by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine
ချစ်စွာသော စာရှုသူများရှင်-
အခုလမှာတော့ ‘မြန်မာ့အစားအစာနှင့် အာဟာရ’ အခန်းမှာတော့ ‘ပဲပင်ပေါက်’ ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြမှာဖြစ်ပါတယ်။
ပဲပင်ပေါက်ကို ရာသီမရွေးဝယ်ယူရရှိပြီး အကုန်အကျလည်း သက်သာစေပါတယ်။ ဈေးများမှာ ပဲပင်ပေါက်တွေကို ပုံပြီးရောင်းချကြတာ အများအပြားတွေ့ မြင်နိုင်ပါတယ်။ ပဲပင်ပေါက်နဲ့ ပဲပြားကို ဟင်းအမည်တွဲဖြစ်တာမို့ အတူတွဲဖက်ပြီး ရောင်းလေ့ရှိကြပါတယ်။
ပဲပင်ပေါက်ဖြစ်လာရတာကတော့ ပဲနောက်၊ ပဲသီ၊ မတ်ပဲ စတဲ့ ပဲများကို အပင်ဖောက် ခြင်းအားဖြင့် ရရှိလာတာဖြစ်ပါတယ်။ ပဲပင်ပေါက်ဖောက်မယ်ဆိုရင်တော့ ပဲနောက်၊ ပဲသီ၊ မတ်ပဲ ကြိုက်ရာတစ်မျိုးမျိုးကို ရေစင်အောင်ဆေးပြီး တစ်ညရေစိမ်ထားရပါမယ်။ နောက် တစ်နေ့မနက်မှာ ပဲတွေ ပွလာပြီး အညှောင့်များ ထွက်စပြုလာပါလိမ့်မယ်။ အဲဒီအခါ ခြင်းကျားတစ်လုံးကို သန့်ရှင်းအောင်ဆေးကြောပြီး ကောက်ရိုး၊ အင်ဖက်၊ ဖွဲ ကြိုက်ရာ တစ်မျိုးမျိုးကို ခြင်းအောက်မှာ ခပ်ပါးပါး ခင်းရပါမယ်။ အဲဒီနောက် ရေစိမ်ပြီးသား ပဲတွေကို လောင်းထည့်၍ အပေါ်က ကောက်ရိုး (သို့) အင်ဖက်တွေခင်းပြီး အဲဒီအပေါ်ကနေ ရေကို မကြာမကြာ လောင်းပေးရပါမယ်။ သုံးရက်လောက် ကြာတဲ့အခါ ပဲစေ့လေးများက အညှောင့်များ ရှည်ထွက်လာပြီး ပဲပင်ပေါက်အဖြစ် ကူးပြောင်းလာပြီဖြစ်ပါတယ်။
ပဲပင်ပေါက်ကို ကြော်လို့တစ်မျိုး၊ ဟင်းချိုချက်လို့တစ်ဖုံ၊ လက်သုပ်စုံများထဲမှာ ထည့် လို့ တစ်နည်း၊ အချဉ်တည်ပြီး ချဉ်ပတ်စုံလုပ်လို့ တစ်မည်၊ သနပ်စုံလုပ်လို့ တစ်သွယ် ဥာဏ်ြွကယ်သလို စီမံပြုလုပ်ပြီး သုံးဆောင်နိုင်ကြပါတယ်။
ပဲပင်ပေါက်ကြော်စားမယ်ဆိုရင်တော့ ပဲပင်ပေါက်ကို ရေပေါပေါနဲ့ စင်အောင် ဆေး ပြီး ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ အချိန်ရလို့ ပဲပင်အမြီးလေးတွေ လက်နဲ့ဆိတ်နိုင်ရင် တော့ ပိုပြီးသန့်ရှင်းစေပါတယ်။ ကြက်သွန်ဖြူ/နီကို ဆီသတ်၊ မွှေးလာတဲ့အခါ ပဲပင်ပေါက် ကို ထည့်လို့ ဆား၊ အချိုမှုန့်နဲ့ ပဲငံပြာရည်လေး သင့်ရုံထည့်မွှေပြီး အိုးအဖုံးကို ခဏအုပ် ထားရပါမယ်။ ၂ မိနစ်လောက်ကြာတဲ့အခါ တရုတ်နံနံကို ဓားပြားရိုက်ထည့်ပြီး အိုးကို မီးဖို ပေါ်က ချကာ ပဲပင်ပေါက်ကြော် ပူပူနွေးနွေး မွှေးမွှေးလေးကို ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ကြပါတယ်။
