
ချစ်စွာသောစာရှုသူများရှင်-
မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရအခန်းမှာ ဒီလအတွက်တော့ မြန်မာ့ရိုးရာစားစရာတစ်မျိုးဖြစ်တဲ့ ‘မုန့်ပျားသလက်’ ပြုလုပ်စားသုံးနည်းနဲ့ အာဟာရတန်ဖိုးများ အကြောင်းကို တင်ပြလိုပါတယ်။ မုန့်ပျားသလက်ကိုတော့ မြို့ပြဒေသများမှာထက် ကျေးလက်ဒေသများမှာ ပိုပြီးရင်းနှီး ကျွမ်းဝင်ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ မုန့်ပျားသလက်ဆိုတဲ့အတိုင်း ပျားအုံက ပျားသလက်လေးလို အပေါက်လေးတွေဖြစ် နေတာမို့ ‘မုန့်ပျားသလက်’လို့ ခေါ်တွင်ကြတာ ဖြစ်ပါတယ်။ တချို့ကတော့ မုန့်ပြစ်သလက်လို့လည်း ခေါ်ဝေါ်ကြပါတယ်။
မုန့်ပျားသလက်မှာ အဖြူနဲ့ အနီ နှစ်မျိုးရှိပါတယ်။ အနီက ထန်းလျက်ရည်နဲ့လုပ်တဲ့ အချိုမုန့်ဖြစ်ပြီး မုန့်ပျားသလက်အဖြူ ကတော့ စားတော်ပဲပေါင်း၊ ကြက်သွန် မြိတ်တို့နဲ့လုပ်တဲ့ အဆိပ်မုန့်ဖြစ်ပါတယ်။
မုန့်ပျားသလက်လုပ်မယ်ဆိုရင်တော့-
♦ ငစိန်ဆန် – တစ်ပြည်
♦ ထန်းလျက် – ၅ဝ ကျပ်သား
♦ စားဆော်ဒါ – အနည်းငယ်လိုအပ်ပါတယ်။
ပထမဆုံး ဆန်ကို မနက် (၉)နာရီလောက်မှာ ရေဆေးပြီး ရေစိမ်ထားရပါမယ်။ ပြီးရင်တော့ ညနေ (၅)နာရီလောက်မှာ ကြိတ်ဆုံမှာ ကြိတ်ရပါမယ်။ မုန့်ရည်ကို ညနေစောင်း မုန့်ကြိတ်ပြီး ချိန်ထဲက အိုးတစ်လုံးထဲမှာထည့်ကာ အဝတ်ပါးလေးနဲ့ အုပ်ထားရပါမယ်။ မနက်ရောက်တဲ့အခါ အပေါ်ယံရေကြည်နည်းနည်းကို သွန်ပစ်ရပါမယ်။ အဲဒီနောက်စားဆော်ဒါ လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို မုန့်ရည်ထဲထည့်မွှေရပါမယ်။ အဲဒီလို မုန့်ရည်နဲ့ စားဆော်ဒါထည့်မွှေတာကို ‘မုန့်ဖောက်’တယ်လို့ခေါ်ပါတယ်။ အဲဒီလို မုန့်ရည်ကို ဖောက်ထားပြီးတာနဲ့ ထန်းလျက်ကို ထန်းလျက်ရည်ကျိုရပါမယ်။ အရည်ခပ်ကျဲကျဲဖြစ်လာရင် ပိတ်ပါးလေးနဲ့ အမှိုက်သရိုက်တွေကိုစစ်ပြီး မပျစ်မကျဲအနေအထား ဆက်ကျို ရပါမယ်။
