
လွယ်ကူမြန်ဆန်ပြီး ထမင်းမြိန်စေတဲ့ ကြက်သားအချိုကြော်တစ်ပွဲပါ။ ဟင်းအတွက် ပြင်ဆင်ချိန်ကနေ အပြီးအထိမှ
မိနစ်၂ဝ ခန့်သာကြာမြင့်တာကြောင့် ရုံးတက်ရက်များအတွက် အလွန်သင့်တော်သော ဟင်းတစ်ပွဲလည်းဖြစ်ပါတယ်။
ချင်းနံ့မွှေးမွှေးနဲ့ အရသာအလွန်ရှိပါတယ်။ ဒီနည်းကို ကြက်သားနဲ့တင်မဟုတ်ဘဲ အမဲသားနဲ့လည်း ချက်စားနိုင်ပါတယ်။
► ပါဝင်ပစ္စည်းများ
♦ ကြက်ပေါင်သားအရိုးထုတ်ထားပြီးသား – တစ်ခု ( သေးသေးလှီးထားပါ)
♦ ခရုဆီ – စားပွဲဇွန်း ၁ ဇွန်းခွဲ
♦ ပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ကြက်သားမှုန့် – လက်ဖက်ရည် ၁ ဇွန်း
♦ ဆား – အနည်းငယ်
♦ ကြက်သွန်နီဥကြီး – တစ်ဥ (ပါးပါးလှီးထားပါ)
♦ ချင်း – တစ်လက်မခန့် (သေးသေးရှည်ရှည်လှီးထားပါ)
♦ ကြက်သွန်မြိတ် – အနည်းငယ်
► ပြုလုပ်နည်း
၁။ ကြက်သားများကို ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ဆား၊ ကြက်သားမှုန့်တို့နှင့် ၁ဝ မိနစ်ခန့်နှပ်ထားပါ။
၂။ ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ ကြက်သွန်နီ၊ ချင်းများ ထည့်ကြော်ပါ။
၃။ ကြက်သွန်နွမ်းစပြုလျှင် ကြက်သားများထည့်ကြော်ပါ။ ခရုဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အနောက် အနည်းငယ်ကို ထပ်ထည့်ပေးပါ။
၎။ ၃ မိနစ်ခန့်ကြော်ပြီးလျှင် ကြက်သွန်မြိတ်များဖြူးကာ မီးပိတ်လိုက်ပါ။
၅။ ထမင်းဖြူနှင့်သုံးဆောင်ရန် ကြက်အချိုကြော် အသင့်ဖြစ်ပါပြီ။