ပဲပင်ပေါက်ကို အချိုမှုန့်၊ ဆားတို့နဲ့ သက်သတ်လွတ်ကြော်စားနိုင်သလို ဝက်သား၊ ပုစွန်စို၊ ပုစွန်ခြောက်၊ ကြက်သား၊ ကြက်အသည်းအမြစ်၊ ဘဲသွေး စတဲ့ ကြိုက်ရာ အသား တစ်မျိုးမျိုးနဲ့လည်း ကြော်စားနိုင်ပါတယ်။ ဝက်သား၊ ကြက်သားနဲ့ ကြော်မယ်ဆိုရင် အသားကို ပါးပါးလှီး၊ ဆား၊ အချိုမှုန့်နဲ့ နယ်ပြီး ဒယ်အိုးထဲမှာ အဖုံးအုပ်၊ နူးအောင်ပြုတ်ပြီးမှ သက်သတ်လွတ်ကြော်တဲ့နည်းအတိုင်း ကြက်သွန်ဖြူ/နီကို ဆီမွှေးသတ်၊ နူးအောင်ပြုတ် ထားတဲ့ အသားကိုပါ မွှေးပြီးရဲလာအောင် ဆီသတ်ပြီး ပဲပင်ပေါက်ကို ထည့်ရပါမယ်။ အိုးချ ခါနီးမှာ တရုတ်နံနံကို ဓားပြားရိုက်ထည့်ပြီး ကြော်ထားတဲ့ ပဲပင်ပေါက်ကြော် ပူပူနွေးနွေး တစ်ပွဲဟာ မြင်ရုံနဲ့တင် စားချင်စဖွယ်ကောင်းလောက်အောင် ဆွဲဆောင်နိုင်ပါတယ်။
ပုစွန်စို၊ ပုစွန်ခြောက်နဲ့ ကြော်မယ်ဆိုရင်တော့ ကြက်သွန်ဖြူ/နီ ဆီမွှေးသတ်ပြီး ရဲလာတာနဲ့ ပုစွန်စို၊ ပုစွန်ခြောက် ကြိုက်ရာတစ်မျိုးမျိုးကို ထည့်ပြီး အဆင်သင့်ဆေးထားတဲ့ ပဲပင်ပေါက်ကို ထည့်လို့ စောစောက အစီရင်ခံခဲ့တဲ့ နည်းများအတိုင်း ကြော်စားနိုင်ပါတယ်။
ပဲပင်ပေါက်နဲ့ တွဲဖက်အညီဆုံးကတော့ ပဲပြားဖြစ်ပါတယ်။ တချို့အိမ်ရှင်မများဟာ ပဲပင်ပေါက်ကို ပဲပြားနဲ့ကြော်စားမှ ရတယ်လို့ကို စွဲမှတ်ထားကြတဲ့အထိ ပဲပင်ပေါက်နဲ့ ပဲပြားဟာ လိုက်ဖက်ညီတဲ့ ဟင်းအမည်တွဲတစ်မျိုး ဖြစ်ပါတယ်။ ပဲပြားနဲ့ ကြော်မယ်ဆိုရင် ပဲပင်ပေါက်ကို အမြီးဆိတ်၊ ရေစင်အောင်ဆေးပြီး ဆန်ခါနဲ့ ရေစစ်ထားရပါမယ်။ ပဲပြားကို လည်း ရေစင်အောင်ဆေး၊ အလယ်က ဓားနဲ့လှီးပြီး ပဲပြားအတုံးကြီး ၂ တုံးကို အပေါ် အောက် ရဲလာအောင် ကြော်ရပါမယ်။ ကြော်ပြီးသား ပဲပြားအတုံးကြီးကို ဆယ်ပြီး ပါးပါးလှီး ထားရပါမယ်။ တချို့ကတော့ ပဲပြားကို မကြော်ခင် အနေတော် လှီးပြီးမှ ကြော်ကြပါတယ်။ အတုံးသေးတော့ ပဲပြားတွေ ကြေသွားတတ်တာမို့ အတုံးကြီးကြီးကို ကြော်ပြီးမှ လှီးတာက ပိုပြီး အဆင်ပြေစေပါတယ်။ ပဲပြားကြော်ပြီးမှ ကြက်သွန်ဖြူ/နီကို ဆီမွှေးသတ်၍ ပုစွန်ခြောက်မှုန့်ထည့်ပြီး စောစောက ကြော်ပြီးလှီးထားတဲ့ ပဲပြားနဲ့အတူ ပဲပင်ပေါက်ကိုပါ ထည့်ပြီးတော့ ကြော်ရပါမယ်။ ခဏအကြာမှာတော့ အရသာရှိပြီး နူးညံ့အိထွေးနေတဲ့ ပဲပင်ပေါက်နဲ့ ပဲပြားကြော်တစ်ပွဲကို ရရှိနိုင်ကြပါပြီ။
ပဲပင်ပေါက်ကို ပဲပြားနဲ့ ကြော်စားနိုင်သလို ဟင်းရွက်စုံနဲ့ရောပြီးတော့လည်း ကြော် ချက် ချက်စားနိုင်ကြပါတယ်။ ခေါက်ဆွဲကြော်အပြင် ကတ်ကြေးကိုက်လို့ခေါ်တဲ့ မလေးရှားခေါက်ဆွဲကြော်မှာလည်း ပဲပင်ပေါက်ကိုထည့်ပြီး ကြော်စားနိုင်ကြပါတယ်။ ပဲပင်ပေါက်ကို ပုစွန်၊ ဆန်နှစ်နဲ့ရောပြီး ပုစွန်ခွက်ကြော်လည်း ကြော်စားနိုင်ပါတယ်။ြွကပ်ြွကပ်ရွရွ ပုစွန်ခွက်ကြော်ကို အချဉ်ရည်နဲ့ ဒီအတိုင်း တို့စားနိုင်သလို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ ချဉ်ငန်စပ်သုပ်ပြီးတော့လည်း အရသာရှိရှိသုံးဆောင်နိုင်ကြပါတယ်။ ပုစွန်ခွက်ကြော်သုပ်ကို နေ့လယ်နေ့ခင်း အဆာပြေ ရေနွေးကြမ်းနဲ့ သရေစာအဖြစ် အမြတ်တနိုး စားသုံးနိုင်ကြပါတယ်။
တချို့မိခင်များကတော့ ကလေးများအာဟာရဖြစ်ထွန်းစေဖို့အတွက် ပဲပင်ပေါက်ကို ပြုတ်ပြီး ဂရုတစိုက် ကျွေးမွေးလေ့ရှိကြပါတယ်။ ဟင်းချို၊ ဟင်းခါးများမှာ ခတ်ပြီး ပဲပင် ပေါက်ဟင်းချိုအဖြစ် ငရုတ်ကောင်းပူပူလေးထည့်လို့ သောက်သုံးရင်လည်း အရသာရှိလှ ပါတယ်။ ကြက်သွန်ဖြူနိုင်နိုင်၊ ငရုတ်ကောင်းများများနဲ့ ချက်ထားတဲ့ ပဲပင်ပေါက် ဟင်းချို ကိုတော့ အသုပ်စုံများနဲ့ တွဲဖက်သုံးဆောင်လေ့ရှိပါတယ်။
ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်၊ အသုပ်စုံနဲ့ မြီးရှည်တို့မှာလည်း ပဲပင်ပေါက်ကို ရေနွေး ဖြောပြီး ထည့်စားနိုင်ပါတယ်။ အခုလို အမျိုးမျိုးအဖုံဖုံ စုံအောင်ပြုလုပ်စားသုံးနိုင်တဲ့ ပဲပင်ပေါက်ကို အချဉ်ခံပြီး ပဲတီချဉ်အဖြစ်နဲ့ပါ စုံအောင်စားသုံးနိုင်ပါတယ်။
