
ဒီတစ်ခေါက်တော့ နှစ်သစ်ကူးကာလမှာ မိသားစု မိတ်ဆွေများနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်လုပ်စား နိုင်မယ့်ကြက်ကင်နည်းလေးကို တင်ဆက်ပေးထားပါတယ်။ ဒီချက်နည်းလေးအတွက်တော့ အပေါ်မီး၊ အောက်မီး သုံးနိုင်တဲ့ အိမ်သုံး Portable Electric Oven ကို သုံးနိုင်ပါတယ်။ ဆီ၊ ကြက်သွန်ဖြူ၊ ပင်စိမ်းတို့ကို ရောနှောပြီး ကြိတ်စက်နဲ့လည်း ကြိတ်နိုင်ပါတယ်။
► ပါဝင်ပစ္စည်းများ
ကြက်သားပေါင်ခြမ်း – ၁ ခြမ်း
ပန်းငရုတ်ပွ အနီ/ အဝါ – ၁ လုံးစီ (အစေ့ထုတ်ပြီး အနေတော်အပိုင်းလေးများလှီးထားပါ)
ဂျပန်သခွားသီး – ၁ လုံး(ကန့်လန့် မထူမပါး အဝိုင်းလေးများလှီးထားပါ)
ပန်းပွင့်စိမ်း (Broccoli) – ၁ ပွင့် (အနေတော်လေးများလှီး၊၂ မိနစ်ရေနွေးဖျောပြီးရေအေးပြန်စိမ်ထားပါ)
မုန်လာဥနီ – ၁ လုံး(ကန့်လန့်မထူမပါး အဝိုင်းလေးများလှီးထားပါ)
သံလွင်ဆီ – စားပွဲဇွန်း ၃ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်းတစ်ဝက်
ပင်စိမ်းအချို – ၆ ခက်
ကြက်သွန်ဖြူ – ၁ဝ တက်(၅ တက်ကို အခွံမာမချွတ်ဘဲ ဓားနဲ့ဖွဖွရိုက်ထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းစေ့ – ၅ စေ့
ရှလကာရည် – စားပွဲဇွန်း ၅ ဇွန်း
► ချက်ပြုတ်နည်း
၁။ ကြက်သားပေါင်တစ်ခြမ်းလုံးကို မခုတ်ဘဲ ခက်ရင်းဖြင့် နေရာအနှံ့ထိုးဆွပါ။ ပေါင် အတွင်းပိုင်းမှ အဆစ်နေရာကိုမှန်းပြီး ဓားနဲ့ လှီးပြီး အရာပေးထားပါ။ ရှလကာရည်ဖြင့်ပွတ်ပြီး အရေခွံအပေါ်ယံကို ဓားသွားဖြင့်ခြစ်ပြီး ဆားနဲ့ သကြားကို လက်နှစ်ဖက်ထဲရောထည့်ပြီး ကြက်သားတုံးအနှံ့ ဆုပ်နယ်ပေးပါ။ လေလုံသောဘူး သို့မဟုတ် ပလတ်စတစ်အိတ်ထဲထည့်ပိတ်ပြီး ရေခဲသေတ္တာရိုးရိုးခန်းထဲမှာ မိနစ် ၂ဝ ခန့်နှပ်ထားပါ။ (အိမ်သုံး Oven ကို အပူချိန် ၂ဝဝ ဒီဂရီ စင်တီဂရိတ်မှာ ၁ဝ မိနစ်ခန်ကြိုတင်ပြီး အပူပေးထားပါ)
၂။ ကြက်သွန်ဖြူ ၅ တက်နှင့် ပင်စိမ်းရွက်များကို ညက်အောင်ထောင်းပြီး သံလွင်ဆီနှင့် ရောထားပါ။ တစ်ဝက်ကို ကြက်ပေါင်၏အရေပြားနှင့် အသားကြားထဲသို့ နေရာနှံ့အောင်ထည့်ပေးပါ။ အပူပေးထားသော Oven ထဲမှာ မိနစ် ၅ဝ မှ ၁ နာရီခန့် ဆန်ခါဗန်းဖြင့် ကင်ပေးပါ။
၃။ ကြက်ကင်နေချိန်တွင် လှီးထားသော ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်ဖြူတို့ကို ဆား၊ တစ်ဝက် ချန်ထားသော ပင်စိမ်းဆီတို့ဖြင့် နယ်ထားပါ။ ကြက်ကင် မိနစ် ၃ဝ ကြာပြီးချိန်တွင် ကြက်ကင်အောက်မှ ဗန်းတစ်ချပ်ဖြင့်ထည့်ပြီး ဟင်းသီးဟင်းရွက်များကိုပါ အတူတူကင်ပေးပြီး ကြက်ကင် ကျတ်လျှင် နှစ်သက်ရာအကင်ဆော့စ်ဖြင့် သုံးဆောင်နိုင်ပါပြီ။
www.facebook.com/MY FOODIES (mm)