“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ပဲထမင်းနှင့် ပဲထောပတ်ထမင်း

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ဒီလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ စာရှုသူများ ခံတွင်းအပြောင်းအလဲလေးဖြစ်အောင် “ပဲထမင်းနှင့် ပဲထောပတ်ထမင်း” ချက်ပြုတ် သုံးဆောင်နည်းများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြထားပါတယ်။

          ပထမဆုံး ပဲထမင်းချက်ပြုတ်နည်းကို တင်ပြမှာဖြစ်ပါတယ်။ ပဲထမင်းကို ပဲမျိုးစုံပေါတဲ့ အညာဒေသတွေမှာ မြတ်နိုးခုံမင်စွာ စားသုံးလေ့ရှိကြပါတယ်။ ပဲထမင်းချက်မယ် ဆိုရင်တော့ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲလွမ်း၊ ပဲကတ္တီပါ၊ စွန်တာနီပဲ စသည့်ပဲများနဲ့ ကြိုက်ရာတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

စွန်တာနီပဲကို အသုံးပြုမယ်ဆိုရင်တော့-

၁။       စွန်တာနီပဲ  –  နို့ဆီဘူး ၂ ဘူး

၂။       ဆန်  –  ၄ ဘူး

၃။       ဆား  –  သင့်တော်ရုံ

၎။       နှမ်းဆီစစ်စစ်  –  အနည်းငယ် လိုအပ်ပါတယ်။

          ပထမဆုံး စွန်တာနီပဲကို လှော်ပြီး ကြိတ်ရပါမယ်။ အခွံတွေ ကြွပ်သွားရင် ပဲတွေ သန့်သွားအောင် အခွံတွေကို ဆန်ခါနဲ့ ပြာထုတ်ပစ်ရပါမယ်။ ဒီအခါမှာတော့ အခွံတွေ ကင်းစင်ပြီး သန့်ပြန့်နေတဲ့ စွန်တာနီပဲတွေကို ရရှိပြီဖြစ်ပါတယ်။ အဲဒီနောက် ဆန်ကို နှစ်ကြိမ်ထက်မများ ခပ်ဖွဖွလေးဆေးပြီး အိုးတစ်လုံးမှာ ထည့်ကာ ချက်ရပါမယ်။ အိုးပွက်ခါနီးမှာ စောစောက သန့်ထားတဲ့ စွန်တာနီပဲတွေနဲ့ ဆားသင့်ရုံကို ထည့်ပြီး မွှေပေးရပါမယ်။ ထမင်းရည်ငှဲ့လောက်တဲ့အချိန်မှာ ရေငှဲ့ပြီး နှပ်ရပါမယ်။ ခဏကြာလို့ အငွေ့တွေ တထောင်းထောင်းထွက်လာပြီဆိုရင်တော့ အနံ့သင်းသင်းလေးနဲ့ အာဟာရပြည့်ဝတဲ့ “အညာပဲထမင်း” ပူပူနွေးနွေးကို ရရှိပြီ ဖြစ်ပါတယ်။ ဒီပဲထမင်းပူပူနွေးနွေးကို ဆိမ့်ဆိမ့်လေး စားသုံးလေ့ရှိကြပါတယ်။

          တချို့ကတော့ “အင်း” ထဲက ရရှိတဲ့ ငါးလေးကြော်နဲ့ ပဲထမင်းကို တွဲဖက်စားသုံးကြပြီး တချို့ကတော့ ငါးပိရည်ကျိုကို နုပ်နုပ်စဉ်းပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ငရုတ်သီးစပ်စပ်ကြော်ထားတဲ့ “ငါးပိကြီးကြော်” နဲ့ တွဲဖက်ကာ ရေနွေးကြမ်း ပူပူလေး သောက်ပြီး စားသုံးလေ့ရှိကြပါတယ်။

          ပဲထမင်းကို ထမင်းရည်ငှဲ့မချက်ဘဲ ထမင်းရည်ခန်းချက်စားလို့လည်း ရပါတယ်။ ထမင်းရည်ခန်းချက်တဲ့နည်းကိုတော့ ကုလားပဲနဲ့ ပဲထမင်းချက်တဲ့နည်းကို တင်ပြမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အချိုးအစားကတော့ စွန်တာနီပဲနဲ့ချက်တဲ့ နှုန်းထားအတိုင်း-

