“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ကယားရိုးရာ စွယ်တော်ရွက်နှင့် ကြက်သားဟင်းလျာ

ချစ်စွာသော စာရှုသူများရှင်-

          ကျွန်မတို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း ၁၀ဝ ကျော် မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တာနဲ့အညီ လူမျိုးပေါင်း ၁၀ဝ ကျော်တို့ကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ရိုးရာအစားအစာ၊ ဓလေ့ထုံးတမ်းများနဲ့ အေးအေးချမ်းချမ်း၊ ကြည်ကြည်လင်လင်၊ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ နေထိုင်လျက်ရှိကြပါတယ်။

          ကျွန်မတို့ရဲ့ ညီနောင်နွယ်ဖွား တိုင်းရင်းသားများရဲ့ အစားအစာများထဲက ရှမ်းတိုင်းရင်းသားများရဲ့ ရိုးရာအစားအစာများဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မုန်ညင်းချဉ်၊ ဆီတိုဟူး၊ ပဲပုပ်၊ ခေါပုတ် အစရှိတဲ့ အစားအစာများ၊ ရခိုင်တိုင်းရင်းသားများရဲ့ ရခိုင်ရိုးရာ လက်ညှစ်မုန့်တီလို့ခေါ်တဲ့ ရခိုင်မုန့်တီ၊ ငါးသောက်ဆမ်း၊ ကြက်သောက်ဆမ်း စတဲ့အစားအစာများ၊ မွန်ရိုးရာ သင်္ကြန်ထမင်း၊ ကရင်ရိုးရာ တာလပေါဟင်း စတဲ့ အစားအစာများဟာ ရိုးရာ အစားအစာအနေနဲ့သာမက တစ်နိုင်ငံလုံးမှာရှိကြတဲ့ ညီနောင်သားချင်းများအားလုံး နှစ်သက်မြတ်နိုးစွာ စားသုံးနေကြတဲ့ စားစရာများအဖြစ် ထင်ရှားတာကို တွေ့ရပါတယ်။

          ဒါကြောင့် ဒီလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားများထဲက ကယားလူမျိုးများ မြတ်နိုးခုံမင်စွာ စားသုံးလေ့ ရှိကြတဲ့ ကယားရိုးရာစားစရာတစ်မျိုးဖြစ်တဲ့ “စွယ်တော်ရွက်နှင့် ကြက်သားဟင်း” ချက်ပြုတ်စားသုံးနည်းနှင့် အာဟာရတန်ဖိုးများအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။

          စွယ်တော်ရွက်ကို သူ့ချည်းသက်သက် ကြော်စားနိုင်သလို ကန်စွန်းရွက်၊ ဘူးရွက်၊ ဖရုံရွက်၊ ဆူးပုပ်ရွက် အစရှိတဲ့ ဟင်းရွက်စုံများနဲ့ ရောပြီးတော့လည်း ကြော်စားလေ့ ရှိကြပါတယ်။ စွယ်တော်ရွက်လို့ဆိုရာမှာတော့ စားကောင်းတဲ့ စွယ်တော်ရွက်နဲ့ မစားကောင်းတဲ့ စွယ်တော်ရွက်ဆိုပြီး (၂) မျိုးရှိပါတယ်။ စွယ်တော်ရွက်နုထွက်တဲ့အခါ အရွက်နဲ့ ရိုးတံကိုကြည့်လိုက်တဲ့အခါ အမွေးနုရှည်ပါတဲ့ စွယ်တော်ရွက်မျိုးကို မစားရပါဘူး။ အရွက်နဲ့ ရိုးတံပြောင်ချောနေတဲ့ စွယ်တော်ရွက်လေးတွေကိုသာ စားရတာဖြစ်ပါတယ်။

          စွယ်တော်ပန်းပွင့်တဲ့ စွယ်တော်ပင်က စိမ်းစိုနုထွတ်ပြီး ဆီဆမ်းထားသလို ပြောင်ချောနေတဲ့ စွယ်တော်ရွက်နုထွေးထွေးလေးတွေကို ရွေးခူးပြီး ကြက်သားနဲ့ ချက်စားကြတာဖြစ်ပါတယ်။ ကယားတိုင်းရင်းသားများ ခုံမင်စွာ စားသုံးလေ့ရှိကြတဲ့ စွယ်တော်ရွက်နဲ့ ကြက်သားဟင်းချက်မယ်ဆိုရင်တော့ ကြက်သားရင်ပုံသားတစ်ခြမ်း၊ စွယ်တော်ရွက်နုများ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဆီ သင့်ရုံလိုအပ်ပါတယ်။

          လိုအပ်တဲ့ အဆာများစုံပြီဆိုလျှင် ပထမဆုံး စွယ်တော်ရွက်နုနုလေးတွေကို ရေစင်အောင် ဆေးပြီး ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ ကြက်သားရင်ပုံသားတစ်ခြမ်းကိုလည်း ရေစင်အောင် ဆေး၍ အရိုးထွင်ပြီး အသားလွှာကာ ကြက်သားများကို ပါးပါးလေးတွေ လှီးထားရပါမယ်။ ပြီးလျှင် လှီးထားတဲ့ ကြက်သားများကို ဆား၊ နနွင်းနဲ့ နယ်ထားရပါမယ်။

          ကြက်သွန်အဖြူ/အနီကို အခွံနွှာပြီး ညက်နေအောင် ထောင်းထားရပါမယ်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကျက်တဲ့အခါ ထောင်းထားတဲ့ ကြက်သွန်အဖြူ/အနီတို့ကို ထည့်ပြီး ဆီမွှေးသတ်ရပါမယ်။ ဆီသတ်ထားတဲ့ ကြက်သွန်များ မွှေးနံ့ထွက်လာတဲ့အခါ အသင့်လှီးပြီး ဆား၊ နနွင်းနယ်ထားတဲ့ ကြက်သားများကို ထည့်ရပါမယ်။ ပြီးလျှင် အိုးအဖုံးကို ခဏအုပ်ထားရပါမယ်။ ကြက်သားများ နူးလောက်တဲ့ အနေအထားမှာ အသင့်ဆေးပြီး ရေစစ်ထားတဲ့ စွယ်တော်ရွက်လေးတွေကို ရောထည့်ရပါမယ်။ ကြက်သားနဲ့ စွယ်တော်ရွက်လေးတွေ နူးအိလာလျှင် အရသာရှိတဲ့ စွယ်တော်ရွက်နဲ့ ကြက်သားဟင်းကို ရရှိပြီဖြစ်ပါတယ်။

          ကယားတိုင်းရင်းသားများဟာ ယခုလို အရသာရှိရှိချက်ထားတဲ့ စွယ်တော်ရွက်နဲ့ ကြက်သားဟင်းကို သူ့ချည်းသက်သက် ထမင်းနဲ့တွဲပြီးစားသုံးလေ့ရှိကြသလို များသောအားဖြင့် ငါးခြောက်ဖုတ်ထောင်းနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။

          ငါးခြောက်ဖုတ်ထောင်းမည်ဆိုလျှင် ငါးရံ့ခြောက်၊ ငရုတ်သီးစိမ်း၊ ဂျူးမြစ်နဲ့ ဆား အနည်းငယ် လိုအပ်ပါတယ်။ ငါးခြောက်ထောင်းတဲ့အခါ ဆားပါပြီးသားမို့ ဆားကို အများကြီးမထည့်မိဖို့ သတိထားရမှာ ဖြစ်ပါတယ်။ ငါးခြောက်များ ညက်သွားတဲ့အခါ ငရုတ်သီးစိမ်းသင့်ရုံ၊ ဂျူးမြစ်စိမ်းစိမ်းနုနုလေးများကို ငါးခြောက်ဖုတ်ထောင်းထဲ ထည့်ပြီး ထောင်းရမှာ ဖြစ်ပါတယ်။ ဒီအခါမှာတော့ အရသာရှိလှတဲ့ ငါးခြောက်ဖုတ်ထောင်းကို ရရှိပြီမို့ စွယ်တော်ရွက်နှင့် ကြက်သားဟင်းနဲ့ တွဲဖက်သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          ကယားရိုးရာ စွယ်တော်ရွက်နဲ့ ကြက်သားဟင်း ချက်ပြုတ်စားသုံးနည်းအပြင် တွဲဖက်သုံးဆောင်လေ့ရှိတဲ့ ငါးခြောက်ဖုတ်ထောင်းပြုလုပ်စားသုံးနည်းကိုပါ ရေးသားတင်ပြခဲ့တာမို့ စာရှုသူ အိမ်ရှင်မများ စီမံချက်ပြုတ်စားသုံးလိုကြတယ်ဆိုရင်လည်း အလွယ်တကူ စီမံဖန်တီး စားသုံးနိုင်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။

          စွယ်တော်ရွက်နဲ့ ကြက်သားဟင်း၊ ငါးခြောက်ဖုတ်ထောင်းကို ကျွန်မတို့ရဲ့ သွေးချင်း ညီနောင်ရင်းများဖြစ်တဲ့ ကယားတိုင်း ရင်းသားများ မိသားစုဝိုင်းဖွဲ့ ပြီး ထမင်းပူပူ၊ ဟင်းပူပူနဲ့ မြိန်ယှက်စွာ စားသုံးလေ့ရှိကြတဲ့ မြတ်နိုးဖွယ်ရာ အစားအစာများအကြောင်းကို ချစ်စွာသော စာရှုသူများကို စိတ်ဝင်စားဖွယ်ရာ တင်ပြရခြင်း ဖြစ်ပါတယ်။

          ကယားပြည်နယ်က ဒေသထွက် ရိုးရာဟင်းများကို မိမိတို့ဒေသမှာရှိတဲ့ စွယ်တော် ရွက်နုထွေးထွေးလေးတွေနဲ့ ကြက်သားကို ရောချက်ပြီး အလွမ်းပြေ သုံးဆောင်ကြလို့လည်း ရပါတယ်။

          ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာစားစရာ စွယ်တော်ရွက်နဲ့ ကြက်သားဟင်းထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ စွယ်တော်ရွက်စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၄၇ ကီလိုကယ်လိုရီ၊ ပရိုတင်းဓာတ် ၃.၄ ဂရမ်အပြင် ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ထုံးဓာတ်များပါဝင်တာကို တွေ့ရပါတယ်။ ကြက်သားစားသုံးမှု ၁၀ဝ ဂရမ် မှာတော့ အင်အားဓာတ် ၉၉ ကီလိုကယ်လိုရီ၊ ပရိုတင်းဓာတ် ၁၈.၈ ဂရမ်၊ အဆီဓာတ် ၂.၇ ဂရမ်အပြင် ဗီတာမင်အေဓာတ်နဲ့ ထုံးဓာတ်များလည်း ပါဝင်တာကို တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

ယခုလမှာတော့ ကျွန်မတို့ရဲ့ ညီနောင်သားချင်းများဖြစ်တဲ့ ကယားတို့ဌာနေ ငွေတောင်ပြည်က ရိုးရာစားစရာ “စွယ်တော်ရွက်နှင့် ကြက်သား” ချက်ပြုတ်စားသုံးနည်းများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

ဆန်းဆန်းဦး(မြန်မာ့အသံ)

Facebook Comments

Menu