ပဲတီချဉ်လုပ်မယ်ဆိုရင်တော့ ဆန်ဆေးရည်မှာ ဆားသင့်ရုံထည့်၊ ပဲပင်ပေါက်ကို ရေဆေးပြီး ဆန်ဆေးရည်မှာထည့်လို့ အဖုံးအုပ်ထားလိုက်ရင် ၃ ရက်လောက်ကြာတဲ့ အခါ ပဲတီချဉ်ကို ရရှိနိုင်ပါတယ်။ တချို့ကတော့ ဆန်ဆေးရည်အစား ဆားရည်သက် သက်မှာ ပဲပင်ပေါက်ကိုထည့်၊ အဖုံးအုပ်ပြီး အချဉ်ခံတယ်လို့ သိရပါတယ်။ မိမိတတ်ကျွမ်း နားလည်သလို အတွေ့အကြုံအရ ပြုလုပ်ထားတဲ့ ပဲတီချဉ်ကို ငါးပိရည်၊ တို့စရာအဖြစ် အလွယ်တကူ စားသုံးနိုင်ကြပါတယ်။
ပဲတီချဉ်ကို နှမ်း၊ ဆီချက်၊ ကြက်သွန်ကြော်နဲ့ ဆားလေးသင့်ရုံထည့်သုပ်ပြီး သနပ်စုံ လည်း လုပ်စားနိုင်ပါတယ်။ တချို့ကတော့ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် များထည့်ကာ ဆီချက်လောင်းပြီး ပဲတီချဉ်သုပ် လုပ်စားကြပါတယ်။ ပဲတီချဉ်ကို ဟင်းလျာ အဖြစ် ငါးနဲ့ရောပြီး ချက်မယ်ဆိုရင်တော့ ငါးရံ့ကို အကွင်းလိုက်လှီးပြီး နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ထားရပါမယ်။ ပြီးလျှင် ကြက်သွန်ဖြူ/နီ ငရုတ်သီးထောင်းပြီးသား အနှစ်များကို ဆီမွှေးသတ်ကာ စောစောက ဆားနယ်ထားတဲ့ ငါးများထည့်၍ ဆီပြန် အောင်ချက်ပြီး အဲဒီဟင်းထဲကိုမှ ပဲတီချဉ်ကို အုပ်ချက်ရပါမယ်။ အဲဒီ ]ပဲတီချဉ်} ဟင်းကို ငရုတ်သီးအညာထောင်း မွှေးမွှေးလေးနဲ့ တွဲဖက်သုံးဆောင်ရင်ဖြင့် ထိုင်ရာက မထနိုင် လောက်အောင် ခံတွင်းတွေ့ ကြမှာ အမှန်ပါပဲ။ တချို့ကတော့ ငါးအစား ကြက်သားနဲ့ ပဲတီချဉ်ကို အချဉ်ချက်စားကြပါတယ်။
အများအားဖြင့် ပဲပင်ပေါက်ကို မတ်ပဲ၊ ပဲသီး၊ ပဲနောက်တို့နဲ့သာ ဖောက်လေ့ရှိပေမယ့် အညာဒေသများမှာတော့ မြေပဲဆန်ကို အပင်ဖောက်ထားတဲ့ ‘မြေပဲပင်ပေါက်’ ကို အမြတ်တနိုး စားသုံးကြပါတယ်။ မြေပဲပင်ပေါက်ကိုလည်း များသောအားဖြင့် ကြော်စားကြ ပါတယ်။
ပဲပင်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ၅၇.၆ ဂရမ်နဲ့ ကယ်လ်
စီယမ် ၈၅ မီလီဂရမ် ပါဝင်ပါတယ်။
ချစ်စွာသော စာရှုသူများရှင်-
အခုလမှာတော့ အာဟာရဓာတ်များြွကယ်ဝလှတဲ့အပြင် တန်ဖိုးလည်း သက်သာ၊ ဈေးများမှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသုံးနိုင်တဲ့
‘ပဲပင်ပေါက်’ ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြရင်း ‘မြန်မာ့ရိုးရာအစားအစာ
နှင့် အာဟာရအခန်း’ ကို ရပ်နားလိုက်ရပါတယ်။
ဆန်းဆန်းဦး
(မြန်မာ့အသံ)