရုတ်ဆုံမှာ ညက်နေအောင် ထောင်းထားရပါမယ်။ ပုစွန်ခြောက်ကို အမှုန့်ထောင်းပြီး ထည့်နိုင်သလို တချို့ကတော့ အကောင်လိုက်ကို ထည့်လေ့ရှိကြပါတယ်။

     ဆီထမင်းထိုးတဲ့အခါ ဒန်အိုးကို သုံးလေ့မရှိပါဘူး။ ဒယ်အိုးခပ်ပက်ပက်ကိုသာ သုံးလေ့ရှိကြတာမို့ မီးဖိုပေါ်မှာ ဒယ်အိုးကိုတင်ရပါမယ်။ အဲဒီနောက် ဒယ်အိုးထဲမှာ ဆီထည့်ပြီးတည်ရပါမယ်။ ဆီကျက်လာတဲ့အခါ နနွင်းနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီများကိုထည့်ပြီး ကြော်ရပါမယ်။ ကြက်သွန်နီတွေ ကြွပ်လာတဲ့အခါ ဒယ်အိုးထဲကဆယ်ယူပြီး ကြက်သွန်ကြော်တွေကို သတ်သတ်ဖယ်ထားရပါမယ်။

     ပြီးရင်တော့ ဒယ်အိုးထဲကို ကောက်ညှင်းဆန်ထည့်၊ အသင့်ထည့်ထားတဲ့ ပုစွန်ခြောက်များထည့်၊ ဆား သင့်ရုံထည့်ပြီး ရေမြှုပ်အောင်ထည့်ကာ အိုးအဖုံးကိုပိတ်လို့ တည်ထားရပါမယ်။

     အဲဒီလို ဆီထမင်းထိုးတဲ့အခါ ဆီထမင်းအိုးမတည်ခင်မှာ ရေနွေးတစ်အိုးကို ပွက်ပွက်ဆူအောင် အရင်တည်ထားဖို့လိုပါတယ်။ ကောက်ညှင်းဆန်နဲ့ ရေထည့်ပြီး တည်ထားတာ ရေခန်းတဲ့ အထိ ကောက်ညှင်းမနပ်သေးဘူးဆိုရင်တော့ ရေနွေးထပ်ဖျန်းပြီး အထက်အောက်လှန်ပေးကာ အိုးအဖုံးကို ပြန်ပိတ်ထားရပါမယ်။ အငွေ့တစ်ထောင်းထောင်းထပြီး ကောက်ညှင်းနပ်လောက်တဲ့ အခါ ကောက်ညှင်းအပေါ်ကနေ ‘ငှက်ပျောဖတ်’လေး အုပ်ပေးရပါမယ်။ ခဏကြာတဲ့အခါ အုပ်ထားတဲ့ဖတ်ကလေးကလည်းနွမ်း၊ ကောက်ညှင်းလေးကလည်း အိထွေပြီး ပုစွန်ခြောက်နံ့သင်းနေတဲ့ ဆီထမင်း အိထွေးထွေးကို ရရှိနိုင်ကြပြီဖြစ်ပါတယ်။

     ဆီထမင်းကို ချိုးလေးနဲ့စားချင်တယ်ဆိုရင်တော့ မီးလေးအေးအေးထားပြီး ဒယ်အိုးကို တစောင်းလေးထားကာ ပတ်ပတ်လည်လှည့်ပေးရပါမယ်။ ခပ်ကြာကြာလေးထားပြီး နှပ်ထားတဲ့အခါ ဆီထမင်းချိုးကို ရနိုင်ပြီမို့ သံယောက်မနဲ့ အပေါ်အောက်လှန်ပေးပြီး ထပ်နှပ်ရမှာဖြစ်ပါတယ်။ ဒီအခါမှာတော့ အပေါ်ချိုး၊ အောက်ချိုးနဲ့ အလယ်မှာ အိထွေးနေတဲ့ ‘ကောက်ညှင်းဆီထမင်း’ကို ရရှိနိုင်ကြပြီဖြစ်ပါတယ်။

     ပုစွန်ခြောက်ထည့်ပြီးထိုးထားတဲ့ ကောက်ညှင်းဆီထမင်းကို အပေါ်က ကြက်သွန်အနီကြော်လေးဖြူးပြီး သုံးဆောင်နိုင်ကြပါတယ်။

     ကောက်ညှင်းဆီထမင်းကို ပုစွန်ခြောက်မထည့်ဘဲ ကောက်ညှင်းနဲ့ဆီသတ်ပြီး သက်သတ်လွတ်ထိုးစားလို့ လည်းရပါတယ်။ ပုစွန်ခြောက်မပါဘဲ သက်သတ်လွတ် ထိုးထားတဲ့ ကောက်ညှင်းဆီထမင်းကိုတော့ ပဲပြုတ်လေးနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ငါးရံ့ခြောက်ဖုတ်၊ ငါးခြောက်ကြော် စတာတွေနဲ့လည်း ကောင်းနိုးရာရာ တွဲဖက်စားသုံးနိုင်ကြပါတယ်။

     ကောက်ညှင်းဆီထမင်းမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာနခွဲကရေးသားတဲ့ ‘မြန်မာ့အစားအစာ၏ အာဟာရ’ စာအုပ်အလိုအရ ဆီထမင်းစားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၂ဝ၄ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၂၇.၈ ဂရမ်၊ အဆီဓာတ် ၈.၇ ဂရမ်နဲ့ ပရိုတင်းဓာတ် ၃.၃ ဂရမ်ပါဝင်တာတွေ့ရပါတယ်။

ချစ်စွာသောစာရှုသူများရှင် –

     ဒီလအတွက်တော့ နံနက်အစော သရေစာအနေနဲ့သာမက နေ့လယ်နေ့ခင်း အဆာပြေ ပြုလုပ်စားသုံးနိုင်တဲ့ ‘ကောက်ညှင်းဆီထမင်း’ ပြုလုပ်စားသုံးပုံများကို တင်ပြလိုက်ရပါတယ်ရှင်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments