၁၂ မျိုးဟင်းချို (12 Items Soup)

by Chef Sunny for Food Magazine

ဒီလအတွက် ဖော်ပြပေးလိုတဲ့ ဟင်းလျာလေးတွေကတော့ အရည်သောက်ဟင်းချို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ဖော်ပြပေးလိုက်တဲ့ “၁၂ မျိုးဟင်းချို” လေးပါပဲဗျာ။ ၁၂ မျိုးဟင်းချိုဆိုတာ လူတိုင်းလည်း ကြားဖူးကြသလို အများစုလည်း ကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။ တရုတ်အစားအစာပြင်ဆင်နည်းကို အခြေခံပြီး ပြင်ဆင်ထားတဲ့ ဒီဟင်းချိုလေးကို အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်စုစုပေါင်း ၁၂ မျိုးပြည့်အောင် ထည့်ချက်ပေးရပါတယ်။ ဒါကြောင့် အဲဒီဟင်းချိုလေးရဲ့ ထူးခြားချက်က အာဟာရ အလွန် ပြည့်ဝစေတယ်လို့ ဆိုရမှာပါ။ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပြည့်စုံစွာပါဝင်နေတာကြောင့် ရိုးရှင်းပြီး အာဟာရတန်ဖိုးမြင့်မားစွာ ပါဝင်ပါတယ်။ ကဲ… ဟင်းချိုကြိုက်သူများအတွက်

“၁၂ မျိုး ဟင်းချို” လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

ရွှေပဲသီး –  ၃၀ ဂရမ်

မုန်လာဥနီ –  ၃၀ ဂရမ်

ပန်းဂေါ်ဖီ –  ၃၀ ဂရမ်

မုန်ညင်းဖြူ –  ၃၀ ဂရမ်

ခရမ်းချဉ်သီး –  ၅၀ ဂရမ်

ငရုတ်ပွစိမ်း –  ၃၀ ဂရမ်

ကောက်ရိုးမှို –  ၃၀  ဂရမ်

ကြက်သွန်နီ –  ၅၀ ဂရမ်

ပဲပြား –  ၅၀ ဂရမ်

ငုံးဥ –  ၅ လုံး

ငါးဖယ်လုံး –  ၃ လုံး

ကြက်ရင်အုံသား –  ၈၀ ဂရမ်

ကြက်သားမှုန့် –  ၃၀ ဂရမ်

ကြက်ပြုတ်ရည် –  ၁ လီတာ

ဆား –  ၅ ဂရမ်

ငရုတ်ကောင်းမှုန့်  –  ၃ ဂရမ်

ပဲငံပြာရည် (အငန်) –  ၁၅  မီလီလီတာ

ပြုလုပ်နည်း

၁။       အသီးအရွက်များအားလုံးကို လှီးဖြတ်ပြင်ဆင်ပြီး သန့်စင်ထားပါ။

၂။       ရေသန့် ၁ လီတာထဲ ကြက်သားမှုန့် ၃၀ ဂရမ် (၂ ဇွန်း) ခန့် ထည့်ကျိုပြီး ကြက်ပြုတ်ရည် ပြင်ဆင်ထားပါ။

၃။       ကြက်ပြုတ်ရည်ဆူလျှင် ကြက်ရင်အုံသား၊ ငါးဖယ်လုံး၊ ပဲပြားနှင့် ငုံးဥပြုတ်တို့ကို ထည့်ချက်ပါ။

၎။       ဟင်းချိုအရသာကို ဆား၊ ပဲငံပြာရည်တို့ဖြင့် ထိန်းညှိပြီး အသင့်သန့်စင်ထားသော အသီးအရွက်များ ထည့်ချက်ပါ။

၅။       အသီးအရွက်စုံနှင့် ကြက်သားကျက်လျှင် ငရုတ်ကောင်းမှုန့် အနည်းငယ်အုပ်ပြီး တရုတ်နံနံအုပ်၍ တည်ခင်းပါ။

Facebook Comments