၁။       ကုလားပဲ  –  နို့ဆီဘူး ၂ ဘူး

၂။       ဆန်  –  နို့ဆီဘူး ၄ ဘူး

၃။       ဆား  –  အနည်းငယ် လိုအပ်ပါတယ်။

          ပထမဆုံး ကုလားပဲတွေကို သဲ၊ ခဲတွေကင်းစင်အောင် ရွေးချယ်ပြီး ရေဆေးကာ နာရီဝက်လောက်ကြာအောင် ရေစိမ်ထားရပါမယ်။ ဆန်ကိုလည်း နှစ်ကြိမ်ထက်မများ ခပ်ဖွဖွလေးရေဆေးပြီး ကုလားပဲနဲ့အတူ ပဲထမင်းချက်မယ့်အိုးထဲ ထည့်ရပါမယ်။ ပဲစိမ်ထားတဲ့ရေကို အချိုးအတိုင်း ထည့်ပြီး ရေခန်းချက်ရင်တော့ ထမင်းလည်းနပ်၊ ပဲလည်းနူး၊ အရသာထူးလှတဲ့ “ပဲထမင်း” ကို ရရှိပြီ ဖြစ်ပါတယ်။ ကုလားပဲနဲ့ ရေခန်းချက်ထားတဲ့ “ပဲထမင်း” ဟာ နူးညံ့အိထွေးပြီး ဆိမ့်ဆိမ့်လေးနဲ့မို့ စားရတာအရသာရှိလှတဲ့အပြင် အာဟာရဓာတ်အနေနဲ့လည်း ကုံလုံကြွယ်ဝစွာ ပါဝင်နေတာတွေ့ရပါတယ်။

          ပဲထမင်းမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ်အလိုအရ ပဲထမင်းစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၁၇၆ ကီလိုကယ်လိုရီ၊ အဆီဓာတ် ၅.၃ ဂရမ်နဲ့ ပရိုတင်းဓာတ် ၃.၃ ဂရမ်ပါဝင်တာ တွေ့ရပါတယ်။

          အညာပဲထမင်းချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလို့ အပြီးမှာ “ပဲထောပတ်ထမင်း” ချက်ပြုတ်သုံးဆောင်ပုံများနဲ့ အာဟာရတန်ဖိုးများ အကြောင်းကို ဆက်လက်ပြီး ရေးသားတင်ပြမှာဖြစ်ပါတယ်။ ပဲထောပတ်ထမင်းချက်မယ်ဆိုရင်တော့ –

၁။       ဆန်  –  ၄ ဘူး

၂။       ပဲနီလေး  –  ၁၀ ကျပ်သား

၃။       ထောပတ်  –  ၇  ၁/၂ ကျပ်သား

၎။       ရေ  –  နို့ဆီဘူး ၅ ဘူး

၅။       သကြား  –  ထမင်းစားဇွန်း ၁ ဇွန်း

၆။       ဆား  –  အနည်းငယ်

၇။       ဆီ  –  ၂  ၁/၂ ကျပ်သား

၈။       ကရဝေးရွက်  –  ၄ ရွက်

၉။       သစ်ကြံပိုးခေါက်  –  ၁ ခေါက်

၁၀။     ကြက်သွန်နီ  –  ၄ ဥ လိုအပ်ပါတယ်။

          အဆာတွေအားလုံးစုံပြီဆိုရင်တော့ ပထမဆုံး ဆန်ကို ရေနှစ်ကြိမ်ထက်မများ ခပ်ဖွဖွလေးဆေးပြီး ရေစစ်ထားရပါမယ်။ ပဲနီလေးကိုလည်း ရေဆေးပြီး ရေစစ်ထားရပါမယ်။ ထမင်းချက်မယ့်အိုးထဲမှာ ထောပတ်ကို ကြက်သွန်နီ၊ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်တို့နဲ့အတူ ဆီသတ်ပြီး ဆန်တစ်ထပ်၊ ပဲနီလေးတစ်ထပ် ဖြူးထည့်ရပါမယ်။ ဆန်နဲ့ ပဲနီလေးကို တစ်ထပ်စီ၊ တစ်ထပ်စီ ဖြူးပြီးတဲ့အခါ သကြားနဲ့ဆားကိုပါ ဖြူးထည့်ပြီး ရေ နို့ဆီဘူး ၅ ဘူးကိုပါ ထည့်ကာ အိုးအဖုံးကိုပိတ်ပြီး ချက်နိုင်ပါတယ်။

