
ချစ်စွာသောစာရှုသူများရှင်-
မိုးဖြိုင်ဖြိုင်ရွာတဲ့ ဇူလိုင်လမှာ ဘယ်လိုစားစရာလေးများရေးရပါမလဲလို့ စဉ်းစားရင်း တစ်ယောက်တစ် လက် ဝိုင်းဖွဲ့ပြုလုပ်စားသုံးနိုင်တဲ့ ‘ကောက်ညှင်းကင်’ ပြုလုပ်စားသုံးပုံများကို တင်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။
ကောက်ညှင်းကင်ကိုတော့ စာရှုသူများမြင်ဖူး ကြားဖူးကြမှာပါ။ သုံးထောင့်ပုံ တြိဂံပုံခေါက်ပြီး ခပ်ပြားပြားလေးထုပ်ထားတဲ့ ကောက်ညှင်းထုပ်လေးနှစ်ထုပ်ကို မျက်နှာချင်းအပ်ပြီး ဝါးညှပ်လေးနဲ့ညှပ်၊ ထိပ်ကကြိုးချည်ပြီး ကင်ထားတဲ့မုန့်ဖြစ်ပါတယ်။ ကောက်ညှင်းကို ကင်ပြီး လုပ်ထားတဲ့မုန့်မို့ ကောက်ညှင်းကင်လို့ ခေါ်ဝေါ်သုံးစွဲကြဟန်တူပါတယ်။
ကောက်ညှင်းကင်လုပ်မယ်ဆိုရင်တော့ . . .
♦ ကောက်ညှင်းဆန် – နို့ဆီဘူး (၄)ဘူး
♦ အုန်းသီး – တစ်ခြမ်း
♦ သကြား – (၃) ကျပ်သား
♦ ဆား – အနည်းငယ်
♦ ငှက်ပျောဖက်
♦ သင်ကြိုးနဲ့ ဝါးခြမ်းစိတ်များ လိုအပ်ပါတယ်။
အဆာတွေစုံပြီဆိုရင်တော့ ကောက်ညှင်းဆန်ကို ရေဆေးပြီး တစ်ညရေစိမ်ထားရပါမယ်။ ငှက်ပျောဖက်တွေကိုလည်း ရေဆေးပြီး ရေနွေးဖျောထားရပါမယ်။ ရေနွေးမဖျောဘဲ အစိမ်းလိုက်သုံးရင် ဖက်တွေကွဲကုန်လို့ဖြစ်ပါတယ်။ သင်ကြိုးတွေကိုတော့ ရေဆွတ်ထားရပါမယ်။
အုန်းသီးကိုခြစ်ပြီး အုန်းနို့ဦးရေ အကြမ်းပန်းကန်တစ်လုံးစာလောက်ရအောင် ညှစ်ယူကာ အုန်းဆံဖတ် တွေကို သကြား၊ ဆားတို့နဲ့ ခပ်ဖွဖွလေးနယ်ထားရပါမယ်။ ကောက်ညှင်းကို ပေါင်းအိုးနဲ့ပေါင်းပြီး နပ်လာတဲ့အခါ ဇလုံကြီးတစ်လုံးမှာထည့်ကာ အုန်းနို့ဦးရေကို ထည့်နယ်ရပါမယ်။ အဲဒီထဲကို သကြား၊ ဆားတို့နဲ့ ခပ်ဖွဖွလေးနယ် ထားရပါမယ်။ အဲဒီထဲကို သကြား၊ ဆားတို့နဲ့နယ်ထားတဲ့ အုန်းဆံဖတ်တွေကိုပါ ဖြူးထည့်နယ်ပြီး ခဏလောက် နှစ်ထားရပါမယ်။ ငှက်ပျောဖက်ကို ကန်တော့ပုံချိုးပြီး ကောက်ညှင်းထည့်ကာ ဖက်ကို ချိုးပိတ်လိုက်ရပါမယ်။ ခပ်ပြားပြား သုံးထောင့်ပုံထုပ်ထားတဲ့ အထုပ်နှစ်ထုပ်ကို မျက်နှာချင်းဆိုင်လို့ ခေါက်စတွေကို အတွင်းဘက်မှာ ထားပြီး ဝါးညှပ်နဲ့ ညှပ်ရပါမယ်။ ဝါးညှပ်ရဲ့ ထိပ်နှစ်ဖက်မှာ သင်ကြိုးနဲ့ချည်ပြီး မီးသွေးမီးနဲ့ကင်ရပါမယ်။ ကင်တဲ့အခါ အထုပ်နှစ်ဖက်လုံးကို အကျက်ညီအောင် ကင်ရမှာ ဖြစ်ပါတယ်။
ဒီအခါမှာတော့ အုန်းနို့နံ့သင်းနေတဲ့ ကောက်ညှင်းကင်ကို ရရှိပြီဖြစ်ပါတယ်။ ဝါးညှပ်ထဲက ကောက်ညှင်း နှစ်ထုပ်ကို သင်ကြိုးတွေဖြည်၊ ဖက်ကိုဖွင့်ပြီး ပန်းကန်ထဲထည့်ကာ အနံ့အရသာ ကောင်းမွန်ပြည့်စုံလှတဲ့ ကောက်ညှင်းကင်ကို စိတ်တိုင်းကျစားသုံး နိုင်ကြပြီ ဖြစ်ပါတယ်။
ကောက်ညှင်းကို အခုလို အပြားလေးတွေသုံး ထောင့်ခေါက်ပြီး အုန်းသီးနဲ့ ကောက်ညှင်းရောထားတဲ့ ကောက်ညှင်းကင်လုပ်စားနိုင်သလို တချို့ကတော့ အုန်းသီးနေရာမှာ ပုစွန် ဒါမှမဟုတ် ပုစွန်ဆီကို ဌာပနာပြီး ငှက်ပျောဖက်ထဲမှာ ကော်ပြန့်လိပ်ပုံလိပ်ကာ ‘ပုစွန်ကောက်ညှင်းကင်’လည်း လုပ်စားကြပါတယ်။ အသုံးများတဲ့ ကောက်ညှင်းကင်ကတော့ အုန်းသီး၊ သကြားတို့နဲ့လုပ်တဲ့ ကောက်ညှင်းကင် ဖြစ်ပါတယ်။
ကောက်ညှင်းကင်ကိုလည်း ကလေးကော၊ လူကြီးပါမကျန် စားဖူးသူတိုင်း နှစ်ခြိုက်ကြပါတယ်။
ကောက်ညှင်းကင်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာနခွဲကရေးသားတဲ့ ‘မြန်မာ့အစားအစာ၏ အာဟာရ’စာအုပ်အလိုအရ- ‘ကောက်ညှင်းကင်’စားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၂၃၆ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၃၄.၄ ဂရမ်၊ အဆီဓာတ် ၇.၅ ဂရမ်နဲ့ ပရိုတင်း ဓာတ် ၇.၂ ဂရမ်ပါဝင်တာ တွေ့ရပါတယ်။
ချစ်စွာသောစာရှုသူများရှင်-
အခုလအတွက်တော့ အိမ်များမှာ အလွယ်တကူပြုလုပ် စားသုံးနိုင်တဲ့ သရေစာ ကောက်ညှင်းကင် ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလိုက်ရပါတယ်။ ချစ်စွာသောစာရှုသူများလည်း မိုးအေးအေးမှာ ကွေးမနေကြဘဲ မိသားစုပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ ပြုလုပ်စားသုံးကြရင်း နွေးထွေးတဲ့ မိသားစုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။
ဆန်းဆန်းဦး
(မြန်မာ့အသံ)