
ချစ်စွာသောစာရှုသူများရှင်-
အခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာ တော့ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်ပျားသလက်၊ မုန့်လုံးကြီး၊ မုန့်ဖက်ထုပ်စတဲ့ မြန်မာ့မုန့်ပဲ သရေစာများထဲက မုန့်ဗိုင်းတောင့်ရဲ့ အာဟာရတန်ဖိုးများအကြောင်း ကို တင်ပြမှာဖြစ်ပါတယ်။
မုန့်ဗိုင်းတောင့်မှာ အဖြူနဲ့ ပဲဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူကတော့ သီးသန့် ပဲမထည့်ဘဲ လုပ်ထားတဲ့မုန့်ဖြစ်ပြီး ပဲကတော့ဆန်နှစ်ထဲမှာ ပဲလွန်းစေ့ပြုတ်နဲ့ ရောနယ်ပြီးလုပ်ထားတဲ့ အဆိမ့်မုန့်ဖြစ်ပါတယ်။
မုန့်ဗိုင်းတောင့်လုပ်မယ်ဆိုရင်တော့ . . .
♦ မီးဒုံးဆန် ဒါမှမဟုတ် ငကျွဲဆန် – တစ်ပြည်
♦ အုန်းသီး – ၂ လုံး
♦ ပဲလွန်း – ၂ ပြည်
♦ ဆား – နှစ်ကျပ်သား
♦ ထုံး – အနည်းငယ်
♦ ဆီ – နှစ်ကျပ်ခွဲသား
လိုအပ်ပါတယ်။
မုန့်လုပ်ဖို့ အားလုံးစုံပြီဆိုရင်တော့ ပထမဆုံး ဆန်ကိုရေစိမ်ပြီး ကြိတ်ထားရပါမယ်။ ကြိတ်လို့ရတဲ့မုန့်နှစ် တွေကို ရေစစ်သွားအောင် ကျောက်ပြင်၊ ကျောက်ငရုတ် ဆုံစတဲ့ အလေးအပင်များနဲ့ ဖိထားဖို့လိုပါတယ်။ အဲဒီ နောက် ရေစစ်ထားတဲ့မုန့်နှစ်တွေကို ပျော့ပျောင်းလာအောင် နယ်ရပါမယ်။ မုန့်နှစ်တွေကိုနယ်တဲ့အခါ ဆား လေးပါ သင့်ရုံထည့်ပြီး နယ်ရပါမယ်။ အဲဒီလို မုန့်နှစ်တွေကိုနယ်တာကို ‘မုန့်နှဲ’တယ်လို့ ခေါ်ပါတယ်။ မုန့်နှစ်တွေ ကို ပျော့ပျောင်းလာအောင် မုန့်နှဲပြီးတဲ့အခါ မုန့်တွေကို အလုံးငယ်လေးတွေဖြစ်အောင် လုံးရပါမယ်။ မုန့်တွေ လုံးပြီးရင် ပြုတ်ရပါမယ်။ ပြုတ်ပြီးတဲ့ မုန့်လုံးတွေကို တစ်ခါထပ်ပြီး ကြေအောင်ချေပေးရပါမယ်။ မုန့်တွေကို ချေပြီးတဲ့အခါ လက်ဖဝါးတွေကို ဆီသုတ်ပြီး မုန့်ဗိုင်းတောင့် အဖြူသက်သက် ဖြစ်ပါတယ်။ မုန့်ဗိုင်းတောင့်မှာ သေး သေးရှည်ရှည်လေးတွေရှိသလို မုန့်ပေါင်းကို အပြားခပ်သေးသေးလေးတွေလုပ်ပြီး ဘီးအသန့်လေးနဲ့ အရာပေး ထားတဲ့ မုန့်ဗိုင်းတောင့်အပြားလေးတွေလည်း ရှိပါ တယ်။