          ထမင်းအိုးဆူတာနဲ့ အဖုံးကိုဖွင့်ပြီး အထက်အောက်လှန်ပေးကာ အလယ်မီးကို လျှော့လိုက်ရပါမယ်။ ဘေးပတ်လည်မီးထားပြီး အဖုံးကို ပြန်ပိတ်ထားရပါမယ်။ ရေခန်းစပြုလာရင် ယောက်မနဲ့ အထက်အောက် လှန်ပေးရပါမယ်။ ရေခန်းသွားရင်တော့ အောက်မီးကို နုတ်ပြီး အပေါ်မီးတင်ကာ နှပ်ထားရပါမယ်။ ခဏကြာလို့ အငွေ့တထောင်းထောင်း ထွက်လာပြီဆိုရင်တော့ ထောပတ်နံ့နဲ့ ပဲနီလေးပါ သင်းနေတဲ့ “ပဲထောပတ်ထမင်း” ကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။

          ပဲထောပတ်ထမင်းကို ကုလားပဲနဲ့ချက်လည်း ရပါတယ်။ ကုလားပဲနဲ့ချက်မယ်ဆိုရင်တော့ ကုလားပဲကို ရေဆေးပြီး ရေခန်းအောင် အရင်ပြုတ်ထားရမှာ ဖြစ်ပါတယ်။ ဆန်ကိုလည်း ဆေးပြီး ရေစစ်ထားရပါမယ်။ ပြီးတော့ ဆန်တစ်ထပ်၊ ကုလားပဲတစ်ထပ် ဖြူးထည့်၍ သကြား၊ ဆားနဲ့ ထောပတ်တို့ကိုပါ လောင်းထည့်ပြီး ထည့်ရပါမယ်။ ကရဝေး ရွက်၊ သစ်ကြံပိုးခေါက်နဲ့ ရေကိုပါ တစ်ခါတည်းထည့်ကာ အိုးအဖုံးကို ပိတ်ပြီး ပဲနီလေးနဲ့ ချက်တဲ့နည်းအတိုင်း ချက်နိုင်ပါတယ်။  ထောပတ်ကို ကြက်သွန်နီ၊ ကရဝေး၊ သစ်ကြံပိုးတို့နဲ့ ဆီသတ်ပြီးမှ ဆေးထားတဲ့ဆန်နဲ့ပြုတ်ထားတဲ့ ကုလားပဲကိုထည့်လည်း ရပါတယ်။

          ပဲနီလေးနဲ့ ကုလားပဲ ကြိုက်ရာသုံးပြီး ချက်ထားတဲ့ ပဲထောပတ်ထမင်းကိုတော့ အဆီအဆိမ့်ကြိုက်သူများက ပိုပြီးနှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ပဲထောပတ် ထမင်းထဲမှာ မုန်လာဥနီနဲ့ ပဲစိမ်းလုံးတို့ကိုလည်း ထည့်ပြီး ချက်လို့လည်းရပါတယ်။ မုန်လာဥနီကို လေးထောင့်အတုံးကလေးများ တုံးကာ ရေနွေးဆူဆူမှာ ရေနွေးဖြောပြီး ဆယ်ထားရပါမယ်။ ပဲစိမ်းလုံးကိုတော့ ရေနွေးဆူဆူမှာ ဆားနဲ့ ထောပတ် အနည်းငယ် ထည့်ပြီးတော့ အစိမ်းနံ့ပျောက်ရုံတည်ပြီး ဆယ်ယူကာ ရေအေးနဲ့ စိမ်ထားရပါမယ်။ ပဲထောပတ်ထမင်းချက်နည်းအတိုင်း ချက်ပြီး ရေခန်းစပြုလာတဲ့အချိန်မှာ မုန်လာဥနီနဲ့ ပဲစိမ်းလုံးလေးတွေ ဖြူးကာ နှံ့စပ်အောင် ခပ်ရွရွလေး အသာအယာမွှေပြီး အထက်မီးတင်ကာ နှပ်ရပါမယ်။ ဒီအခါမှာတော့ အနံ့အရသာ ပြည့်စုံကောင်းမွန်ရုံသာမက မျက်စိ ပသာဒဖြစ်စေတဲ့ သီးစုံထောပတ်ထမင်းကို ရရှိပြီဖြစ်ပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ပဲထောပတ်ထမင်းထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာများတွင် ပါဝင်သော အာဟာရဓာတ်များ” စာအုပ်အလိုအရ ပဲထောပတ် ထမင်း စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၂၁၆ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၃၆ ဂရမ်၊ ပရိုတင်းဓာတ် ၉ ဂရမ်နဲ့ အဆီဓာတ် ၄ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          အခုတစ်ပတ်မှာတော့ “ပဲထမင်းနှင့် ပဲထောပတ်ထမင်း” တို့ရဲ့ အာဟာရတန်ဖိုးများ  အကြောင်း ရေးသားတင်ပြရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို  ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

Facebook Comments

Menu