
by Evy’s Kitchen for Food Magazine
အလွန်အရသာကောင်းတဲ့ ထောပတ်ကိတ်တစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲဒီ ထောပတ်ကိတ်မှာ အရင် လုပ်နည်းတွေနဲ့ မတူတာကတော့ Almond Meal အမှုန့်ကို ထည့်သုံးထားတာပါ။ ဂျုံတစ်ဝက်နဲ့ Almond Meal တစ်ဝက် ရောထားတဲ့ မုန့်သားဟာ အလွန်ပဲ စားကောင်းပါတယ်။ ဒါ့အပြင် ကီဝီသီးတွေကို ထည့်သုံးထားတာကြောင့် အအီလည်း ပြေပါတယ်။ သုံးတဲ့အသီးကို သေချာမှည့်တဲ့အသီးကို သုံးမှ တအားမချဉ်ဘဲ အဆင်ပြေမှာပါ။
ထောပတ်ကိတ်မှာ နောက်ထပ် အရေးကြီးတာတစ်ခုက ထောပတ်အရည်အသွေးပါ။ အဆီပမာဏ ၈၀% ပါတဲ့ ထောပတ်ကို သုံးနိုင်ရင် ပိုပြီးကောင်းမွန်တဲ့ ထောပတ်ကိတ် ထွက်ပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မုန့်က ထောပတ် နံ့လေးမွှေးပြီး တော်တော်အရသာ ကောင်းမွန်ပါတယ်။
ယခုတော့ ပါဝင်ပစ္စည်းနဲ့ လုပ်နည်းတွေကြည့်ကြရအောင်။ မုန့်ဗန်းက သာမန် ထောပတ်ဗန်း ၈×၃ လက်မ ဗန်းကို သုံးနိုင်ပါတယ်။ မအိကတော့ ဗန်းပုံအသစ်တစ်မျိုးနဲ့ ပြောင်းလုပ်ထားတာပါ။
ပါဝင်ပစ္စည်းများ
ထောပတ် – ၁ဝဝ ဂရမ်
သကြား – ၉၀ ဂရမ်
ဂျုံ – ၆၅ ဂရမ်
Almond Meal – ၅၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ – ၃ လုံး
နွားနို့ – စားပွဲဇွန်း ၄ ဇွန်း
ကီဝီသီးအမှည့် – ၁ ၁/၂ လုံး (သေးသေးစိတ်ထားပါ)
ပြုလုပ်နည်း
၁။ မုန့်ဖုတ်မည့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။ (သို့) ဂျုံ အနည်းငယ် ဖြူးထားပါ။
၂။ ဂျုံ၊ ဘိတ်ကင်ပေါင်ဒါကို ဆန်ခါချထားပြီး Almond Meal ကို ရောမွှေထားပါ။
၃။ ဦးစွာ သကြားနှင့် ထောပတ်ကို ပွလာအောင် စက်နဲ့မွှေပါ။
၄။ ကြက်ဥကို တစ်လုံးချင်းစီထည့်ပြီး သမအောင် ထည့်မွှေပါ။
၅။ ဂျုံနှင့် နွားနို့ကို သကြားထောပတ်အရောထဲ ထည့်မွှေပါ။ ဂျုံတစ်လှည့်၊ နွားနို့တစ်လှည့် ထည့်မွှေပါ။
၆။ နောက်ဆုံးကျန်နေတဲ့ ဂျုံနဲ့ သစ်သီးကို ရောမွှေပြီးမှ မုန့်နှစ်ထဲ သမအောင် ရောမွှေပါ။
၇။ ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မည့်ခွက်ထဲထည့်ပြီး မျက်နှာပြင်ညှိပါ။
၈။ ၁၈၀ ဒီဂရီအပူပေးထားသော အာဗင်မှာ ၂၅ မိနစ်ခန့် ဖုတ်ပါ။
၉။ မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်အလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ် ကပ်မပါလာလျှင် ရပါပြီ။ လုံးဝ အေးသွားလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။