ဖဲ့ထည့်ပြီး ပဲနဲ့လုပ်မယ်ဆိုရင်တော့ ပဲလွန်းကို ပြုတ်ပြီး မုန့်တစ်ဝက်နဲ့ ရောနယ်ရပါမယ်။ ပဲမုန့်ကိုတော့ အပြားပါးပါးလေးတွေလုပ်ပြီး ပေါင်းရပါမယ်။ ပေါင်းတဲ့အခါ အချပ်အပြားလေးတွေပါးလေ မြန်မြန်ကျက်လေမို့ အတတ်နိုင်ဆုံး အချပ်ပါးလေးတွေ လုပ်သင့်ပါတယ်။ မုန့်ကျက်ရင် ကတ်ကြေးလေးနဲ့ ပါးပါးလေးတွေ လုပ်သင့် ပါတယ်။ မုန့်ကျက်ရင် ကတ်ကြေးလေးနဲ့ ပါးပါးခပ်သေးသေးညှပ်ပြီး မုန့်ဗိုင်းတောင့်အဖြူနဲ့ရောကာ သုံးဆောင်နိုင်ကြပါတယ်။ တစ်မျိုးကတော့ အုန်းသီးဆံနဲ့ နှမ်းထောင်းအပြင် သကြားလေးပါထည့်ပြီး သုံးဆောင်ကြ ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို မိမိနှစ်သက်သလို စားသုံးနိုင်ကြပါတယ်။
ဒါ့အပြင် အုန်းသီးကို အုန်းနို့ရည်ပျစ်ပျစ်လေးညှစ်ပြီး အဲဒီအုန်းနို့ရည်ထဲမှာ မုန့်ဗိုင်းတောင့် အဖြူတောင့်နဲ့ အဖြူပြားလေးတွေစိမ်ကာ မုန့်ဗိုင်းတောင့် အုန်းနို့ဆမ်းဆိုပြီး နှစ်နှစ်သက်သက် စားသုံးလေ့ရှိကြပါတယ်။ မုန့်ဗိုင်းတောင့် အုန်းနို့ဆမ်းကတော့ အဆိမ့်အရသာအပြင် အချိုအရသာလေးပါကဲတာမို့ အချိုအဆိမ့်ကြိုက်သူများအတွက် ပိုပြီးအဆင်ပြေစေလှပါတယ်။ မုန့်ဗိုင်းတောင့် ဖတ်လေးတွေထဲကို အုန်းနို့ရည်အချိုဓာတ်တွေပါ စိမ့်ဝင်နေတာမို့ စားသုံးသူအများရဲ့လျာကို ထူးကဲတဲ့အရသာ ပေးစွမ်းနိုင်ပါတယ်။
မုန့်ဗိုင်းတောင့်ကိုတော့ လူကြီး၊ လူငယ်၊ လူလတ်ပါမကျန် လူတိုင်းလို နှစ်သက်ကြပါတယ်။ မုန့်ဗိုင်းတောင့်ကို နေ့လယ်နေ့ခင်း အဆာပြေရေနွေးကြမ်းနဲ့ မြည်းနိုင်သလို လက်ဖက်ရည်၊ ကော်ဖီ စတဲ့အချိုရည် များနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။
မုန့်ဗိုင်းတောင့်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ‘မိသားစုအာဟာရနဲ့ မြန်မာ့အစားအစာ’ စာအုပ်အလိုအရ မုန့်ဗိုင်းတောင့်စားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၃၂၂ ကီလိုကယ်လိုရီ၊ ပရိုတင်း ၆.၉ ဂရမ်နဲ့ ထုံးဓာတ် ၄၉ မီလီဂရမ် ပါဝင်တာ တွေ့ရပါတယ်။
ချစ်စွာသောစာရှုသူများရှင်-
ဒီလရဲ့ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာ မြန်မာ့ရိုးရာ စားစရာစစ်စစ်ဖြစ်တဲ့ မုန့်ဗိုင်းတောင့် ပြုလုပ်စားသုံးပုံများကို တင်ပြလိုက်ရပါတယ်။ စာရှုသူများ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
ဆန်းဆန်းဦး
(မြန်မာ့အသံ)