မုန့်ရည်အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်လုပ်မယ့်ဒယ်အိုးထဲမှာ အိုးမကပ်အောင် အင်တွဲကို အဝတ်နဲ့ထုပ်ပြီး အရင်သုတ်ရပါမယ်။ အင်တွဲသုတ်ပြီးတာနဲ့ မုန့်ရည်အဖြူကို အရင်ထည့်ရပါမယ်။ ပြီးတော့မှ ထန်းလျက်ရည်နဲ့စစ်ထားတဲ့ မုန့်အနီရည်ကို ထည့်ရမှာဖြစ်ပါတယ်။ မုန့်နှစ်ရည်အဖြူ က မုန့်ရဲ့အနားသတ် အဖြူလေးဖြစ်နေအောင် ထည့်တာမို့ ခပ်နည်းနည်းသာထည့်ရမှာဖြစ်ပြီး မုန့်နှစ်ရည်အနီရည်ကို ခပ်များများထည့်ရမှာ ဖြစ်ပါတယ်။ မုန့်ကျက်ပြီဆိုရင်တော့ ဒယ်အိုးထဲကကော်ယူပြီး မုန့်ပျားသလက် ပူပူနွေးနွေးလေးကိုပဲ ဆီစစ်စစ်လေး (သို့) နှမ်းဆီစစ်စစ်လေးဆမ်းလို့ အရသာရှိရှိသုံးဆောင်နိုင်ကြပါတယ်။
မုန့်ပျားသလက် အဖြူလုပ်မယ်ဆိုရင်တော့ အင်တွဲသုတ်ပြီး သန့်စင်ထားတဲ့ဒယ်အိုးထဲကို မုန့်နှစ်ရည်အဖြူ ချည်းသက်သက် မုန့်တစ်ချပ်စာ ထည့်ရမှာဖြစ်ပါတယ်။ ပြီးတော့မှ အဲဒီမုန့်နှစ်ရည်ထဲကို စားတော်ပဲပေါင်းနဲ့ ကြက်သွန်မြိတ်လေး သင့်ရုံထည့်ရပါမယ်။ စားတော်ပဲပေါင်းကို တချို့ကတော့ ပဲပြုတ်လို့သာခေါ်ဝေါ် သုံးစွဲလေ့ရှိပါတယ်။ အဲဒီလိုပဲပြုတ်နဲ့ ကြက်သွန်မြိတ်လေးထည့်ပြီးရင် ဒယ်အိုးကို စလောင်းဖုံးလေး ဖုံးထားပေးရပါမယ်။ ခဏကြာရင်တော့ မုန့်ကျက်ပြီမို့ အပေါ်က ဆီဝတ်လေးနဲ့ရိုက်လို့ မုန့်ကို ကော်ယူကာစားသုံးနိုင်ကြပြီဖြစ်ပါတယ်။ မုန့်ပျားသလက်အဖြူကတော့ အဆိမ့်သက်သက်ဖြစ်ပါတယ်။ မုန့်ပျားသလက်အဖြူ ကိုလည်း ပဲဆီ (သို့)နှမ်းဆီစစ်စစ်လေး ဆမ်းလို့ ဆိမ့်ဆိမ့်လေးစားသုံးလေ့ရှိပါတယ်။
မုန့်လုပ်ရတာ ကယိကထလည်းမများလှတာမို့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ မုန့်ပဲ သရေစာတစ်မျိုးဖြစ်ပါတယ်။
မုန့်ပျားသလက်များပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ ‘မြန်မာ့အစားအစာ၏အာဟာရ’ စာအုပ်အလိုအရ မုန့်ပျားသလက်အနီ စားသုံးမှု (၁ဝဝ)ဂရမ်မှာ အင်အားဓာတ် (၂၃၅)ကီလိုကယ်လိုရီပါဝင်ပြီး မုန့်ပျားသလက်အဖြူ စားသုံးမှု (၁ဝဝ)ဂရမ်မှာ အင်အားဓာတ် (၂၁၇) ကီလိုကယ်လိုရီ ပါဝင်တာတွေ့ရပါတယ်။
ချစ်စွာသောစာရှုသူများရှင်-
ဒီလအတွက်တော့ မြန်မာ့ရိုးရာစားစရာများကို အမြတ်တနိုး တန်ဖိုးထားစားသုံးလိုကြတဲ့ ပရိသတ်များအတွက် မြန်မာ့မုန့်ပဲသရေစာစစ်စစ်ဖြစ်တဲ့ မုန့်ပျားသလက် ပြုလုပ် စားသုံးပုံများအကြောင်း ရေးသားတင်ပြလိုက်ပါတယ်။
ချစ်စွာသောစာရှုသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
ဆန်းဆန်းဦး
(မြန်မာ့အသံ)